ဆောင်းပါးလေ့လာသုံးသပ်ချက်

ပြည်လုံးမကျွတ် သန်းခေါင်စာရင်းနှင့် စစ်ကောင်စီ၏ရွေးကောက်ပွဲ လားရာ – အပိုင်း (၂)

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း မြေပြင်ကွင်းဆင်းကောက်ယူမှု ရာခိုင်နှုန်းက စစ်ကောင်စီ နယ်မြေထိန်းချုပ်ထားနိုင်မှုမည်မျှရှိသည်ကို ပြသနေသည်။

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခဲ့သော ရည်ရွယ်ချက်များထဲ တစ်ချက်မှာ ရွေးကောက်ပွဲအတွက် အသက် ၁၈ နှစ်အထက် မဲစာရင်း တိကျစွာပြုစုရာတွင် အခြေခံရေး ဖြစ်သည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် မကြာခဏ ပြောဆိုခဲ့ဖူးပြီး၊ ထိုရွေးကောက်ပွဲ အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့က ၎င်း၏ အာဏာသက်တမ်းကို နောက်ထပ် ၆လ တိုးခဲ့သည်။

မဲစာရင်းဖောင်းပွမှု အကြောင်းပြ အာဏာသိမ်းခဲ့သော မင်းအောင်လှိုင်၏ ၂၀၂၄ သန်းခေါင်စာရင်းကိုအခြေခံ ပြုစုမည့် မဲစာရင်းနှင့် ရွေးကောက်ပွဲ လားရာကို “ရှေ့ပြေးလူဦးရေစာရင်း” က မည်ကဲ့သို့ ညွှန်ပြနေသည်ကြောင်း ဤဆောင်းပါး အပိုင်း (၂) တွင် ခွဲခြမ်းစိတ်ဖြာ သုံးသပ်တင်ပြသွားမည် ဖြစ်သည်။

ခေတ်သစ် ထန်းတက်ဆာဗေး နည်းပညာအကူအညီဖြင့် အဆောက်အဦခြေရာများ (Building Footprints) ကောက်ယူပြီး၊ ယခင်ရှိခဲ့ဖူးသော လူဦးရေစာရင်းနှင့် တိုက်ဆိုင်ညှိနှိုင်းလျက် ခန့်မှန်းလူဦးရေ ၁၉.၁ သန်းကျော် ရှိသည် ဟု ထုတ်ပြန်ခဲ့ခြင်းသည် ၂၀၂၄ ခုနှစ် “ပြည်လုံးမကျွတ်” သန်းခေါင်စာရင်း၏ အားအနည်းဆုံး၊ ပြဿနာ အရှိဆုံးအပိုင်း ဖြစ်ပါသည်။ 

ထိုအချက်ကို Google Map ဂြိုလ်တုဓာတ်ပုံများ ရယူပြီး၊ Mapflow AI ဆော့ဗ်ဝဲလ် အခမဲ့ဗားရှင်း (Free version) အသုံးချ၍ အဆောက်အဦအရေအတွက်ကို တွက်ချက်အခြေခံထားသော ခန့်မှန်းလူဦးရေ ၁၉.၁သန်း ကျော်၏ အချက်အလက်များ အများအပြားမှားယွင်းနိုင်ကြောင်း Mapflow AI ဆော့ဗ်ဝဲလ်ကုမ္ပဏီ Geoalert ၏ CEO Georgy Potapov  ဖြေကြားချက်ကို ဆောင်းပါး အပိုင်း (၁) တွင် တင်ပြခဲ့ပြီး ဖြစ်သည်။ 

ဤဆောင်းပါး အပိုင်း (၂) တွင် အဓိကထားလေ့လာမည်မှာ အဆိုပါ အမှားအယွင်းများနိုင်သော လူဦးရေ ၁၉.၁ သန်းထဲမှ အသက် (၁၈) နှစ်အထက် မဲပေးပိုင်ခွင့်ရှိသူစာရင်းကို မည်သို့မျှ တိကျစွာပြုစုနိုင်မည် မဟုတ်ကြောင်း၊ ထိုလူဦးရေပမာဏ နေထိုင်လျက်ရှိသော ပြည်နည်/တိုင်းများတွင် ရွေးကောက်ပွဲကျင်းပရန် အခက်အခဲများ နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရင်ဆိုင်နေရကြောင်း စသည်တို့ကို ဖော်ထုတ်တင်ပြရန် ဖြစ်သည်။    

ဤနေရာတွင် “ရှေ့ပြေးလူဦးရေစာရင်း” တွင် ဖော်ပြထားသော ကိန်းဂဏန်းများအပေါ် အခြေခံပြီး ခန့်မှန်း လူဦးရေ ၁၉.၁ သန်းကျော်ကို ဦးတည်ချက်ထားလျက် ပြည်နယ်/တိုင်းများကို အုပ်စုလိုက်ခွဲ၍ Myanmar Now က လေ့လာခဲ့ပါသည်။  

ပထမဦးစွာ ချင်း၊ ကရင်နီ၊ ရခိုင်ပြည်နယ်နှင် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူ ရေးအဖွဲ့များ မြေပြင်ကွင်းဆင်းနိုင်မှု ၁၅ ရာခိုင်နှုန်းခန့်သာရှိပြီး၊ ထိုဒေသများ၏ ခန့်မှန်းလူဦးရေစာရင်းမှာ ပျှမ်းမျှ ၈၆.၇၂ ရာခိုင်နှုန်းအထိ လွန်စွာမြင့်မားနေကြောင်း ရှေ့ပြေးလူဦးရေစာရင်း အစီရင်ခံစာတွင် ဖော်ပြထား သော အောက်ပါကိန်းဂဏန်းများအရ လေ့လာတွေ့ရှိရသည်။ 

ချင်းပြည်နယ် ၉ မြို့နယ်ရှိသည့်အနက် စစ်ကောင်စီသည် တီးတိန်၊ ဖလမ်းနှင့် ဟားခါး ၃မြို့နယ်ရှိ လူဦးရေ စာရင်းကို တစ်စိတ်တစ်ပိုင်း ကောက်ယူနိုင်ခဲ့ပြီး၊ ကျန် ၆မြို့နယ်တွင် မြေပြင်ကွင်းဆင်းနိုင်ခြင်း လုံးဝမရှိခဲ့ပါ။ ပြည်နယ်လူဦးရေ စုစုပေါင်း၏ ၉၂.၁၆% ကို ခန့်မှန်းတွက်ချက်ထားကြောင်း တွေ့ရှိရသည်။ တစ်စိတ်တစ်ပိုင်း ကောက်ယူနိုင်ခဲ့သော ၃မြို့တွင် တီးတိန်၊ ဖလမ်းနှင့် ဟားခါး မြို့နယ်လူဦးရေ၏ ၆.၅%၊ ၉.၁% နှင့် ၃၉.၆% အသီးသီး ကောက်ယူနိုင်ခဲ့ကြောင်း တွေ့ရှိရသည်။  

သန်းခေါင်စာရင်းကို မြေပြင်ကွင်းဆင်းကောက်ယူမှု ၁၅ ရာခိုင်နှုန်းခန့်သာ လုပ်နိုင်ခဲ့သော ဒေသများ

 ရင်းမြစ်။ ။ ၂၀၂၄ ခုနှစ် ရှေ့ပြေးလူဦးရေ စာရင်း  

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ချင်းပြည်နယ်တစ်ခုလုံး၏ လူဦးရေ ၄၇၈,၈၀၁ ဦး ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ၃၇၃,၀၂၄ဦး ရှိသည်ဟု ဖော်ပြထားရာ၊ လူဦးရေ ၁၀၅,၇၇၇ ဦး လျော့နည်းပျောက်ဆုံးနေပါသည်။ တဖန် မြို့နယ်အဆင့် လူဦးရေကို စစ်ကောင်စီ တစ်စိတ်တစ်ပိုင်း ကွင်းဆင်းကောက်ယူနိုင်ခဲ့သော ၃မြို့နယ်၏ ၂၀၁၄ ခုနှစ် နှင့် ၂၀၂၄ ခုနှစ် စာရင်းများ နှိုင်းယှဥ်ကြည့်သည့်အခါ တီးတိန် မြို့နယ်လူဦးရေ ၄၉,၇၃၂ ဦးနှင့် ဖလမ်း မြို့နယ်လူဦးရေ ၂၁,၉၅၆ ဦး အသီးသီး လျော့နည်းပျောက်ဆုံးနေပြီး၊ ဟားခါးမြို့နယ်လူဦးရေ ၁၄,၇၇၁ ဦး ပိုများ နေခြင်းတို့ကို လေ့လာတွေ့ရှိရသည်။   

ထို့ကြောင့် ချင်းပြည်နယ် တစ်ခုလုံးတွင် မြေပြင်ကွင်းဆင်းကောက်ယူမှုကို အမည်ခံမျှသာ ပြုလုပ်နိုင်ခဲ့သော ထိုမြို့နယ် ၃ခု အပါအဝင် ပြည်နယ်လူဦးရေကို Mapflow AI နည်းပညာသုံး တွက်ချက်ထုတ်ယူခဲ့နိုင်ပြီး၊ ပုံမှန် မဟုတ်သော လူဦးရေကိန်းဂဏန်းများ ဖြစ်နေကြောင်း ဖော်ထုတ်တွေ့ရှိရသည်။ 

ထို့ကြောင့် ချင်းပြည်နယ် လူဦးရေ ကိန်းဂဏန်းများသည် ယုံကြည်ထိုက်မှု လွန်စွာနည်းကြောင်း၊ ယင်းအချက် သည် အဆိုပါ Mapflow AI နည်းပညာ ကုမ္ပဏီ Geoalert CEO Georgy Potapov ထောက်ပြခဲ့သော အမှား အယွင်း အများအပြားပါနိုင်သည်ဆိုသည့် ထောက်ပြချက်ကို ထင်ဟပ်နေကြောင်း တွေ့ရှိရသည်။  

ကရင်နီပြည်နယ် ခေါ် ကယားပြည်နယ် – ၇ မြို့နယ်ရှိသည့်အနက် မယ်စဲ့နှင့် ရှားတောမြိုနယ်တို့တွင် လုံးဝ ကွင်းဆင်းကောက်ယူနိုင်ခြင်း မရှိပါ။ ကျန် ၅မြို့နယ်ထဲတွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်မှုမှာ ဒီးမော့ဆို၊ ဖာဆောင်း၊ ဖရူဆို မြို့နယ် လူဦးရေများ၏ ၁.၁% ၊ ၁.၂% နှင့် ၂.၂၃% အသီးသီး  ကောက်ယူနိုင်ခဲ့သည်။ ဘော်လခဲ နှင့် လွိုင်ကော် မြို့နယ်လူဦးရေတို့၏ ၁၅.၇% နှင့် ၂၉.၄၆% ကို ကွင်းဆင်းကောက် ယူနိုင်ခဲ့သည်။ 

ထို့ကြောင့် ကရင်နီပြည်နယ်တစ်ခုလုံးတွင် မြေပြင်ကွင်းဆင်းနိုင်မှု အခြေအနေသည် မြို့တော်လွိုင်ကော်တွင်သာ သုံးပုံတစ်ပုံခန့် အများဆုံး လုပ်ဆောင်နိုင်သည်၊ ကျန်မြိုနယ်များတွင် အမည်ခံမျှသာ ကွင်းဆင်းနိုင်ခဲ့သည်ကို တွေ့ရသည်။ လူဦးရေကိန်းဂဏန်း အပြောင်းအလဲအနေဖြင့် ပြည်နယ်တစ်ခုလုံး၏ လူဦးရေသည် ၂၀၁၄ ခုနှစ်တွင် ၂၈၆,၇၂၇ ဦးရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ၂၉၆,၉၀၃ ဦးရှိသည်ဟု ဖော်ပြထားရာ ၁၀,၁၇၆ ဦး ပိုများလာ ကြောင်း တွေ့ရှိရပြီး၊ မြို့နယ်အဆင့် လူဦးရေပမာဏ အပြောင်းအလဲ များများစားစား မတွေ့ရှိရပါ။

ရခိုင်ပြည်နယ် – ၁၇ မြို့နယ်ရှိသည့်အနက် အပြည့်အဝ ကွင်းဆင်း ကောက်ယူနိုင်ခဲ့သည်မှာ မာန်အောင်ကျွန်း တစ်ခုသာ ဖြစ်သည်။ လုံးဝကွင်းဆင်းကောက်ယူနိုင်ခဲ့ခြင်း မရှိသည်မှာ ၁၂ မြို့နယ် ရှိသည်။ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်းမြို့နယ် တို့တွင် တစ်စိတ်တစ်ပိုင်းသာ ကွင်းဆင်းကောက်ယူနိုင်ခဲ့ပြီး၊ စစ်တွေမှလွှဲလျှင် ကျန်မြို့များတွင် အမည်ခံမျှသာ ကောက်ယူနိုင်သည်ကို တွေ့ရှိရသည်။ တောင်ကုတ်နှင့် အမ်းမြို့နယ်တို့သည် ယခုအခါ အာရက္ခတပ်တော် (AA) ၏ သိမ်းပိုက် ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီ ဖြစ်သည်။  

ရခိုင်ပြည်နယ်လူဦးရေကိန်းဂဏန်းများတွင် ထူးခြားချက်မှာ စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေနှင့် ကျောက်ဖြူမြို့နယ်များ၏ လူဦးရေ ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ စစ်တွေ မြို့နယ်တွင် ၁၄၇,၈၉၉ ဦးရှိရာမှ ၂၀၂၄ ခုနှစ်စာရင်းတွင် ၂၇၅,၀၅၇ ဦးဟု ဖော်ပြထားရာ ၁၂၇,၁၅၈ ဦး များပြား လာပြီး၊ ကျောက်ဖြူမြို့နယ်တွင် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ၁၆၅,၃၅၂ ဦးရှိရာမှ ၂၀၂၄ ခုနှစ်စာရင်းတွင် ၉၂,၂၇၆ ဦးဟု ဖော်ပြထားရာ ၇၃,၀၇၆ ဦး လျော့နည်းပျောက်ဆုံးသွားသည်ကို တွေ့ရှိရသည်။ 

စစ်တွေမြို့နယ်လူဦးရေ များပြားလာရခြင်းမှာ ပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ မြို့နယ်တို့မှ စစ်ဘေး ရှောင်ပြည်သူများ ရောက်ရှိလာခြင်းကြောင့် ဖြစ်နိုင်သော်လည်း၊ ကျောက်ဖြူမြို့နယ်တွင် လူဦးရေ ၄၄ ရာခိုင် နှုန်းကျော် ကျဆင်းသွားခြင်းမှာ ပုံမှန်မဟုတ်ကြောင်း လေ့လာတွေ့ရှိရသည်။ ယင်းဖြစ်စဉ်သည် ချင်းပြည်နယ် မှ တီးတိန်နှင့် ဖလမ်းမြို့ ဖြစ်စဉ်များနှင့် တူညီနေသည်။ 

ရခိုင်ပြည်နယ်တစ်ခုလုံးအနေ ဖြင့် လူဦးရေသည် ၂၀၁၄ ခုနှစ်စာရင်းတွင် ၂.၁ သန်းခန့် ရှိခဲ့ရာမှာ ၂၀၂၄ ခုနှစ် စာရင်းတွင် ၂.၅ သန်းဟု ဖော်ပြထားရာ လူဦးရေ ၄သိန်းခန့် များပြားလာကြောင်း တွေ့ရှိရပြန်သည်။ ယင်းသည် ချင်းနှင့် ကရင်နီပြည်နယ်များ၏ လူဦးရေ ပြောင်းလဲမှုနှင့် ကွာခြားလျက်ရှိသလို၊ တစ်နိုင်ငံလုံး လူဦးရေတွင် ကျဆင်းသည်ဟု အစီရင်ခံစာက ဆိုထားသော်လည်း ရခိုင်ပြည်နယ်တွင် ၄သိန်း တိုးပွားခဲ့ခြင်းကို ပုံမှန်မဟုတ် သော ဖြစ်စဉ်အဖြစ် တွေ့ရှိရသည်။ 

စစ်ကိုင်းတိုင်း – ၃၇ မြို့နယ်ရှိသည့်အနက် အပြည့်အဝ ကွင်းဆင်းကောက်ယူနိုင်သည်မှာ ၃မြို့နယ်သာရှိပြီး၊ ၎င်းတို့မှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်တို့ ဖြစ်သည်။ လုံးဝ ကွင်းဆင်းနိုင်ခြင်းမရှိသော ၁၁ မြို့နယ်မှာ ထီးချိုင့်၊ အင်းတော်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ကနီ၊ ပုလဲ၊ ဒီပဲယင်း၊ တန့်ဆည်၊ ခင်ဦးနှင့် ဝက်လက်မြို့နယ်တို့ ဖြစ်ပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အင်အား ကောင်းသော မြို့နယ်များဖြစ်သည်။ 

တစ်စိတ်တစ်ပိုင်းသာ ကွင်းဆင်းကောက်ယူနိုင်သော ၂၃ မြို့နယ်တွင် အမည်ခံကောက်ယူခဲ့သော ၁၁ မြို့နယ်မှာ ဆားလင်းကြီး၊ ယင်းမာပင်၊ မြင်းမူ၊ ဘုတလင်၊ ဗန်းမောက်၊ အရာတော်၊ မင်းကင်း၊ ဝန်းသို၊ ရွှေဘို၊ ရေဦး နှင့် ကသာ တို့ဖြစ်ပြီး၊ ထိုမြို့နယ်များ လူဦးရေ၏ ၀.၇%၊ ၀.၉%၊ ၂.၂%၊ ၂.၆%၊ ၄.၉%၊ ၅.၂%၊ ၅.၉၇%၊ ၆.၄%၊ ၆.၉%၊ ၈.၁% နှင့် ၉.၇% စသဖြင့် ၁၀ရာခိုင်နှုန်းအောက်သာ ကောက်ယူနိုင်ခဲ့သည်။ မြို့နယ်လူဦးရေ၏ ၂၀% အောက်သာ ကောက်ယူနိုင်ခဲ့သော ၇ မြို့နယ်မှာ ဖောင်းပြင်၊ ကလေးဝ၊ ကန့်ဘလူ၊ ချောင်းဦး၊ ကလေး၊ မော်လိုက်နှင့် စစ်ကိုင်း တို့ဖြစ်ပြီး ၁၀.၉%၊ ၁၂.၇%၊ ၁၄.၅%၊ ၁၆.၃%၊ ၁၈.၂%၊ ၁၈.၅% နှင့် ၂၀% အသီးသီး ကောက်ယူနိုင်ခဲ့သည်။ 

ခြုံငုံသုံးသပ်ရလျှင် လက်နက်ကိုင်တော်လှန်ရေး အားကောင်းသော ချင်း၊ ကရင်နီ၊ ရခိုင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းတို့ရှိ မြို့နယ် ၇၀ တွင် ၂၀၂၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းကောက်ယူမှု မအောင်မြင်ခဲ့ကြောင်း တွေ့ရှိ ရပြီး၊ ထိုလူဦးရေစာရင်းကို အခြေခံမည့် မဲစာရင်းကိုလည်း ကောက်ယူနိုင်မည် မဟုတ်သဖြင့်၊ ရွေးကောက်ပွဲ ကျင်းပနိုင်လိမ့်မည်မဟုတ်ကြောင်း လေ့လာတွေ့ရှိရသည်။      

မြေပြင်ကွင်းဆင်းနိုင်မှု ၅၀ ရာခိုင်နှုန်းအောက်ရှိ ပြည်နယ်/တိုင်းများ

သန်းခေါင်စာရင်းကို မြေပြင်ကွင်းဆင်းကောက်ယူနိုင်မှု ၅၀ ရာခိုင်နှုန်းအောက်သာရှိသည့် ပြည်နယ်/တိုင်း ၃ခု ရှိကြောင်း ရှေ့ပြေးလူဦးရေစာရင်း ကိန်းဂဏန်းများကို လေ့လာချက်အရ တွေ့ရှိရပြီး၊ ၎င်းတို့မှာ မကွေးတိုင်း၊ ကချင်နှင့် ရှမ်း ပြည်နယ်တို့ ဖြစ်သည်။ 

ကချင်ပြည်နယ် – ၁၈ မြို့နယ်တွင် ပြည်နယ်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ် တစ်ခုတည်းတွင်သာ မြေပြင်ကွင်းဆင်း ကောက်ယူမှု အပြည့်အဝ ရှိခဲ့သည်။ တစ်စိတ်တစ်ပိုင်းသာ ကွင်းဆင်းနိုင်ခဲ့သော ၁၂ မြို့နယ်တွင် ချီဗွေမြို့နယ်သည် ယခုအခါ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီး ဖြစ်သည်။ ထို့အပြင် ဗန်းမော်မြို့နယ်၏ နယ်မြေအများစုမှာလည်း KIA ထိန်းချုပ်မှုအောက် ရောက်နေပြီး၊ KIA ၏ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေသော စစ်တပ်၏ နောက်ဆုံးခံစစ် စခန်းများ ခြေမှုန်းခံလိုက်ရပါက စစ်ကောင်စီသည် ဗန်းမော်မြို့ကိုပါ လက်လွှတ်ရမည်ဖြစ်သည်။  

လုံးဝကွင်းဆင်းနိုင်ခြင်းမရှိသော ၆ မြို့နယ်မှာ KIA ထိန်းချုပ်မှုအောက် ရောက်ရှိနေသော ဆွမ်ပရာဘွမ်၊ ဆော့လော၊ အင်ဂျန်းယန်၊ မန်စီ၊ မိုးမောက်တို့ ဖြစ်သည်။ စစ်ကောင်စီသည် မြို့တော်မြစ်ကြီးနား၊ ပြည်နယ်မြောက်ဖျားပိုင်းမှ ပူတာအို၊ မချမ်းဘောနှင့် နောင်မွန်း၊ ပြည်နယ် တောင်ပိုင်းမှ  မိုးကောင်း စသည့် ၅မြို့နယ်တို့တွင် မြေပြင်ကွင်းဆင်းကောက်ယူမှုကို ၇၅ နှင့် ၉၅ ရာခိုင်နှုန်းအကြား ကောက်ယူနိုင်ခဲ့သည်ဟု ဆိုထားသဖြင့် ထိုမြို့နယ်များတွင် စိုးမိုးထိန်းချုပ်မှု အားကောင်းဆဲဟု ယူဆနိုင်သည်။  

သို့သော် ရွှေကူမြိုနယ်လူဦးရေ၏ ၇% ခန့်သာ အမည်ခံ ကောက်ယူနိုင်ခဲ့ပြီး၊ တနိုင်းနှင့် ဝိုင်းမော်နှင့် မိုးညှင်း မြို့နယ် လူဦးရေ၏ ၂၇%၊ ၃၁% နှင့် ၃၇% အသီးသီး ကောက်ယူနိုင်ခဲ့သည်။ ခြုံ၍သုံးသပ်ရလျှင် KIA ဦးဆောင်သော တော်လှန်ရေးအင်အားစုသည် ကချင်ပြည်နယ်၏ နယ်မြေ ၅၀% ခန့်ကို ထိန်းချုပ်စိုးမိုးထားပြီဟု သုံးသပ်တွေ့ရှိရပါသည်။ 

သန်းခေါင်စာရင်းကို မြေပြင်ကွင်းဆင်းကောက်ယူမှု ၄၅ ရာခိုင်နှုန်းခန့်သာ လုပ်နိုင်ခဲ့သော ဒေသများ

ရင်းမြစ်။   ။ ၂၀၂၄ ခုနှစ် ရှေ့ပြေးလူဦးရေ စာရင်း  

ရှမ်းပြည်နယ် – ၅၅ မြို့နယ်ရှိပြီး မြန်မာနိုင်ငံတွင် နယ်မြေအကျယ်ဝန်းဆုံး ပြည်နယ်ဖြစ်သည်။ “၁၀၂၇ စစ်ဆင်ရေး” လှိုင်း နှစ်လှိုင်းနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်မှုအောက် ရောက်ရှိသွားသော ပြည်နယ်မြောက်ပိုင်း ၁၆ မြို့နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၃မြို့နယ် အပါအဝင် စုစုပေါင်း မြို့နယ် ၂၀ တွင် သန်းခေါင်စာရင်းအတွက် မြေပြင်ကွင်းဆင်းကောက်ယူမှုများ လုံးဝ မလုပ်နိုင်ခဲ့ပါ။ သို့သော် ပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း ၁၆ မြို့နယ်တို့တွင် အပြည့်အဝ ကွင်းဆင်းကောက်ယူနိုင်ခဲ့သည်။ 

တစ်စိတ်တစ်ပိုင်း ကွင်းဆင်းကောက်ယူနိုင်ခဲ့သော ၁၉ မြိုနယ်ရှိသည်။ ၎င်းတို့ထဲမှ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) နယ်မြေထဲမှ မက်မန်းနှင့် မိုင်းမော မြို့နယ်များ၊ မိုင်းလားအဖွဲ့ NDAA ထိန်းချုပ်ထားသော မိုင်းလား မြို့၊ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း UWSA နှင့် ရှမ်းပြည်တပ်မတော် (SSA-N) တို့၏ ထိန်းချုပ်မှု အောက်ရောက်သွားသော တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တို့တွင် လူဦးရေစာရင်းကောက်ယူ နိုင်သော်လည်း၊ ထို ၅မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ပါ။ ကျန် ၁၄ မြို့နယ်တွင် အများစုသည် ၅၀% နှင့် ၇၅% အကြား ကွင်းဆင်းကောက်ယူနိုင်ခဲ့သည်။ ပြည်နယ်တစ်ခုလုံး အတိုင်းအတာနှင့် မြေပြင်ကွင်းဆင်း ကောက်ယူနိုင်မှုမှာ ၄၅ ရာခိုင်နှုန်းခန့်သာ ရှိသည်။

မကွေးတိုင်း – ၂၅ မြို့နယ်ရှိသည့်အနက် အပြည့်အဝ မြေပြင်ကွင်းဆင်းနိုင်သော ၇ မြို့နယ်မှာ တောင်တွင်းကြီး၊ မကွေး၊ မြို့သစ်၊ ပွင့်ဖြူ၊ မင်းဘူး၊ ကံမ နှင့် မင်းလှမြို့နယ်တို့ ဖြစ်သည်။ နယ်မြေ တစ်စိတ်တစ်ပိုင်း ကွင်းဆင်း ကောက်ယူနိုင်သော ၁၇ မြို့နယ်ထဲမှ တော်လှန်ရေးအင်အားစု အားကောင်းသော မြိုင်၊ ထီးလင်း၊ ပေါက်၊ ရေစကြို၊ ဂန့်ဂေါနှင့် ဆိပ်ဖြူမြို့နယ်တို့တွင် ၀.၄%၊ ၂.၃%၊ ၂.၈%၊ ၇.၃% နှင့် ၉.၄% ၁၁.၉% အသီးသီး အမည်ခံ မျှသာ ကောက်ယူနိုင်ခဲ့သည်။ 

လူဦးရေ၏ ၅၀ရာခိုင်နှုန်းအောက်သာ ကွင်းဆင်းကောက်ယူနိုင်သော ၇မြို့နယ်မှာ မင်းတုန်း၊ စလင်း၊ ပခုက္ကူ၊ ရေနံချောင်း၊ နတ်မောက်၊ ဆင်ပေါင်ဝဲနှင့် ချောက် တို့ဖြစ်ပြီး ၂၈.၃%၊ ၃၀.၅%၊ ၃၀.၈%၊ ၃၅.၉%၊ ၃၈.၈%၊ ၄၇.၆% နှင့် ၄၇.၈% အသီးသီး စာရင်းကောက်ယူနိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ ဆောမြို့နယ် တစ်ခုတည်းသာ လုံးဝ မြေပြင်ကွင်းဆင်းနိုင်ခြင်း မရှိခဲ့ပါ။ 

ခြုံငုံသုံးသပ်ရလျှင် ကချင်ပြည်နယ်တွင် လက်ရှိကာလ KIA ဦးဆောင်သည့် PDF တပ်များ၏ လက်နက်ကိုင် တော်လှန်ရေး အလွန်အားကောင်းလာခြင်းကြောင့် စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ပြည်နယ်မြောက်ဖျားပိုင်း မြို့နယ်များသို့ လမ်းပန်းဆက်သွယ်ရေးသည် ယခင်ကထက် ပိုမိုခက်ခဲသွားပြီဖြစ်သည်။ လက်ရှိအခြေအနေ အတိုင်း KIA ၏ ထိုးစစ်များ ဆက်လက်ရှိနေပါက ပြည်နယ်မြောက်ဖျားပိုင်းမှ မြို့နယ်များ အနှေးနှင့်အမြန် စစ်ကောင်စီ လက်လွှတ်ရဖွယ်ရှိနေပါသည်။

ရှမ်းပြည်နယ်နှင့် မကွေးတိုင်းတို့တွင် အပြည့်အဝ မြေပြင်ကွင်းဆင်းကောက်ယူနိုင်သော မြို့နယ်များအပြင်၊ နယ်မြေ တစ်စိတ်တစ်ပိုင်း ကွင်းဆင်းနိုင်သော မြို့နယ်များတွင် ကွင်းဆင်းကောက်ယူနိုင်မှု ရာခိုင်နှုန်းများသည့် အတွက် ပျှမ်းမျှမြို့နယ်အရေအတွက် ၅၀ ရာခိုင်နှုန်း အနည်းငယ်ကျော်၍ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိသည်ကို တွေ့ရှိရသည်။  

ကြိုးတန်းပေါ် လမ်းလျှောက်နေကြသော ပြည်နယ်နှင့်တိုင်း ၂ခု အခြေအနေ

၂၀၂၄ ခုနှစ် ရှေ့ပြေးလူဦးရေစာရင်း အစီရင်ခံစာတွင် ဖော်ပြထားသော သန်းခေါင်စာရင်းကောက်ယူနိုင်မှု အခြေအနေအရ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း တို့၏ အခြေအနေသည် ကြိုးတန်းပေါ် လမ်းလျှောက် နေကြသော အခြေအနေဟု ဆိုချင်ပါသည်။ အကြောင်းမှာ ထိုဒေသနှစ်ခုတွင် စစ်ကောင်စီတပ်နှင့် အင်အားကြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သော တော်လှန်ရေးအင်အားစုအကြား မြေပြင်တွင် စစ်ရေး အရ တစ်ဖက်ဖက် ပြတ်ပြတ်သားသား အသာစီးရထားခြင်းမျိုး မရှိပါ။ ထို့အတူ သန်းခေါင်စာရင်း ကောက်ယူမှု တွင်လည်း၊ မြို့နယ်အားလုံးတွင် အပြည့်အဝကွင်းဆင်းနိုင်ခြင်းမရှိသလို၊ လုံးဝကွင်းဆင်းနိုင်ခြင်းလဲ မရှိပါ။

ကရင်ပြည်နယ် – ၇မြို့နယ်တွင် ကရင်လက်နက်ကိုင်အဖွဲ့များအကြား စစ်ကောင်စီနှင့်ပူးပေါင်းသော အဖွဲ့များ ထိန်းချုပ်ဒေသနှင့် တော်လှန်တိုက်ခိုက်နေသော အဖွဲ့များထိန်းချုပ်ဒေသ ဟူ၍ ရှိနေရာ ထိုအခြေအနေပေါ်မူတည်၍ မြေပြင်ကွင်းဆင်း ကောက်ယူနိုင်မှု ရာခိုင်နှုန်း ကွဲပြားခြားနားသည်ကို တွေ့ရှိရသည်။ 

သန်းခေါင်စာရင်းကို မြေပြင်ကွင်းဆင်းကောက်ယူမှု ၅၅ ရာခိုင်နှုန်းခန့်သာ လုပ်နိုင်ခဲ့သော ဒေသများ

ရင်းမြစ်။   ။ ၂၀၂၄ ခုနှစ် ရှေ့ပြေးလူဦးရေ စာရင်း  

KNU ဦးဆောင်သော တော်လှန်ရေးတပ်များ အင်အားကောင်းသည့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၆.၈%၊ ဖာပွန်မြို့နယ်တွင် ၁၃.၇%၊ သံတောင်ကြီးမြို့နယ်တွင် ၂၁.၇% နှင့် ကော့ကရိတ်မြို့နယ်တွင် ၃၁% အသီးသီး   ကောက်ယူနိုင်ခဲ့သည်။ ထိုမြို့နယ်များတွင် စစ်ကောင်စီ ထိန်းချုပ်နိုင်မှုနည်းပါသည်ကို လူဦးရေ စာရင်းကောက်ယူနိုင်မှု အခြေအနေက ဖော်ပြနေပါသည်။ 

သို့သော် စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF နှင့် DKBA တပ်ဖွဲ့များ အများဆုံး ထိန်းချုပ်ထားသော လှိုင်းဘွဲ့မြို့နယ်တွင် ၈၅.၉%၊ ဖားအံမြို့နယ်တွင် ၇၃% နှင့် မြဝတီမြို့နယ်တွင် ၆၄.၁%  ကောက်ယူနိုင်ခဲ့သည်။ ခြုံ၍ကြည့်လျှင် ကရင်ပြည်နယ်တစ်ခုလုံး၏ ၅၂% ခန့်တွင်  ကွင်းဆင်းကောက်ယူနိုင်ခဲ့သည်။ 

တနင်္သာရီတိုင်း – ၁၀မြို့နယ်တွင် မြေပြင်ကွင်းဆင်း သန်းခေါင်စာရင်း ကောက်ယူနိုင်မှု အပြည့်အဝနီးပါး လုပ် ဆောင်နိုင်ခဲ့သော မြို့နယ် ၃ခု မှာ၊ ကော့သောင်း၊ မြိတ်၊ကျွန်းစုမြို့နယ်လူဦးရေများ၏ ၉၉.၇%၊ ၉၉.၅% နှင့် ၉၆.၇% တို့ဖြစ်သည်။ ဘုတ်ပြင်းနှင့် ထားဝယ်မြို့နယ်တွင် လူဦးရေ၏ ၄၁.၄% နှင့် ၅၆.၄% အသီးသီး ကောက်ယူနိုင်ခဲ့သည်။

လက်နက်ကိုင်တော်လှန်ရေး အထိုက်အလျောက်အားကောင်းသော လောင်းလုံ၊ သရက်ချောင်း၊ ပုလော၊ တနင်္သာရီနှင့် ရေဖြူ စသည့် ၅မြို့နယ်တွင် လူဦးရေစာရင်းကို ၆.၃%၊ ၁၉.၃%၊ ၁၉.၈%၊ ၂၃.၅% နှင့် ၃၄.၃% အသီးသီး ကောက်ယူနိုင်ခဲ့သည်။ ခြုံ၍သုံးသပ်ရလျှင် မည်သည့်ဘက်ကမျှ အသာစီးရမနေသော အဆိုပါ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်း ၁၇ မြို့နယ်တွင် စစ်ကောင်စီ ခိုင်ခိုင်မာမာ ထိန်းချုပ်စိုးမိုးထားနိုင်မှု အနည်းဆုံး ၆ မြို့နယ် ရှိကြောင်း တွေ့ရှိရသည်။  

စစ်ကောင်စီ စိုးမိုးထိန်းချုပ်မှု အားကောင်းဆဲ ပြည်နယ်/တိုင်းများ 

မန္တလေးတိုင်း – ၂၈ မြို့နယ်ရှိပြီး မြန်မာနိုင်ငံ၏ အလယ်ဗဟိုတွင်တည်ရှိလျက် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း စသည့် ပြည်နယ်/တိုင်းများနှင့် ထိစပ်နေသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း က စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” နှင့် ကချင်ပြည်နယ်မှ “၀၃၀၇ စစ်ဆင်ရေး” တို့သည် မန္တလေးတိုင်း နယ်စပ်အထိ ရောက်ရှိလာပြီး၊ တိုင်းအတွင်းရှိ မြို့နယ်တချို့ကို သိမ်းပိုက်ထားနိုင်သည့် အခြေအနေဖြစ်သည်။ 

စစ်ကောင်စီ စိုးမိုးထိန်းချုပ်မှု အားကောင်းဆဲ ပြည်နယ်/တိုင်းများ 

မန္တလေးတိုင်း – ၂၈ မြို့နယ်ရှိပြီး မြန်မာနိုင်ငံ၏ အလယ်ဗဟိုတွင်တည်ရှိလျက် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း စသည့် ပြည်နယ်/တိုင်းများနှင့် ထိစပ်နေသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း က စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” နှင့် ကချင်ပြည်နယ်မှ “၀၃၀၇ စစ်ဆင်ရေး” တို့သည် မန္တလေးတိုင်း နယ်စပ်အထိ ရောက်ရှိလာပြီး၊ တိုင်းအတွင်းရှိ မြို့နယ်တချို့ကို သိမ်းပိုက်ထားနိုင်သည့် အခြေအနေဖြစ်သည်။ 

တော်လှန်ရေးအင်အားစု တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားနိုင်သော တောင်သာ၊ မတ္တရာနှင့် ငါန်းဇွန်မြို့နယ် တို့တွင် လူဦးရေစာရင်းကို ၅% ၊ ၆.၃% နှင့် ၇.၂% ခန့် အမည်ခံမျှ ကောက်ယူနိုင်ခဲ့သည်။ ထို့အပြင် တော်လှန်ရေးအားကောင်းသော မြင်းခြံ နှင့် တံတားဦးမြို့နယ်များတွင် လူဦးရေစာရင်း ၃၀.၆% နှင့် ၄၃% ကွင်းဆင်း ကောက်ယူနိုင်ခဲ့သည်။ 

တစ်စိတ်တစ်ပိုင်း ကောက်ယူခဲ့သော မြို့နယ်များထဲတွင် တိုက်ပွဲဖြစ်ပွားရာဒေသများနှင့် ဆက် စပ်နေသော မြို့နယ်များဖြစ်သည့် ပုသိမ်ကြီးနှင့် ပြင်ဦးလွင်မြို့နယ်များတွင် ၉၂% နှင့် ၈၅%၊ တိုက်ပွဲဖြစ်ပွား ခြင်းမရှိသော်လည်း နယ်မြေမတည်ငြိမ်မှုအနည်းငယ်ရှိသော ညောင်ဦးနှင့် ကျောက်ပန်းတောင်း မြို့နယ်များ တွင် ၉၉.၄% နှင့် ၈၁.၆% အသီးသီးကောက်ယူနိုင်ခဲ့သည်။ 

သန်းခေါင်စာရင်းကို မြေပြင်ကွင်းဆင်းကောက်ယူမှု ၇၅ ရာခိုင်နှုန်းကျော် လုပ်နိုင်ခဲ့သော ဒေသများ

ရင်းမြစ်။   ။ ၂၀၂၄ ခုနှစ် ရှေ့ပြေးလူဦးရေ စာရင်း  

သို့သော် တိုင်းအတွင်းရှိ စစ်ကောင်စီ ကောင်းစွာထိန်းချုပ်ထားဆဲ ၁၅ မြို့နယ်တွင် လူဦးရေသန်းခေါင်စာရင်းကို အပြည့်အဝ မြေပြင်ကွင်းဆင်းကောက်ယူနိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ ထိုမြို့နယ်များမှာ အမရပူရ၊ အောင်မြေသာဇံ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ မလှိုင်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ မန္တလေးမြို့ပေါ် ၄မြို့ နယ်ဖြစ်သော ချမ်းမြသာစည်၊ ချမ်းအေးသာဇံ၊ ပြည်ကြီးတံခွန် နှင့် မဟာအောင်မြေတို့ဖြစ်သည်။ 

ခြုံငုံသုံးသပ်ကြည့်လျှင် မန္တလေးတိုင်း ၂၈ မြို့နယ်ရှိသည့်အနက် ၉ မြို့နယ်တွင် လက်နက်ကိုင်တော်လှန်ရေး အားကောင်းနေပြီး၊ ၁၉ မြို့နယ်တွင် စစ်ကောင်စီ ထိန်းချုပ်မှုအားကောင်းလျက်ရှိသည်။  

မွန်ပြည်နယ် – ၁၀ မြို့နယ်တွင်  မကောက်ယူနိုင်သော မြို့နယ် မရှိပါ။ ၎င်းတို့ထဲမှ အပြည့်အဝ မြေပြင်ကွင်းဆင်းကောက် ယူနိုင်ခဲ့သော ၄ မြို့နယ်မှာ ပြည်နယ်မြို့တော် မော်လမြိုင်၊ မုဒုံ၊ ပေါင်၊ ဘီလူးကျွန်း ပေါ်ရှိ ချောင်းဆုံမြို့နယ်တို့ဖြစ်သည်။

KNU ဦးဆောင်သော PDF တပ်များ၏ ထိန်းချုပ်နယ်မြေများရှိပြီး၊ တိုက်ပွဲ မကြာခဏ ဖြစ်ပွားတတ်သည့် ကျိုက်ထို၊ ဘီးလင်း၊ ကျိုက်မရောနှင့် ရေးမြို့နယ်တို့တွင်  ၃၆% ၊ ၄၅% ၊ ၄၆.၉% နှင့် ၅၇% အသီးသီး ကောက်ယူနိုင်ခဲ့ကြောင်း တွေ့ရှိရသည်။  တစ်စိတ်တစ်ပိုင်း မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သော မြို့နယ်များအနက် သံဖြူဇရပ်နှင့် သထုံမြို့နယ်များတွင် ၉၀.၈% နှင့် ၇၀.၅% အထိ ကောက် ယူနိုင်ခဲ့သည်။ 

မွန်ပြည်နယ်အခြေအနေကို ခြုံငုံသုံးသပ်ကြည့်လျှင် တော်လှန်ရေးအင်အားစု အားကောင်းသော ၄မြို့နယ် နှင့် စစ်ကောင်စီထိန်းချုပ်မှု အားကောင်းသော ၆မြို့နယ်ရှိကြောင်း လေ့လာတွေ့ရှိရသည်။  

ပဲခူးတိုင်း – ၂၈ မြို့နယ်တွင် လူဦးရေသန်းခေါင်စာရင်း မကောက်ယူနိုင်သော မြို့နယ်မရှိပါ။ ၁၉ မြို့နယ်တွင် အပြည့်အဝ မြေပြင်ကွင်းဆင်းကောက် ယူနိုင်ပြီး  ၉ မြို့နယ်တွင် တစ်စိတ်တစ်ပိုင်းသာ ကောက်ယူနိုင်ကြောင်း တွေ့ရှိရသည်။ အဆိုပါ ၁၉ မြို့နယ်မှာ ဒိုက်ဦး၊ အုတ်တွင်း၊ ဇီးကုန်း၊ နတ်တလင်း၊ သဲကုန်း၊ ကဝ၊ ပဲခူး၊ ဝေါ၊ သနပ်ပင်၊ ပေါက်ခေါင်း၊ ပန်းတောင်၊ ပြည်၊ ရွှေတောင်၊ ကြို့ပင်ကောက်၊ မိုးညို၊ မင်းလှ၊ လက်ပံတန်း၊ သာယာဝတီ၊ အုတ်ဖိုတို့ဖြစ်သည်။ 

တစ်စိတ်တစ်ပိုင်း  ကောက်ယူနိုင်သော ၉ မြို့နယ်များအနက်  KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှု များပြားပြီး လက်နက်ကိုင်တော်လှန်ရေး အားကောင်းသော ကျောက်ကြီး၊ ရွှေကျင်၊ ထန်းတပင်နှင့် ဖြူးမြို့နယ်များတွင် ၇.၈%၊ ၃၇.၁%၊ ၄၄.၇% နှင့် ၄၇.၂% သို့မဟုတ် လူဦးရေ၏ ထက်ဝက်အောက်သာ ကောက်ယူနိုင်ခဲ့သည်။ သို့သော် ညောင်လေးပင်၊ ကျောက်တံခါး၊ တောင်ငူ၊ ရေတာရှည်နှင့် ပေါင်းတည်မြို့နယ်များတွင် ၆၀.၄%၊ ၇၃.၃%၊ ၈၉.၃%၊ ၉၅% နှင့် ၉၈.၃% အထိ ကောက်ယူနိုင်ခဲ့ကြောင်း တွေ့ရှိရသည်။

ပဲခူးတိုင်း ၂၈ မြို့နယ်အခြေအနေကို ခြုံငုံသုံးသပ်ရလျှင် အထက်ပါ ၁၉ မြို့ နယ်နှင့် ၆၀%အထက် ကောက်ယူနိုင်သော ၅ မြို့နယ်တို့ကို စစ်ကောင်စီထိန်းချုပ်စိုးမိုးမှု အပြည့်အဝရှိသော မြို့နယ်များအဖြစ် တွေ့ရှိရသည်။  

စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်စိုးမိုးထားနိုင်သော တိုင်းများ

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းကို အိမ်တိုင်ရာရောက် မြေပြင်ကွင်းဆင်းကောက်ယူ နိုင်မှု အပြည့်အဝ ပြုလုပ်နိုင်သည်မှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် နေပြည်တော်နယ်မြေတို့သာ ရှိသည်။ ရန်ကုန်တိုင်း ၄၅ မြို့နယ်၊ ဧရာဝတီတိုင်း ၂၆ မြို့နယ်နှင့် နေပြည်တော် ၈ မြို့နယ် စုစုပေါင်း ၇၉ မြို့နယ်ရှိသည်။  

သန်းခေါင်စာရင်းကို မြေပြင်ကွင်းဆင်းကောက်ယူမှု ၁၀၀ ရာခိုင်နှုန်း လုပ်နိုင်သော ဒေသများ

ရင်းမြစ်။   ။ ၂၀၂၄ ခုနှစ် ရှေ့ပြေးလူဦးရေ စာရင်း  

သို့ရာတွင် ရန်ကုန်တိုင်း ၄၅ မြို့နယ်၏ လူဦးရေသည် လွန်ခဲ့သော ၁၀နှစ်က ကောက်ယူခဲ့သည့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းထက် ၉,၃၀၇ဦးသာ တိုးပွားလာပြီး၊ ဧရာဝတီတိုင်း၏လူဦးရေသည် ၆၈၃,၅၄၈ဦး လျော့နည်း ပျောက်ဆုံးနေကြောင်း လေ့လာတွေ့ရှိရသဖြင့် ပုံမှန်မဟုတ်သော ကိန်းဂဏန်း ဖြစ်နေသည်။ နေပြည်တော် ၈မြို့နယ်၏ လူဦးရေမှာ လွန်ခဲ့သော ၁၀နှစ်အတွင်း ၃သောင်းကျော်သာ တိုးပွားကြောင်း ဖော်ပြထားသည်။

“ရှေ့ပြေးလူဦးရေစာရင်း” ကို မြေပြင်ကွင်းဆင်းကောက်ယူနိုင်မှု အခြေအနေအရ စစ်ကောင်စီ ကျင်းပရန်စီစဉ် နေသော ရွေးကောက်ပွဲသည် နေပြည်တော်၊ ရန်ကုန်နှင့် ဧရာဝတီ ၇၉ မြို့နယ်တွင် ပေါ်ပေါက်လာဖွယ်ရှိသည်။      

သန်းခေါင်စာရင်းက ပြောသော စစ်ကောင်စီ၏ ရွေးကောက်ပွဲ လားရာ

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က စစ်ကောင်စီ ထုတ်ပြန်ခဲ့သော ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း၏ “ရှေ့ပြေး လူဦးရေစာရင်း” အစီရင်ခံစာသည် ရုတ်တရက်ကြည့်လျှင် ကိန်းဂဏန်းများကိုသာ မြင်ရပေလိမ့်မည်။ သို့သော် ထိုအစီရင်ခံစာတွင် အရေးကြီးသောသတင်းစကားများ အများအပြားပါဝင်နေကြောင်း၊ အထက်တွင် ဖော်ထုတ် သုံးသပ်ပြသခဲ့သော ပြည်နယ်/တိုင်းအလိုက် သန်းခေါင်စာရင်းကို မြေပြင်ကွင်းဆင်း ကောက်ယူမှုအခြေအနေ များက သက်သေပြနေပါသည်။

“ရှေ့ပြေး လူဦးရေစာရင်း” အစီရင်ခံစာသည် စစ်ကောင်စီ၏ အာဏာစက် အခြေအနေမှန်ကို တရားဝင် ဝန်ခံ လိုက်သော ရှားပါးသက်သေအထောက်အထားဖြစ်လာခဲ့ပြီ ဖြစ်သည်။ လူဦးရေသန်းခေါင်စာရင်းကို တိကျစွာ ရရှိနိုင်ရန် အစဉ်အဆက် အိမ်ပေါက်စေ့ လူအင်အားသုံး ကောက်ယူခဲ့ကြပါသည်။ သို့တိုင်အောင် စာရင်း မကောက်ယူနိုင်သော ဒေသများ ကျန်ရှိတတ်ပြီး၊ ထိုဒေသများရှိ လူဦးရေကို ခန့်မှန်းလူဦးရေစာရင်းအဖြစ် ဖော်ပြလေ့ ရှိပါသည်။ 

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်ခြင်းမရှိ၍ ခန့်မှန်းလူဦးရေစာရင်း ထည့်သွင်းရာတွင် လူဦးရေ ၁သန်း စွန်းစွန်းမျှသာ ရှိပါသည်။ သို့သော် စစ်ကောင်စီ၏ ၂၀၂၄ ခုနှစ် သန်းခေါင် စာရင်းတွင် မြေပြင်ကွင်းဆင်းကောက်ယူနိုင်ခြင်းမရှိသော လူဦးရေမှာ ၁၉.၁သန်းကျော် အလွန်အကျွံ များပြား နေခြင်းကို အမှတ်တမဲ့ သဘောမထားသင့်ပါ။ ထိုကိန်းဂဏန်းက ယနေ့ မြန်မာနိုင်ငံတွင် ပေါ်ပေါက်နေသော စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တော်လှန်ရေး လားရာကို ညွှန်ပြနေသလို၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကြိုးပမ်းနေသော စစ်ကျွန်ပြုရေး ရွေးကောက်ပွဲ လားရာကိုပါ ညွှန်ပြနေပါသည်။ 

အမျိုးသားဒီမိုကရေစီအစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ၃၁၅ မြို့နယ်တွင် ကျင်းပခဲ့ ခြင်းကို စစ်ဗိုလ်ချုပ်များ ဦးစီးကျင်းပခဲ့သော ၂၀၁၀နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများနှင့် နှိုင်းယှဥ်လျှင် မြို့နယ် အနည်းဆုံးဖြစ်နေ၍ ရှုံချခဲ့ပြီး၊ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး “အကြားအလပ်” မရှိ ကျင်းပမည်ဟု ယခင်က စိတ်ကူးယဥ် ကြွေးကြော်ခဲ့သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယခုအခါ ထိုစိတ်ကူးကို စွန့်လွှတ်လိုက် ပုံရသည်။ ၎င်းအစား ကျင်းပနိုင်သော နေရာများတွင် အပိုင်းလိုက်ခွဲ၍ ကျင်းပမည်ဟု ပြင်ဆင်ပြောဆိုလာ ပါသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရွေးကောက်ပွဲကို ၎င်း၏ နိုင်ငံရေး ထွက်ပေါက် အဖြစ် ကြိုးပမ်းလျက်ရှိ သော်လည်း၊ လက်ရှိ ရင်ဆိုင်နေရသော အခြေအနေမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးပင် အကျပ်အတည်းတွေ့ နေပြီ ဖြစ်သည်။

ထို့ကြောင့် ဤဆောင်းပါး၏ နိဂုံးပိုင်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၂၀၂၅ ခုနှစ်တွင် ကျင်းပမည်ဟု ကမ္ဘာသိပြောဆိုထားသော ရွေးကောက်ပွဲသည် လက်ရှိ ပြည်တွင်းစစ် အခြေအနေအရ ဖြစ်နိုင်ခြေရှိမရှိ၊ အကယ်၍ ရွေးကောက်ပွဲကို အပိုင်းခွဲ၍ ကျင်းပခဲ့မည်ဆိုလျှင် မည်သည့် ပြည်နယ်နှင့် တိုင်းတို့တွင် ဖြစ်နိုင် မဖြစ်နိုင်၊ ရွေးကောက်ပွဲကို မဖြစ်မနေ အပိုင်းခွဲ၍ ကျင်းပခဲ့လျှင် ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာမည့် နိုင်ငံရေး အခြေအနေများကို ကြိုတင်မျှော်မှန်းကြည့်နိုင်ရန် လိုအပ်ပါသည်။

ထို့ကြောင့် အောက်ပါဇယားတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြေ အလားအလာကို ပြည်နယ်နှင့် တိုင်း အလိုက် မြိုနယ်အုပ်စု ၃စုခွဲ၍ ကြိုးပမ်းတင်ပြထားပါသည်။  

သန်းခေါင်စာရင်းကောက်ယူနိုင်မှုအခြေအနေက ပြသနေသော စစ်ကောင်စီ ရွေးကောက်ပွဲ လားရာ

လက်ရှိအခြေအနေတွင် ရွေးကောက်ပွဲကို ၁၇၀ မြို့နယ် (မြို့နယ်အားလုံး၏ ၅၁.၅ ရာခိုင်နှုန်း) တွင် ကျင်းပနိုင်ခြေရှိသည်ကို တွေ့ရှိရပါသည်။ အကြောင်းမှာ ထိုမြို့နယ်များတွင် စစ်ကောင်စီသည် လုံခြုံရေးအရ စိုးမိုးထား နိုင်ကြောင်း ရှေ့ပြေးလူဦးရေစာရင်း အစီရင်ခံစာက ပြသနေ၍ ဖြစ်သည်။

စစ်ကောင်စီ လုံးဝ လက်လွှတ်ဆုံးရှုံးထားရသော ၆၂ မြို့နယ်နှင့် တော်လှန်ရေးအင်အားစု အများဆုံး စိုးမိုး ထိန်းချုပ်ထားသော ၅၃ မြို့နယ်၊ စုစုပေါင်း ၁၁၅ မြို့နယ် (မြို့နယ်အားလုံး၏ ၃၅% ခန့်) တွင် ရွေးကောက်ပွဲ လုံးဝ ကျင်းပနိုင်မည် မဟုတ်ပါ။ မြို့နယ်အတွင်းရှိ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအောက်သာ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်သော ၄၆ မြို့နယ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား နှစ်ဖက် လွန်ဆွဲနေသော အခြေအနေဖြစ်၍ ရွေးကောက်ပွဲကျင်းပရန် မသေချာပါ။ 

စစ်ကောင်စီ စီစဉ်နေသော ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်၍ ပြည်နယ်နှင့် တိုင်းအဆင့် လွှတ်တော်များ၏ ရွေးကောက်ပွဲများလည်း ကျင်းပရမည် ဖြစ်ပြီး၊ မဲဆန္ဒနယ်မြေ ၅၀ရာခိုင်နှုန်းကျော် ကျင်းပနိုင်မှသာ ထိုပြည်နယ်နှင့် တိုင်းများတွင် လွှတ်တော်များနှင့် အစိုးရအဖွဲ့များ ဖွဲ့စည်းနိုင်မည် ဖြစ် သည်။ 

လက်ရှိအခြေအနေတွင် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရခိုင်၊ စစ်ကိုင်းနှင့် တနင်္သာရီ စသည့် ပြည်နယ်နှင့် တိုင်း ၇ခုတွင် လက်နက်ကိုင်တော်လှန်ရေး အရှိန်အဟုန်ဖြင့် အားကောင်းနေသည့်အတွက် ရွေးကောက်ပွဲကျင်းပခဲ့လျှင်လည်း လွှတ်တော်များနှင့် အစိုးရအဖွဲ့များ ဖွဲ့စည်းနိုင်မည့် အလားအလာ မရှိနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ရှမ်းပြည်နယ်နှင့် မကွေးတိုင်းမှာလည်း   ထိုသို့ဖွဲ့စည်းရန် မသေချာပါ။

သို့သော် မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းတို့နှင့် မွန်ပြည်နယ်တို့တွင် ရွေးကောက်ပွဲကို မြို့နယ်အများစု တွင် ကျင်းပနိုင်သော အလားအလာရှိပြီး၊ ပြည်နယ်နှင့်တိုင်းအဆင့် လွှတ်တော်များနှင့် အစိုးရအဖွဲ့များ ဖွဲ့စည်း နိုင်မည့် အခြေအနေရှိကြောင်း လေ့လာတွေ့ရှိရသည်။

အထက်ပါဇယားကွက်တွင် မြို့နယ်များကို အုပ်စု ၃စု ခွဲခြားဖော်ပြထားမှုသည် လက်ရှိဖြစ်ပေါ်နေသော လက် နက်ကိုင်တော်လှန်ရေး အခြေအနေ ပြောင်းလဲသည်နှင့်အမျှ လိုက်၍ ပြောင်းလဲနေမည် ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။











Related Articles

Back to top button