သတင်း

ထိုင်း နှင့် မလေးရှားတွင် အဖမ်းအဆီးကြမ်း၊ မြန်မာထောင်နှင့်ချီ အဖမ်းခံရ 

နိုင်ငံခြားသား တရားမဝင် နေထိုင်လုပ်ကိုင်မှုကို စီမံချက်ချ အရေးယူနေသော ထိုင်း၊ မလေးရှားတို့တွင် ရက်ပိုင်းအတွင်း အဖမ်းခံလိုက်ရသည့် မြန်မာပြည်သား ၅,၀၀၀ ခန့် ရှိသည်။

ထိုင်း နှင့် မလေးရှားတွင် တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်သော နိုင်ငံခြားသားများကို စီမံချက်ဖြင့် လိုက်လံဖမ်းဆီးနေကြရာ ရက်ပိုင်းအတွင်း  မြန်မာ ၅,၀၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။  

ထိုင်းရဲချုပ်က ထိုင်းနိုင်ငံတွင်း နိုင်ငံခြားသားများ၏ ဥပဒေ နှင့် မညီသော လှုပ်ရှားနေထိုင်မှုများကို စောင့်ကြည့်ဖော်ထုတ်အရေးယူရန်   ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အမိန့်ထုတ်ပြီးနောက်  ၇ ရက်အတွင်း နိုင်ငံခြားသား ၉၅၃၂ ဦးကို ဖမ်းဆီးခဲ့သည်။ 

ထိုအထဲတွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်ခြင်း နှင့် ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသား လုပ်ကိုင်ခွင့်တားမြ စ်ထားသော အလုပ်လုပ်ကိုင်သော မြန်မာနိုင်ငံသား ၄၈၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။  

စစ်အာဏာသိမ်းပြီးနောက် ပြည်ပထွက်လိုသော မြန်မာနိုင်ငံသား အများစု ရွှေ့ပြောင်းနေထိုင်လာကြသော ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ချင်းမိုင် နှင့် မဲဆောက်မြို့များတွင်လည်း  စစ်ဆေးမှု များပြားလာသလို ထိုင်းအမျိုးသားရေးလှုပ်ရှားသူများကလည်း မြန်မာနိုင်ငံသားတို့၏ နေထိုင် သွားလာမှုများကိုပါ စောင့်ကြည့် တိုင်တန်းလာကြောင်း ထိုင်းရောက် မြန်မာ နိုင်ငံသားတချို့က Myanmar Now သို့ ပြောသည်။ 

နိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ပြီးခဲ့သည့် ရက်ပိုင်း၌ မြန်မာနိုင်ငံသား လူငယ်တချို့စုပေါင်း နေထိုင်ကြသော တိုက်ခန်းတစ်ခုကို  တိုင်ကြားသူရှိသောကြောင့် ရဲတပ်ဖွဲ့က လာရောက် စစ်ဆေးရာ   ၄ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ထိုတိုက်ခန်းအနီး နေထိုင်သည့် မြန်မာလူငယ် တစ်ဦးက ပြောသည်။ 

“အခုက အထောက်ထားရှိရှိ၊ မရှိရှိ အကုန်လုံးကို ဝင်စစ်ဆေးတာ၊ ပတ်ဝန်းကျင်က တိုင်တာဆိုရင် ပိုပြီးတော့ ဆိုးတယ်။ ကျွန်တော်တော့ ကိုယ်တိုင်မကြုံရသေးပင်မဲ့ တချို့ထိုင်းတွေက မြန်မာတွေနေတဲ့ နေရာကို ဓာတ်ပုံရိုက်တာတွေအထိ ဖြစ်လာတယ်” ဟု သူက ဆိုသည်။ 

ထို့အတွက်ကြောင့် အဖမ်းအဆီး၊ အစစ်ဆေးများသော ယခုကာလတွင် ပြင်ပသို့ သွားလာခြင်းများကို လျှော့ချကာ သတိဖြင့် နေထိုင်နေရသည်ဟု သူက ပြောသည်။  

လတ်တလောတွင် မြန်မာနိုင်ငံသားအများစုမှာ ထိုင်းအစိုးရက အသိအမှတ်ပြုလုပ်ပေးနေသော ပန်းရောင်ကတ် (ခေါ်) အလုပ်သမားကတ်များ ပြုလုပ်ရန် စောင့်ဆိုင်းနေကြရပြီး အမည်စာရင်း (Name List)  မှတ်ပုံတင် ထားသည့် ပထမအဆင့်ကိုသာ ပြီးစီးထားကြပြီး အလုပ်လုပ်ခွင့်ပါမစ်ရရှိရန် စောင့်ဆိုင်းနေ ကြရသည့် အချိန်အခါလည်းဖြစ်သည်။ 

ထို့အပြင်   ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် နေထိုင်ခွင့်သက်တမ်းကုန်ထားသော မြန်မာအလုပ်သမားများသည်လည်း သက်တမ်းတိုးခွင့်ရရန်  စောင့်ဆိုင်းနေကြလျက်ရှိသည်။ ထိုသူများသည် လတ်တလောတွင် ရက်လွန်နေထိုင်သူများ အဖြစ် နေထိုင်နေကြရသည်။ 

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင်လည်း ကျားဖြန့် ကိစ္စရပ်များနှင့် ရှုပ်ထွေးနေသလို လတ်တလော နိုင်ငံခြားသားအဖမ်းအဆီးစီမံချက်ကြောင့်လည်း ယခုရက်ပိုင်းတွင် ထိုင်းရဲ လှည့်ကင်းအများအပြားကို တွေ့ရှိလာရသည်၊  နိုင်ငံခြားသားများကိုလည်း ည ၉ နာရီနောက်ပိုင်း ညမထွက်ရ အမိန့်ထုတ်ထားသည်အထိ တင်းကျပ်လာသည်ဟု မဲဆောက်မြို့မှ မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။ 

“ရဲကတ်သမားတွေကတော့ ညဘက်က မထွက်ကြတာက ပုံမှန်ပဲပေါ့။ အခုနောက်ပိုင်းမှာ ပန်းရောင်ကတ် တို့ Work Permit (အလုပ်လုပ်ခွင့်ပါမစ်) ရထားပြီးတဲ့သူတွေလည်း ပြန်ပြီးတော့ အနေအထိုင်ဆင်ခြင်နေ ရတယ်” ဟု သူက ဆိုသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းတွင် မဲဆောက်မြို့နယ်စပ် စစ်ဆေးရေးဂိတ်တချို့တွင် မူးယစ်ဆေးဝါး နှင့် တရားမဝင်ကုန်ပစ္စည်းများအပြင် ကျားဖြန့်လုပ်ငန်းများကို အသုံးပြုမည့် မိုဘိုင်းလ်ဖုန်းအများအပြားကို သိမ်းဆည်းရမိသည်၊  အစစ်အဆေး များနေဆဲဖြစ်သည်ဟု သူက ပြောသည်။  

ဖမ်းဆီးစစ်ဆေးမှုများ ပိုမြင့်တက်လာခြင်းမှာ 

နိုင်ငံခြားသားများကို  စစ်ဆေးရန် စီမံချက်ထုတ်ပြန်ထားသလို ထိုင်းအမျိုးသားရေး တက်ကြွ လှုပ်ရှားသူများ၏ လှုံ့ဆော်မှု၊  ထိုင်းပြည်သူများကို မင်္သကာစရာ နိုင်ငံခြားများ တွေ့ရှိပါက တိုင်ကြားရန် သတိပေးလှုံ့ဆော်ထားမှုတို့ကြောင့်  ဖြစ်သည်ဟု ထိုင်း တောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအဖွဲ့ (FED)၏ အလုပ်သမား အရေးတာဝန်ခံ ဦးမင်းဦးက ပြောသည်။  

“ကိုဗစ်တုန်းက ပိတ်တာ၊ တားတာ၊ ဆီးတာတွေ ရှိခဲ့တယ်။ အခုတစ်ခါမှာလည်း အဲဒီလိုမျိုး ပိုက်စိတ်တိုက်ဖမ်းတာပေါ့၊  အခုလိုအဖွဲ့ပေါင်းစုံပါတဲ့ အဖမ်းအဆီးတွေ ရောက်မလာဘူးလို့ ထင်တဲ့ နေရာတွေကို ဖမ်းဆီးနေတာ ” ဟု ဦးမင်းဦးက ပြောသည်။ 

လတ်တလောအဖမ်းအဆီးအခြေအနေများကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အနေအထိုင်အသွားအလာဆင်ခြင်ကြရန် သူက အကြံပြုသည်။ 

တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ သည် မြန်မာပြည်သို့ ချက်ချင်းပြန်ပို့ခံရနိုင်သည်၊ ထိုင်းတောင်ပိုင်းမှ ပြန်ပို့ခံရသည့်  အမျိုးသားငယ်များကို စစ်ကောင်စီက စစ်သင်တန်းကျောင်းသို့ ပို့ဆောင်နေသည်ဟု   သူက Myanmar Now ကို ပြောသည်။ 

မလေးရှားအဖမ်းအဆီး 

မလေးရှားနိုင်ငံတွင်  မြန်မာအများအပြား  နေထိုင်သော ဆလန်ဂေါပြည်နယ်တွင် တရားမဝင် နေထိုင်သူများကို  နေ့စဉ် စစ်ဆေး ရှာဖွေနေခြင်းကြောင့် ယခုတပတ်အတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား အနည်းဆုံး ၁၀၀၀ ခန့် ရှိကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများက ပြောသည်။ 

တရားမဝင်နိုင်ငံခြားပပျောက်ရေး စီမံချက်ဖြင့် အရေးယူနေသည့် မလေးရှားနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကုန်ပိုင်းတွင်လည်း ၃ လအတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀၀ ခန့် ဖမ်းဆီးခဲ့ရသည်။  

  ဆလန်ဂေါပြည်နယ် အပါအဝင် အခြားပြည်နယ်များတွင်လည်း  နေ့စဉ်ညဆက်ဆိုသလို အဖမ်းအဆီးများရှိနေပြီး တစ်လအတွင်းမှာပင် ဖမ်းဆီးခံရသူပေါင်း ၁၀၀၀ ဝန်းကျင်အထိ ရှိလာခြင်းဖြစ်သည်ဟု မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားအရေးကူညီပေးနေသော  Myanmar Labour Affairs and Refugee Organization မှ ဥက္ကဋ္ဌ ကိုမင်းထိုက်က ပြောသည်။

အထူးသဖြင့် ဆလန်ဂေါပြည်နယ်တွင် ဖမ်းဆီးခံရသော မြန်မာများကို တရားရုံးသို့ ရုံးတင်စစ်ဆေး ခြင်းမရှိတော့ဘဲ မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသည့် အခြေအနေများ ဖြစ်ပေါ်နေသည်ဟု သူက ဆိုသည်။ 

“ထိန်းသိမ်းရေးစခန်းတွေမှာ မြန်မာပြည်မပြန်ချင်လို့ အချိန်တစ်ခုအထိ အနေကြာတဲ့ သူတွေကိုတောင် မလေးရှားက လေယာဉ်လက်မှတ်အခမဲ့ သဘောမျိုးပေးပြီးတော့ကို အတင်းပြန်ခိုင်းနေတာ” ဟု ကိုမင်းထိုက် ပြောဆိုသည်။ 

ထိုသို့ ပြန်ပို့ခံရသူများထဲတွင် စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသော CDM ဝန်ထမ်းတချို့လည်း ပါဝင်သည်ဟု Myanmar Labour Affairs and Refugee Organization ထံက သိရသည်။ 


Show More

Related Articles

Back to top button