Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် >
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်သားသစ်အဖြစ်စုဆောင်းခံထားရစဉ် ထွက်ပြေးလာသော လူငယ် ၂၀ ကျော်က စစ်ကောင်စီတပ်ကို ပြန်တိုက်မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောသည်။
ထိုလူငယ်များသည် ထိုင်းနိုင်ငံတွင် ဖမ်းဆီး ထိန်းသိမ်းခံရသူများ ဖြစ်သည်၊ ထိုင်းအာဏာပိုင်တို့က ထိုသူတို့ကို ရနောင်း-ကော့သောင်းနယ်စပ်မှ တစ်ဆင့် စစ်ကောင်စီထံ ပြန်လွှဲစဉ် စစ်ကောင်စီက စစ်သားသစ်အဖြစ် စုဆောင်းခံရခြင်း ဖြစ်သည်ဟု KNU တပ်မဟာ (၄) ဒေသ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
“ကျွန်တော်တို့ဆီကို လူငယ်၂၇ ယောက် ရောက်လာတယ်။ ၂၂ ယောက်က လက်နက်ကိုင်ပြီး လုပ်မယ်ပေါ့။ ကျန်တဲ့ ၅ ယောက်ကတော့ သူတို့အိမ် ပြန်ချင်တယ်ပြောတယ်” ဟု Myanmar Now ကို ဆိုသည်။
မည်သည့်အကြောင်းကြောင့် လူငယ်များက KNU နှင့်ပူးပေါင်း၍ စစ်ကောင်စီကို ပြန်တိုက်မည်ဆိုသည်ကို လတ်တလောတွင် ရှင်းရှင်းလင်းလင်း မသိရသေးပေ။
“သူတို့ဘာကြောင့် တော်လှန်ရေးကို လုပ်ချင်တာလည်းဆိုတော့ သူတို့ရဲ့ခံစားချက်၊ သူတို့ရဲ့အတွေ့အကြုံ အရ သူတို့ဆုံးဖြတ်မှာပေါ့၊ သူတို့ကို ကိုယ်တိုင်တိုက်ရိုက်မေးမြန်းတာတော့ မရှိသေးဘူးနော်။ ကျွန်တော်တို့ တပ်ဖွဲ့နဲ့ပူးပေါင်းသွားတယ်” ဟု ပဒိုစောအယ်နားက ဆိုသည်။
ထွက်ပြေးလာသူများသည် ကရင်၊ ဗမာ ၊ မွန်နှင့် ရခိုင်တိုင်းရင်းသား လူငယ်များဖြစ်ကြောင်း၊ KNU တပ်မဟာ ၄ လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ်ရင်း (၇)၏ တပ်ခွဲက (၅) က စောင့်ရှောက်ပေးထားကြောင်း သိရသည်။
လူငယ် ၅ ဦးကိုလည်း လုံခြုံရေးအခြေအနေ နှင့် သွားလာရေးအခြေအနေကိုကြည့်၍ ၎င်းတို့ ဆန္ဒအတိုင်း အိမ်ပြန်နိုင်ရန် ကူညီပေးသွားမည်ဖြစ်ကြောင်း ပဒိုစောအယ်နားက ပြောသည်။
စစ်ကောင်စီတပ်၏ စစ်သားသစ်အဖြစ် စုဆောင်းခံရသော လူငယ်၂၇ ဦးသည် စက်တင်ဘာလ ၈ ရက်တွင် ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်သည်။
မူလက လှေပေါ်တွင် လူငယ် ၂၉ ဦး ပါသော်လည်း လူငယ် ၂ ဦးသည် လမ်းတွင်ပျောက်ဆုံးသွားသည်ဟု KNU ဘက်ကဆိုသည်။
စစ်ကောင်စီတပ်သည် စစ်သားသစ်အဖြစ်စုဆောင်းထားသော လူငယ်များကို မြိတ်မြို့မှ တစ်ဆင့် စက်လှေ ၃ စီး ထက်မနည်းသုံး၍ ပင်လယ်ပြင်မှတဆင့် မြိတ်မြို့မြောက်ဘက် ပုလောမြို့နယ် ပလောက်မြို့သို့ ပို့ဆောင်ရန်ကြိုးပမ်းခဲ့သည်။
ပလောက်မြို့တွင် စစ်ကောင်စီ၏ အမှတ် (၁၂) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းရှိပြီး အဆိုပါကျောင်းတွင် စစ်သားသစ်များကို လေ့ကျင့်ရန် လူသစ်များ ပို့ခြင်းဖြစ်ကြောင်း KNU တပ်မဟာ ၄ ဘက်က ဆိုသည်။
လူငယ်များသည် ပလောက်မြို့နယ် အနောက်တောင်ဘက် ၉ မိုင်ကျော်အကွာ ခန္တီရွာအနီးတွင် လှေပေါ်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးထံမှ သေနတ်ကို လုယူ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပစ်သတ်ခဲ့သည်။
ထို့နောက်တွင် နီးစပ်ရာ ကမ်းကိုကပ်၍ ဒေသအခြေစိုက်တော်လှန်ရေး အင်အားစုများမှတစ်ဆင့် KNDO တပ်ရင်း ၇ ထံ ဆက်သွယ်ခိုလှုံလာခြင်းဖြစ်ကြောင်း KNU တပ်မဟာ ၄ ဘက်က ပြောသည်။
လူငယ် ၂၇ ဦးနှင့် အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကိုင်သည့် သေနတ် ၂ လက်လည်း ပါလာကြောင်း သိရသည်။
“၂၉ ယောက်ပါတဲ့ လှေတစ်စီးမှာ စစ်သားက နှစ်ယောက်လိုက်လာတယ်။ အဲဒီမှာ သူတို့က စကစ စစ်သားကို ပစ်သတ်လိုက်ပြီးတော့ ထွက်ပြေးသွားတယ်။ ကျွန်တော်တို့ထဲကို ရောက်လာတာပေါ့။ သူတို့ထဲက ၂ ယောက်ကတော့ ပျောက်သွားတယ်” ဟု ပဒိုစောအယ်နားက ဆိုသည်။
ပုလောမြို့နယ်မှ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတဦးကလည်း စစ်မှုထမ်းအဖြစ် စုဆောင်းခံရသည့် လူငယ်များ သေနတ်လု၍ ထွက်ပြေးလာခြင်းသည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေထွက်ပြီးနောက် ပုလောမြို့နယ်တွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်းပြောသည်။
“ပင်လယ်ပြင်မှာ အစောင့်စစ်သား ၂ယောက်ကို လုံးထွေးသတ်ပုတ်ပြီး စစ်သားကို ရေထဲပစ်ချတယ်။ လှေကိုလုံခြုံတဲ့နေရာကိုလာကပ်ပြီး တော်လှန်ရေးအဖွဲ့တွေဆီ ဝင်သွားတာ။ အခုက ပထမဆုံးပါ။ အရင်ကတော့ စကစ စစ်သားတွေ ပြေးလာပြီး အလင်းလာဝင်တာတော့ရှိတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီကလည်း ထိုသူများမှာ စစ်သင်တန်းတက်ရမည့်သူများဖြစ်သည်ဟု အတည်ပြုသည်ဟု သိရသည်။
သို့သော်လည်း ထိုင်းနိုင်ငံဘက်မှ ပြန်ဝင်လာသူများမဟုတ်ကြောင်း စစ်ကောင်စီပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုကြောင်း BBC သတင်းဌာန သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
စက်လှေပေါ်တွင် KNU တပ်ဖွဲ့ဝင်အချို့ပါလာသည်၊ KNU က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို သတ်ကာ စစ်မှုထမ်းမည့်သူများကို ဖမ်းသွားသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ပုလောမြို့နယ်မှ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားက စက်တင်ဘာ ၁၁ ရက်ဝန်းကျင်မှ စတင်ကာ စစ်ကောင်စီတပ်သည် ထိုလူငယ်များ ကမ်းကပ်ခဲ့သည်ဟု ယူဆရာ ခန္တီရွာနှင့် အနီးဝန်းကျင်ရွာများသို့ ရောက်လာပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာနေကြောင်း ဆိုသည်။
”လယ်ဖက်ရွာမှာ အရပ်သားအချို့ ဖမ်းဆီးစစ်ဆေးခံရပြီး ပြန်လွှတ်ပေးပြီးလို့သိရပါတယ်။ ရွာသားအများစုကတော့ စကစကို ကြောက်ပြီးနီးစပ်ရာရွာတွေဖက်ကို တိမ်းရှောင်ကြပါတယ်” ဟု ၎င်းက ဆိုသည်။
“လယ်ဖက်၊ အောင်ချမ်းသာ၊ ကျောက်သင်္ဘောရွာက လူ ၃၀၀ လောက်ပြေးနေရပါတယ်”
စစ်ကောင်စီသည် ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့သည်။
စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ၊ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများသည် ၂ နှစ်မှ ၅ နှစ်ကြာအထိ စစ်မှုထမ်းရမည်ဖြစ်သည်။
ထိုဥပဒေထွက်လာပြီးနောက် စစ်ကောင်စီလက်မှ လွတ်ရန် လူငယ်များသည် ရရာနည်းဖြင့် ထွက်ပြေးကြရာ နောက်ဆုံးတွင် စစ်ကောင်စီက လူလတ်ပိုင်းအမျိုးသားများကိုပင် ပြည်ပထွက်ခွင့်မရရန် တင်းကျပ်စွာကန့်သတ်လာသည်။
စစ်ကောင်စီသည် လေဆိပ်အပါအဝင် နယ်စပ်ဂိတ်များမှ တစ်ဆင့် ပြည်ပထွက်ခွာခြင်းကို ကန့်သတ်ထားရာ လေယာဉ်ကွင်းရောက်ပြီးမှ လေယာဉ်ပေါ်တက်ခွင့်မရသူ အများအပြား ရှိနေသည်။
စစ်သားစုဆောင်းရေးဆိုင်ရာဥပဒေ ထုတ်ပြန်ထားသော်လည်း အောက်ခြေအုပ်ချုပ်ရေးပိုင်းထံမှ လူသစ် ပုံမှန် မရနိုင်သည့် အခြေအနေတွင် လူငယ်အမျိုးသားများကို လမ်းပေါ်တွင် လိုက်ဖမ်းပြီး စစ်သင်တန်းကျောင်း ပို့နေရသည်။
သြဂုတ်လ ၁၆ရက်နေ့က မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် အရပ်သား အယောက် ၁၀၀ နီးပါး ကို စစ်သား သစ်အဖြစ် အတင်းအကြပ် စုဆောင်းခဲ့ကြောင်း စစ်ကောင်စီ ဘက်တော်သား ပေါက်ကိုယ်တော် အမည်ရ ဘုန်းကြီးကပင် ထုတ်ပြောလာရသည်။
ထို့အပြင် စက်တင်ဘာလ ပထမပတ်အတွင်း မကွေးတိုင်း အောင်လံမြို့၌လည်း လူငယ်အမျိုးသားများကို စစ်ကောင်စီတပ်က စစ်ထဲထည့်ရန် ဖမ်းခေါ်ထားပြီး အောင်လံအခြေစိုက် အမှတ် (၇၁) ခြေလျင်တပ်ရင်းတွင် ထိန်းသိမ်းထားကြောင်း Myanmar Now ၏ သတင်းရင်းမြစ်အချို့ထံမှသိရသည်။
သတင်းထုတ်လုပ်မှုများ ရေရှည်လည်ပတ်နိုင်ရေးအတွက် ငွေကြေးထောက်ပံ့ နိုင်ပါသည်။