
မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦး မင်္ဂလာဧည့်ခံပွဲ ယနေ့ (ဖေဖော်ဝါရီ ၂၅) နံနက်ပိုင်းက ပြုလုပ်စဉ် စစ်လေယာဉ်ရောက်လာပြီး တိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့သည်ဟု တော်လှန်ရေးအဖွဲ့ဝင်များ နှင့် ဒေသခံများထံက သိရသည်။
မင်္ဂလာပွဲ ပြုလုပ်ရာ ဆုံကုန်းရွာဘုန်းကြီးကျောင်းကို နံနက် ၉း၄၀ ဝန်းကျင်တွင် လေယာဉ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် ရေနံမှော်ဝန်းကျင်ကို ပစ်ခတ်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ကိုခရော့စ်က ပြောသည်။
“ပထမ တစ်ခါ လာပစ်တုန်းက ပေါင် ၅၀၀ လာကြဲသွားတာ။ ဒုတိယတစ်ကြိမ်ကျတော့ စက်လတ် တွေနဲ့ ကျောက်လမ်းတလျှောက်နဲ့မှော်ထဲတွေအကုန်လျှောက်ပြီးရမ်းပစ်သွားတာ။ ပေါင် ၅၀၀ ကြဲ တာတော့ သေဆုံးမှုတော်တော်တော့များနိုင်တယ်။ အထိခိုက်တွေတော့ရှိတယ်” ဟု ကိုခရော့စ်က ဆိုသည်။
မင်္ဂလာဆောင်ပွဲကျင်းပနေသည့် ဘုန်းကြီးကျောင်းနှင့် ဧည့်ခံကျွေးမွေးသည့် အလှူမဏ္ဍပ်နေရာတွင် ကျရောက်ပေါက်ကွဲသဖြင့် ထိခိုက်သေဆုံးမှုများနိုင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေဆဲ ဖြစ်သည့်အတွက် လက်ရှိအချိန်ထိ ထိခိုက်သေဆုံးမှုအခြေအနေအသေးစိတ်ကို မသိရသေးဟု ၎င်းက ဆက်ပြောသည်။
“အကျွေးအမွေး၊ ပန်းကန်ဆေးတဲ့နေရာတွေ၊ အဲ့ဒီနေရာတွေမှာ ကွက်တိတွေကျတာ” ဟု ၎င်းက ဆိုသည်။
Myanmar Now က တွေ့မြင်ရသည့် ဓာတ်ပုံများအရ ဘုန်းကြီးကျောင်းဆောင်အနီးရှိ ယာယီတဲ တစ်ခု မီးလောင်ကျွမ်းသွားပြီး၊ ကျွေးမွေးရန်ပြင်ဆင်ထားသည့် မဏ္ဍပ်တစ်ခု ပျက်စီးသွားသည်၊ သတို့သား၊ သတို့သမီးအမည်ဆိုင်းဘုတ်နှင့် ပြန့်ကျဲနေသော အိုးခွက်များကို တွေ့ရသည်၊ လဲကျ သေဆုံးနေသူ အနည်းဆုံး ၅ ဦး၏ ရုပ်အလောင်းများ တွေ့ရသည်။
အဆိုပါဒေသမှ ရေနံကုန်သည်တစ်ဦးက သေဆုံးသူ ၉ ဦး၊ ၁၀ ဦးခန့်ရှိသည်ဟု ကြားရကြောင်း လွတ် မြောက်လာသူ တစ်ဦးကို ကိုးကား၍ ပြောသည်။
“ မင်္ဂလာဆောင်သွားပြီး ပြန်လာတဲ့ ကောင်လေးပြောတာက သူဖုန်းဆက်လို့ရတုန်းကတော့ ၉ ယောက် သေတာ အတည်ပြုနိုင်တယ်။ သူလည်း ကံကောင်းလို့ လွတ်လာတာ။ ထိခိုက်တွေကတော့များတယ် ပြောတယ်”ဟု ထိုလုပ်ငန်းရှင်က ဆိုသည်။
မကွေးတိုင်းအတွင်း ရေနံမြေ ၇ ခုရှိသည့်အနက် မြိုင်မြို့နယ်ရှိ ကျောက်ခွက်ရေနံမြေမှာ ပြီးခဲ့သည့်နှစ် များကပင် တော်လှန်ရေးအင်အားစုက နယ်မြေစိုးမိုးထားသည်။
လေကြောင်းတိုက်ခိုက်မှု နောက်တစ်ကြိမ် ထပ်လာမည့်အန္တရာယ်ကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။
“ဒေသခံတွေကတော့ ကျီးလန့်စာစားဖြစ်နေတာပေါ့ဗျာ အကုန်လုံး။ ပြည်သူတွေက အကုန်လုံးက အိမ်တွေဘာတွေပိတ်ပြီး ထပ်လာမှာစိုးတာ” ဟု ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ဆုံကုန်းရွာသည် ပေါက်နှင့်မြိုင်နယ်စပ်တွင်ရှိပြီး အိိမ်ခြေ ၁၅၀ ခန့်သာ ရှိသည့် ရွာငယ်ဖြစ်သော်လည်း အနီးရှိ မြိုင်မြို့နယ် ကျောက်ခွက်ရေနံမှော်ကြောင့် လူသွားလူလာစည်ကားရာကျေးရွာဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
မြိုင်မြို့နယ် ကျောက်ခွက်ရေနံမှော်ကို ၂၀၂၃ နှစ်လည်ပိုင်းကစပြီး တော်လှန်ရေးအင်အားစုများ စတင် ထိန်းချုပ်ခဲ့သည်၊ ကပ်လျက် ပေါက်မြို့နယ်မှ လက်ပံတိုရေနံမှော်ကို ၂၀၂၄ နှစ်ဆန်းပိုင်းတွင် ဆက်လက် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
သယံဇာတများ ထုတ်ယူပြီး လက်နက်ကိုင်များကို ထောက်ပံ့နေမှုများကို တိုက်ဖျက်သွားမည်ဟု စစ်ကောင်စီက ဖေဖော်ဝါရီ တတိယပတ်က ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအတွင်း မှာပင် မကွေးတိုင်းရှိ တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားရာနယ်မြေ ရေနံမှော်ကို လေတပ်က ဗုံးကြဲခြင်းဖြစ်သည်။
ကျောက်ခွက်ရေနံမှော်ကို ယနေ့နံနက်ပိုင်းလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စစ်တပ်ဘက် က သတင်း ထုတ်ပြန်ခြင်းမရှိသေးပေ။
ပြီးခဲ့သည့်နှစ်က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာတွင် ပြုလုပ်သည့် တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦး၏ မင်္ဂလာဆောင်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များ အပါအဝင် ၃၀ ဝန်းကျင် သေဆုံးခဲ့ရသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကစပြီး ရှမ်းမြောက်တွင် စစ်တပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ကြား စစ်ရေး အရှိန် ရပ်တန့်သွားပြီးနောက် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် စစ်ရေးလှုပ်ရှားမှုများ ပိုစိတ်လာပြီး စစ်တပ်ကလည်း နှစ်ဆန်းပိုင်းက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်။



၂၀၂၅ ဖေဖော်ဝါရီ ၂၅ ရက်နေ့က မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဆုံကုန်းရွာတွင် ပြုလုပ်သည့် မင်္ဂလာဆောင်အခမ်းအနားတစ်ခုကို လေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ (ဓာတ်ပုံ – ပေးပို့)
ဧည့်သည်နည်းချိန် တိုက်ခိုက်မှု
သေဆုံးသူ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁ ဦးကို အမည်စာရင်းနှင့်တကွ အတည်ပြုနိုင်သည်၊ ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိသည်ဟု ရုပ်အလောင်းကောက်ယူရာတွင် ပါဝင်ခဲ့သော အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း – မြိုင် အဖွဲ့ထံက သိရသည်။
အများစုမှာ အသက် ၃၀ နှင့် ၅၀ ကြားလူလတ်ပိုင်းအရွယ်များဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦး ပါဝင်ဟု ဆိုသည်။
မင်္ဂလာပွဲအတွက် ချက်ပြုတ်သည့် နေရာကို ထိမှန်ခဲ့သဖြင့် ထိခိုက်သေဆုံးသူ များပြားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။
“ အညာမင်္ဂလာဆောင်ဆိုတာက ဝက်သားတွေချက်တယ်ဆိုရင် အချိန် ၁၀၀၊ ၂၀၀၊ ၃၀၀၊ ၄၀၀၊ ၈၀၀ အဲ့လို ချက်တာပေါ့။ အုပ်စုလိုက်ချက်ရတာပေါ့။ အဲ့လိုချက်ရတဲ့အဆောင်ပေါ်ကို ဗုံးသီးတစ်လုံးကျသွားတာပေါ့။ အဲ့ဒီထဲ ချက်တဲ့ပြုတ်တဲ့သူတွေနဲ့ အနီးအနားက သေတာပါဗျာ။ အဆောင်လည်း မီးလောင်သွားတာပါပဲ”ဟု အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း – မြိုင် အဖွဲ့ တာဝန်ခံကပြောသည်။
“မင်္ဂလာပွဲက ပြီးခါနီးအချိန်ဗျ။ စ နေတဲ့အချိန်ဆို ဒါထက်ကို ရာကျော်သေမှာ။ ၈ နာရီလောက်တွေဆိုရင်၊ လူခဲထပ်နေတဲ့အချိန်ဆိုရင် ကျော်မကောင်း၊ ကြားမကောင်းဖြစ်မှာ။ ၉း၄၇၊ ၁၀း၀၀ နာရီ ဆိုတာ ကျွန်တော်တို့ဘက်က မင်္ဂလာဆောင်တွေက သိမ်းချိန်ရောက်တော့တာပေါ့။ အပြီးသတ် တဲ့သဘော လူအလာနည်းသွားတဲ့အချိန်”ဟု ထိုအဖွဲ့ တာဝန်ခံက ဆိုသည်။