သတင်း

မန်တုံတွင် KIA ရုံးနှင့် စခန်းတချို့ကို TNLA စီးနင်း၊ နှစ်ဖက်တပ်များ ညှိနှိုင်းနေ

ရှမ်းပြည်နယ်အတွင်း နယ်မြေအငြင်းပွားမှုဖြစ်နေသော မန်တုံမြို့ရှိ KIA တပ်သားများ ရှိသည့် နေရာ ၄ ခုကု TNLA က ဝင်စီးပြီး လက်နက်များ သိမ်းပိုက်ထားသည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ ဂိတ်စခန်း ၃ ခုနှင့် တိုက်နယ်ရုံးတို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က ဝင်ရောက်စီးနင်းခဲ့သည်ဟု   သိရသည်။​

ယမန်နေ့ (ဖေဖော်ဝါရီ ၂၃ ) က မန်တုံမြို့နယ်ရှိ KIA တောင်ပိုင်းတိုင်း တပ်မဟာ(၄)လက်အောက်ခံ အမှတ် (၃၄) တပ်ရင်းလက်အောက်မှ ဂိတ်စခန်းများဖြစ်သည့် လောက်ကျယ်ဂိတ်၊ ရော်ကျိန်းဂိတ်နှင့် မန်ဖန်ဂိတ် တို့ကို TNLA တပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်သည်ဟု KIA  က ပြောသည်။

ထို့ပြင် မန်တုံမြို့နယ် မန်မောက်ရွာ၊ မန်ပွန်းတိုက်နယ်ရုံးကိုလည်း TNLA က ဝင်ရောက်စီးနင်းခဲ့ပြီး ရုံးရှိ KIA အရာရှိနှင့် တပ်သားများကို ဖမ်းဆီးကာ လက်နက်များလည်း သိမ်းယူသွားခဲ့သည်ဟု သိရသည်။ 

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက်သော KIA မှ တာဝန်ရှိ သူများသည် TNLA နှင့် ညှိနှိုင်းဆွေးနွေးနေသည်ဟု ပြောသည်။

“လောလောဆယ်ကတော့ နှစ်ဘက် ရှင်းရှင်းလင်းလင်းတွေကတော့ မကြားရသေးပါဘူး၊ ကျွန်တော်တို့ တောင်ပိုင်းတိုင်းဘက်က လူကြီးတွေ သူတို့ တာဝန်ယူပြီးမှ ဆွေးနွေးနေပြီလို့တော့ ကြားရပါတယ်။ ဒါပေမယ့် နောက်ဆုံးအခြေအနေကိုတော့ မကြားရသေးပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မြေပြင်သတင်းများ မရရှိသေးသည့်အတွက် အခြေအနေကို တိတိကျကျ မပြောနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီတစ်ခါ ပွတ်တိုက်မှုဖြစ်တာကလည်း ဆိုးဆိုးဝါးဝါးဖြစ်တာလား၊ နောက် သူတို့ဘက်ကမှားတာလား ကျွန်တော်တို့ဘက်က မှားတာလား အဲဒါတွေလည်း သဲသဲကွဲကွဲမကြားရသေးပါဘူး” 

TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန် ချက်မရသေးပေ။

ယခုနှစ်ဆန်းတွင်  KIA နှင့် TNLA  တပ်ဖွဲ့များ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာနှင့် နမ့်ခမ်းမြို့နယ် မန်တုံမြို့နယ်တို့၌   နယ်မြေအငြင်းပွားမှု ဖြစ်ပွားခဲ့စဉ် အောက်ခြေတပ်ဖွဲ့ဝင် ၂ ဦး လက်နက်မပါဘဲ လက်သီးချင်းယှဉ်ထိုး၍ ဖြေရှင်းခဲ့ကြသည်။

အဆိုပါ တင်းမာမှုများနှင့် ပတ်သက်ပြီး  ဇန်နဝါရီလအတွင်း ၂ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း မည်သည့် ရလဒ် ထွက်ပေါ်ခဲ့ကြောင်း မသိရသေးပေ။ 

ဆက်ဆံရေးတင်းမာနေသော KIA,TNLA တို့သည် လက်ရှိတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ပြင်းထန်နေ ပြီး လေတပ်က ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။ 

အာဏာသိမ်း စစ်ကောင်စီကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခုခံတိုက်ခိုက်မှုများပြုလုပ်နေ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း တအာင်းတပ်(TNLA)၊ ကိုးကန့်တပ်(MNDAA)နှင့် အာရက္ခတပ်တော်(AA)တို့က ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးပြုလုပ်ပြီး မြို့ပေါင်းများစွာကို သိမ်းပိုက်ခဲ့ကြသည်။

စစ်ကောင်စီတပ်ကင်းစင်သွားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့များတွင် ၂၀၂၄ ခုနှစ်မှ စတင်ကာ တိုင်းရင်းသားလက်နက်ကိုင်များအကြား နယ်မြေအငြင်းပွားမှုဖြစ်ပွားလာရာ ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း စသည့်မြို့များတွင် TNLA နှင့် KIA တို့ကြား အငြင်းပွားမှုများ မကြာခဏဖြစ်ပွားနေသည်။

မြန်မာနိုင်ငံတွင် စစ်ပွဲနိုင်သည့်သူက နယ်မြေပိုင်သည်ဆိုသည့် အယူအဆကြောင့် လက်နက်ကိုင်အဖွဲ့များ အကြား မကြာခဏအငြင်းပွားမှု ဖြစ်လေ့ရှိသည်ဟု ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) တပ်ဖွဲ့ဝင်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှစ်ပေါင်း ၂၀ ခန့် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသန်းစိုးနိုင်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာအတွင်းက ပြောထားသည်။

ရှမ်းမြောက်တွင် KIA က တပ်မဟာ ၃ ခုနှင့် လှုပ်ရှားနေပြီး TNLA နှင့် MNDAA တို့ သိမ်းပိုက်ထားသည့် မြို့နယ်အချို့တွင် KIA ထိန်းချုပ်ဒေသများလည်း ရှိနေသည်။

TNLA သိမ်းပိုက်ထားသည့် ကွတ်ခိုင်မြို့နယ်တွင် တိုက်နယ်ရွာကြီးတစ်ရွာဖြစ်သော နမ့်ဖတ်ကာရွာကြီးကို ၂၀၂၄ ဇန်နဝါရီလတွင် KIA က သိမ်းပိုက်ထားသလို နမ့်ခမ်း၊ မန်တုံ၊ နမ္မတူစသည့် မြို့နယ်များရှိ နယ်မြေ တချို့ကိုလည်း KIA က ထိန်းချုပ်ထားသည်။ 

၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော KIA သည် ကွတ်ခိုင်မြို့နယ်အရှေ့ဘက် ဒေသတွင် တပ်မဟာ(၁၀) ဌာနချုပ်တည်ရှိကာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မဟာ (၃) အခြေစိုက်ပြီး ကချင်ပြည်နယ်တွင် တပ်မဟာ ၈ ခု ရှိသည်။ 

၁၀၂၇ စစ်ဆင်ရေး ၂ ကြိမ်အတွင်း TNLA က မန္တလေးတိုင်းမှ မိုးကုတ်မြို့နှင့် ရှမ်းမြောက်ရှိ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ သီပေါ၊ ကွတ်ခိုင် စသည့် ၁၂ မြို့ကို သိမ်းပိုက်ထားသည်။

KIA သည်လည်း ၂၀၂၄ မတ်လမှစတင်သော ထိုးစစ်အတွင်း ကချင် ၁၄ မြို့နှင့် ရှမ်း ၁ မြို့ သိမ်းပိုက်ထား သည်။

ရှမ်းမြောက်တွင် TNLA နှင့် KIA ဆက်ဆံရေးတင်းမာနေသလို KIA နှင့် MNDAA တို့လည်း ပွတ်တိုက်မှု တချို့ ရှိခဲ့သည်။

TNLA နှင့်  MNDAA သည် မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့ဝင်များ ဖြစ်ကြသလို MNDAA နှင့် KIA သည် လည်း လက်နက်ကိုင်များ ပေါင်းထားသည့်ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်များ ဖြစ်ကြသည်။

FPNCC တပ်ပေါင်းစုတွင် ‘ဝ’ တပ် UWSA၊ ကချင်တပ် KIA၊ ရခိုင်တပ် AA၊ ကိုးကန့်တပ် MNDAA၊ မိုင်းလား အခြေစိုက် NDAA တို့လည်း ပါဝင်ပြီး နိုင်ငံရေးနှင့် စစ်ရေး ပူးပေါင်းမှုများ ရှိကြသည်။

Related Articles

Back to top button