ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ လက်အောက်ခံပြည်သူ့စစ်စခန်းကို ကိုးကန့်တပ်(MNDAA) က ဒီဇင်ဘာ ၂၂ ရက်နေ့က ဖျက်ဆီးရာမှ အငြင်းပွားပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မုံးစီးကျေးရွာရှိ KIA တပ်မဟာ(၁၀)၏ လက်အောက်ခံ ပြည်သူ့စစ် ဂိတ်စခန်းကို အင်အား ၂၀ ခန့်ရှိသည့် MNDAA တပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ဖျက်ဆီးခဲ့သည်ဟု အသက်(၃၀)ကျော်အရွယ် ကွတ်ခိုင်ဒေသခံ အမျိုးသမီးက ပြောသည်။
“ရိုက်ကြတာ၊ ပစ်တာခတ်တာတော့မရှိဘူး၊ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ရိုက်ကြတာဆိုတော့ သွေးထွက် သံယိုတွေတော့ ရှိတယ်” ဟု အဆိုပါ ဒေသခံ အမျိုးသမီးက ပြောသည်။
လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းအရ သေနတ်များ ကိုယ်စီ ကိုင်ဆောင်ထားကြသော်လည်း အပြန်အလှန် ပစ်ခတ်မှုမရှိဘဲ ထိုးကြိတ်နေကြသည်ကို တွေ့ရသည်။
အဆိုပါ အငြင်းပွားမှုနှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်ရေးအတွက် Myanmar Now က MNDAA တပ်ဖွဲ့၊ KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူတို့ကို ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။
မုံးစီးကျေးရွာမှာ မြို့အရှေ့ဘက် မိုင် ၄၀ ခန့် အကွာတွင်ရှိပြီး ကချင်အများစု နေထိုင်ကြသည့် ကျေးရွာတစ်ခုဖြစ်သည်။
ယမန်နှစ်က MNDAA တပ်များ သိမ်းပိုက်နိုင်ခဲ့သည့် မုံးကိုးဒေသတွင်လည်း တပ်ဖွဲ့နှစ်ခုကြား မကြာခဏ အငြင်းပွားတင်းမာနေသည်။
ဖေဖော်ဝါရီလအတွင်းကလည်း ကွတ်ခိုင်မြို့နယ်တွင် KIA သိမ်းပိုက်ထားသည့် နမ့်ဖတ်ကာရွာအနီး ပြဿနာ ပေါ်ပေါက်ခဲ့သည်။ MNDAA တပ်က KIA ဂိတ်ကို ဖယ်ရှားခိုင်းသည့်အတွက် နှစ်ဖက်တပ်များ အချင်းများခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်ပွဲနိုင်သည့်သူက နယ်မြေပိုင်သည်ဆိုသည့် အယူအဆကြောင့် လက်နက်ကိုင်အဖွဲ့များကြား မကြာခဏအငြင်းပွားမှု ဖြစ်လေ့ရှိသည်ဟု ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) တပ်ဖွဲ့ဝင်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှစ်ပေါင်း ၂၀ ခန့် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသန်းစိုးနိုင်က ပြောသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ကွတ်ခိုင်မြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်တော်(TNLA) တပ်များကဦးဆောင်သိမ်းပိုက်ခဲ့ပြီး မြို့ပေါ်နှင့် မြို့အနီးဝန်းကျင်တွင် TNLA အပြင်၊ MNDAA နှင့် KIA တပ်တို့ပါ အသီးသီး တပ်စွဲ၊လှုပ်ရှားနေကြသည်။
ထို ၃ ဖွဲ့သည် မြန်မာပြည်မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုကော်မတီ (FPNCC) တွင် ပါဝင်ကြသဖြင့် မဟာမိတ်များ ဖြစ်ကြသည်။
ကွတ်ခိုင်မြို့နယ်အရှေ့ဘက် ဒေသတွင် KIA ၏ တပ်မဟာ(၁၀) ဌာနချုပ်တည်ရှိသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ကွတ်ခိုင်မြို့ အရှေ့ဘက် ၁၅ မိုင်အကွာရှိ တာမိုးညဲမြို့ကို သိမ်းပိုက်ထားသည့် MNDAA တပ်များကလည်း ကွတ်ခိုင်တွင် လှုပ်ရှားနေသည်။
၁၀၂၇ စစ်ဆင် ပထမပိုင်းပြီးဆုံးသည့် ယခုနှစ် ဇန်နဝါရီလဆန်းမှ စတင်ပြီး နယ်မြေသတ်မှတ်မှု ခိုင်ခိုင်မာမာမရှိသေးသည့် အဆိုပါ ဒေသများတွင် အထက်ပါ တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့ကြား အငြင်းပွား၊ တင်းမာမှုများ ဖြစ်ပွားနေသည်။