
တရားဝင် လူဖမ်းစစ်သားစုဆောင်းရန် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်မှာ ယခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် တစ်နှစ်တင်းတင်းပြည့်ပြီ ဖြစ်ပြီး စစ်မှုထမ်း အပတ်စဉ် (၁၀) အထိ ခေါ်ယူ ပြီးစီးနေပြီဖြစ်သည်။
စစ်တပ်သမိုင်းအလျှောက် တိုင်းစစ်ဌာနချုပ်နှင့် နယ်မြေများစွာ သိမ်းပိုက်ခံရပြီး စစ်ရှုံးနေ သည့် စစ်တပ် အတွက် စစ်အင်အား ချိနဲ့လာမှုကို ဖြည့်တင်းရန် ၂၀၂၃ ဖေဖော်ဝါရီလတွင် စစ်မှုထမ်း ဥပဒေကို အသက် သွင်းခဲ့သည်။
စစ်မှုထမ်း အပတ်စဉ်တစ်ခုလျှင် သင်တန်းသား ၅၀၀၀ နှုန်းဖြင့် ယခုနှစ် ဖေဖော်ဝါရီ ၁၄ အထိ စစ်မှုထမ်း အပတ်စဉ် ၁၀ ကြိမ် ဖွင့်လှစ်ထားသည်။ ထိုကိန်းဂဏန်းအတိုင်းသာ ဆိုလျှင် အာဏာသိမ်းတပ်က ၁ နှစ်အတွင်း စစ်သားသစ် ၅၀,၀၀၀ စုဆောင်းနိုင်ခဲ့ပြီဖြစ်သည်။
စစ်မှုထမ်းဥပဒေ ဆိုသည်ကို ထုတ်ပြန်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အရာရှိများ အထူးသဖြင့် အုပ်ချုပ်ရေးဌာနကို စစ်သားသစ် ရရှိရေး ဖိအားပေး ခိုင်းစေခြင်း မပြုပါက တစ်နှစ်အတွင်း ထိုအရေအတွက် မရနိုင်ပေ။
စစ်သားသစ်များထဲတွင် ငွေကြေးရယူ၍ လူအစားထိုးလိုက်ရသူ၊ တစ်နည်းနည်းဖြင့် အတင်းအကျပ် ခေါ်ဆောင်ခံရသူမှာ အများစုဖြစ်ပြီး မိမိသဘောဖြင့် ဝင်ရောက်သူမှာ မရှိသလောက်ပင်။
အပတ်စဉ်(၁)တွင်ပင် အုပ်ချုပ်ရေးအဖွဲ့များသည် စစ်သားသစ် ရရှိရန် မဲနှိုက်ရွေးချယ်ခြင်း၊ တိုက်ရိုက်ရွေးချယ်ခြင်း စသဖြင့် တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို လုပ်ကိုင်ခဲ့ကြသည်။
စစ်မှုထမ်း ဆင့်ခေါ်ခံရသူများကို အကြောင်းကြားစာပေးပို့၍ အိမ်တိုင်ရာရောက် ခေါ်ယူသည်၊ စစ်ဝတ်စုံ များကို ကြိုတင်ပို့ပေးသော်လည်း ထွက်ပြေးတိမ်းရှောင်သူများပြားလာပြီး နေအိမ်တွင် မရှိကြသဖြင့် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သည့် သတင်းများ အနယ်နယ်တွင် ဆက်တိုက် ထွက်ပေါ်လာသည်။
စစ်သားသစ်စုဆောင်းရေးအတွက် ဖမ်းဆီးခြင်းကို ပေါ်တာဆွဲသည်ဟု သုံးနှုံးလာကြသည်၊ စစ်တပ် ထောက်ခံသူများကိုယ်တိုင် ထိုသို့ စုဆောင်းသည့်နည်းကို မနှစ်သက်ကြောင်း ထုတ်ဖော်ပြောဆိုလာသည်။

စစ်ကောင်စီ၏ သားကောင်မဖြစ်ရန် အသက်အကျုံးဝင်နေသူအမျိုးသားများသည် ပြည်ပနိုင်ငံများ သို့ တိမ်းရှောင်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များအဖြစ် ဝင်ရောက်ခြင်း၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များကို ငွေ ပေး၍ လူအစားထိုး တိမ်းရှောင်ကြခြင်း အပါအဝင် နည်လမ်းမျိုးစုံဖြင့် တုံ့ပြန်ကြသည်။
လူအစားထိုးပါက ကျပ်သိန်း ၂၀၀ အထိ ကုန်ကျနေပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် စစ်ကောင်စီတပ်ဖွဲ့များအတွက် ငွေရွှင်စရာအခွင့်အလမ်းတစ်ခု ဖြစ်ခဲ့သည်။
စစ် ကောင်စီထောက်ခံသူ အများအပြားက စစ်သားသစ် စုဆောင်းခြင်းကို “ငှက်ပစ်ထွက်ကြမယ်” ဟု သုံးနှုန်းလေ့ရှိသည်။ ယခုအခါ စစ်သင်တန်းကျောင်း သွားရန် စာရင်းပေါက်နေသည့် လူငယ်များ ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိစေရန် အကြောင်းကြား စာမပို့တော့ဘဲ အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးခေါ်ကြသည်။
ထိုအခြေနေများကြောင့် စစ်ဗိုလ်ချုပ်များနေထိုင်သည့် နေပြည်တော်ရှိ ကျေးရွာများတွင် လူငယ်များ နေအိမ်တွင် မအိပ်ရဲတော့ဘဲ ကောက်ရိုးပုံ၊ တောထဲ ၊ လယ်ထဲထိ ရွှေ့ပြောင်းအိပ်နေရသည်။
စစ်ကောင်စီဘက်ကလည်း စစ်မှုထမ်းအတွက် ငွေကြေးလာဘ်ယူသူများကို အရေးယူကာ လူသစ်စုနိုင် ရေး ပိုမိုကြိုးပမ်းအားထုတ်လာသည်။ စစ်သားသစ်စုဆောင်းရေးတွင် လာဘ်ယူမှု တစ်မှုရှိကြောင်းလည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ဖမ်းမိသားကောင်များ
အာဏာသိမ်းပြီး လေးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပျောက်ဆုံး၊ သေဆုံး၊ အလောင်း ပြန် မရသည့် ဖြစ်ရပ်များစွာလည်း တွေ့မြင်နေရရာ စစ်သားသစ်အဖြစ် စုဆောင်းခံရသည့် စစ်မှုထမ်းများ လည်း သေဆုံး၊ ထွက်ပြေး၊ ဒဏ်ရာရသည့် ဖြစ်စဉ်များ ရှိနေသည်။
နှစ်ပေါင်းများစွာ လေ့ကျင့်ထားရသော စစ်သားများပင်လျှင် ရှေ့တန်းတွင် အကျအဆုံးများနေရာ လပိုင်းစစ်ရေးလေ့ကျင့်မှုသာ ရရှိထားသည့် စစ်သားသစ်များအတွက် စစ်မြေပြင်သည် သေတွင်းနေရာဟု သုံးနှုန်းမည်ဆိုလျှင် ငြင်းဆိုမည့်သူရှိနိုင်မည်မထင်ပေ။ ၎င်းတို့၏ မိသားစုဝင်များကလည်း အသက်ရှင် လျက် ပြန်လာရန်ထက် တိုက်ပွဲတွင် ဒုက္ခိတဖြစ်၍ အိမ်ပြန်ရေးကိုသာ အဓိကမျှော်လင့်နေကြရသည်။
နေပြည်တော်တွင် ၂၀၂၄ အောက်တိုဘာလက စစ်မှုထမ်းသင်တန်းတက်ပြီး ၃ လအကြာ ရခိုင် စစ်မြေပြင် တွင် ကိုယ်ထောင်သည့်မိုင်းကို ပြန်နင်းမိပြီး ထိခိုက်ဒဏ်ရာရရှိသူ အသက် ၃၂နှစ်အရွယ် အမျိုးသား တစ်ဦး နောက်တန်းစစ်မြေပြင်သို့ ပြန်မနေရဘဲ သက်သာပါက စစ်မြေပြင်ပြန်လည်စေလွှတ်ခံနေရ သည့် အခြေနေမျိုးများလည်း ရှိနေသည်။
ထို့ကြောင့် စစ်မှုထမ်းများသည် စစ်မြေပြင်ရောက်မှ တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်ပြောင်းခိုလှုံခြင်း၊ လမ်းခုလပ်တွင် ထွက်ပြေးခြင်းတို့ဖြင့် စစ်မှုထမ်းသားကောင်မဖြစ်ရေး၊ အသက်ရှင်ရေးအတွက် ထွက် ပြေးကြရသည်။
အဆိုပါဖြစ်ရပ်များကိုလည်း Myanmar Now သတင်းဌာန တွင်လည်း ရေးသားဖော်ပြထားပြီး ဖြစ်သည်။

စစ်မှုထမ်းဥပဒေနှင့် တရားဝင်လူဖမ်းစုဆောင်းမှုတွင် သားကောင်ဖြစ်ခဲ့ရသူထဲမှ အများအပြားမှာ ရှေ့တန်းစစ်မျက်နှာပြင်တွင် တော်လှန်ရေးအဖွဲ့များထံဘက်ပြောင်း ခိုလှုံနေကြသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာအတွင်း ချင်းပြည်နယ်၊ ဖလမ်းမြို့တိုက်ပွဲတွင် ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၁ ဦးတွင် ၄၃ ဦးသည် တပ်သားသစ်များ ဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) က ပြောဆိုထားသည်။
ဇန်နဝါရီတစ်လအတွင်း စစ်မှုထမ်းသစ်များအပါအဝင် စစ်ကောင်စီတပ်သား ၁၃၆ဦး ပြည်သူ့ရင်ခွင်ကို ခိုလှုံလာကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ ရက် နေ့က ထုတ်ပြန်ထားသည်။
စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီနောက် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သင်တန်းသားများကို ရှေ့တန်းမပို့ဟု ဝါဒဖြန့်ခဲ့ပြီး ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးအပါအဝင် စစ်ကောင်စီကို ထောက်ခံသည့် နိုင်ငံရေးသမားများကလည်း အစိုးရိမ်မလွန်ရန် ဝိုင်းဝန်းပြောဆိုခဲ့ကြသည်။
ပြည်သူ့စစ်မှုထမ်းများအား စစ်မတိုက်ခိုင်းဟု ဆိုခဲ့သည့် စစ်ကောင်စီ ပြောဆိုချက်သည် လိမ်ညာဝါဒဖြန့် မှုသာ ဖြစ်ခဲ့ပြီး ၁နှစ်ပြည့်ချိန်တွင် ပြည်သူ့စစ်မှုထမ်းများကို နိုင်ငံအနှံ့စစ်မျက်နှာပြင်သို့ စေလွှတ်ထားပြီး ဖြစ်သည်။
စစ်မှုထမ်းနည်းဥပဒေ
လွန်ခဲ့သည့် တစ်နှစ်ဝန်းကျင်က အသက်သွင်းခဲ့သည့် စစ်မှုထမ်းဥပဒေအတွက် နည်းဥပဒေကို စစ်ကောင်စီက ယခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့က ပြဋ္ဌာန်းလိုက်သည်။
နည်းဥပဒေ မထွက်ခင်တည်းက တစ်နှစ်ကျော်အတွင်း အရပ်သားစစ်မှုထမ်း ၅ သောင်း ခေါ်ယူနိုင်ခဲ့သည့် စစ်ကောင်စီသည် နည်းဥပဒေထွက်ပြီးနောက်ပိုင်း အခြေအနေများ ပိုဆိုးလာနိုင်ဖွယ်ရှိကြောင်း လူငယ် များလည်း တွေးမိလာကြသည်။
စစ်ကောင်စီသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အကြား လူငယ်များအား ပြည်ပထွက်ခွင့် အလုပ်လုပ်ခွင့် မျိုးစုံ ပိတ်ပင်ခံရပြီးနောက် အခက်ခဲတွေ့စေခဲ့သည်။
အာဏာရှင်ဟောင်း ဦးသန်းရွှေက ရေးဆွဲခဲ့ပြီး အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁၄တွင် အတည်ပြုခဲ့သည့် စစ်မှုထမ်းဥပဒအရ သာမန်အရပ်သားများထဲမှ ၁၈နှစ်မှ ၃၅နှစ်အတွင်း အမျိုးသားများနှင့် ၁၈နှစ်မှ ၂၇နှစ်အတွင်း အမျိုးသမီးများကို ၂နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်သည်။
အရေးပေါ် အခြေနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။
တစ်နှစ်အတွင်း အရပ်သားစစ်မှုထမ်း ၄သောင်းခွဲ စစ်တပ်အတွက် သားကောင်ဖြစ်ခဲ့ရပြီး အသက်များ သေဆုံးခဲ့မှုများသည် ပိုဆိုးရွားလာသည့် အခြေနေများနှင့် ဆက်လက်ရင်ဆိုင်ရဖွယ်ရှိနေသည်။
စစ်တပ် အာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံကို အရေးပေါ် အခြေနေ ကြေညာပြီး တစ်နှစ် တစ်ကြိမ်၊ နောက်ပိုင်းတွင် ခြောက်လတစ်ကြိမ် သက်တမ်းတိုးပြီး ၂၀၂၁ ဇန်နဝါရီ ၃၁ ရက် နေ့တွင် ခြောက်လသက်တမ်းတိုးထားသည်။
ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်ခေါင်းဆောင်ကိုယ်တိုင် ပြောဆိုထားသော်လည်း နယ်မြေမတည်ငြိမ်မှု နှင့် စစ်အင်အား ပြုန်းတီးလာမှုတို့ကြောင့် ပြည်တွင်းထဲရှိ လူငယ်များသည် စစ်မှုထမ်းသားကောင်အဖြစ် ပစ်မှတ်ထားခံနေရဦးမည်သာ ဖြစ်သည်။
မကြာသေးခင်ကလည်း စစ်မှုထမ်း အပတ်စဉ် (၁၀) သင်တန်းဖွင့်ပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ရာတွင် ကိုးကန့်တပ် (MNDAA) ထံတွင် လက်နက်ချပြီး စစ်သုံ့ပန်း အဖြစ်မှ ပြန်လွှတ်လိုက်သူ ဗိုလ်မှူးချုပ်သန့်ထင်စိုးက တက် ရောက်ခဲ့သည်ကို တွေ့ရသည်။
ကိုးကန့်တပ်၏ စစ်သုံ့ပန်းဖြစ်ခဲ့သူ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးသည် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) လက်အောက်မှ ဟိုပုံး တပ်နယ်မှူးအဖြစ် ပြန်တာဝန်ယူနေသည်။
စစ်ကောင်စီ၏သတင်းစာတွင် စစ်ကောင်စီခန့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခွန်ရဲထွေးတို့နှင့်အတူ ဗိုလ်မှူးချုပ်သန့်ထင်စိုး တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
သင်တန်းဖွင့်ပွဲတွင် ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ်သန့်ထင်စိုးက သင်တန်းအဖွင့် မိန့်ခွန်းပြောခဲ့သည် ဟု ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။
