
မကွေးတိုင်းမြောက်ပိုင်း၊ ယောဒေသ၊ ဂန့်ဂေါခရိုင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ခရိုင်တပ်ရင်းတစ်ခုက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှ ယမန်နေ့ (ဖေဖော်ဝါရီ ၁၉) တွင် နုတ်ထွက်ခဲ့ကြောင်း သိရသည်။
NUG လက်အောက်တွင် ၂ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ဂန့်ဂေါခရိုင် အမှတ် (၁၂) PDF တပ်ရင်းမှ တပ်ရင်းမှူးအပါအဝင် ရဲဘော်အဆင့်အထိ လူ ၉၀ ရာခိုင်နှုန်းက နုတ်ထွက်ခဲ့ကြခြင်း ဖြစ်သည်။
ယောဒေသအကျိုးပိုဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဇန်နဝါရီ ၁၉ ရက်နေ့တွင် အဆိုပါ PDF တပ်ရင်းကို ဝန်ကြီးဌာနထံ ပြန်လည်အပ်နှံသော်လည်း လက်မခံသဖြင့် စာတင်ပြီး နုတ်ထွက်ခဲ့ကြခြင်းဖြစ်သည်ဟု ကာယကံရှင်များထံက သိရသည်။
တပ်ဖွဲ့ဝင်အနည်းငယ် ကျန်နေခဲ့ကြောင်း ထိုတပ်ရင်းမှ နုတ်ထွက်ခဲ့သည့် ကိုအသေးလေးက ပြောသည်။
“တပ်ရင်းရှိရဲဘော်အားလုံးနှုတ်ထွက်တာတော့မဟုတ်ပါဘူး၊ အရာရှိထဲကဆိုရင် ရုံးပိုင်းကိုင်တဲ့ တပ်ရေး တာဝန်ခံနဲ့ တပ်စုမှူးတစ်ယောက် တပ်ရင်း ၁၂မှာ ကျန်ခဲ့တယ်၊ ရဲဘော်အနည်းငယ်လည်း သူတို့နဲ့အတူ ကျန်ခဲ့ပါသေးတယ်”ဟု ၎င်းက ဆိုသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်ဆင်ပေးသည့်လက်နက်များကိုလည်း ခရိုင်ကွပ်ကဲရေးရုံးထံ ပြန်လည်အပ်နှံပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
၎င်းတို့အနေဖြင့် ယောဒေသအကျိုး ပိုမိုအားစိုက်လုပ်လိုသောကြောင့် ဒေသခံတော်လှန်ရေးအင်အားစု တစ်ခု ဖြစ်ပြီး အာရက္ခတပ်တော် (AA) တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေသော ယောတပ်တော် (Yaw Army) တွင် ပြောင်းလဲတာဝန်ထမ်းဆောင်မည်ဟု ကိုအသေးလေးက ဆိုသည်။
“ စည်လုံးညီညွတ်ပြီး တပ်ပုံပိုကျတဲ့ တပ်ဖြစ်လိုတာရယ်၊ ဖျောက်ဖျက်ခံထားရတဲ့ ကျွန်တော်တို့ ယော ဒေသရဲ့သမိုင်းကို ထုတ်ဖော်ပြနိုင်ဖို့နဲ့ ယောဒေသကို ကိုယ်စားပြုတဲ့တပ်အနေနဲ့ တည်ရှိပြီး တိုက်ပွဲ ဝင်လိုတာရယ် ယောဒေသအမြန်ဆုံးလွတ်မြောက်ရေး၊ ယောဒေသနှင့် ယောပြည်သူလူထုတို့ရဲ့ ကိုယ့် ကံကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေးအတွက် ပိုမိုအားစိုက်ပြီး လုပ်ဆောင်လိုတာရယ် စတာတွေကြောင့် ယောတပ်တော်(YA) မှာ ပြောင်းလဲတာဝန်ထမ်းဆောင်ကြဖို့ ရွေးချယ်ပြီး MOD ကို နုတ်ထွက်စာ တင်ခဲ့ကြတာ ဖြစ်ပါတယ်”
ဂန့်ဂေါခရိုင် အမှတ် (၁၂) သည် စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဇူလိုင်အတွင်း ဂန့်ဂေါ မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဂန့်ဂေါတပ်ရင်း (ယောဒေသ) PDF Gangaw Battalion (Yaw Region) အဖြစ် ဖွဲ့စည်းကာ လက်နက်ကိုင်တော်လှန်ခဲ့ကြသူများ ဖြစ်သည်။
၂၀၂၂ ဧပြီလတွင် ဒေသကာကွယ်ရေးအဖွဲ့မှ NUG လက်အောက်ခံ အနောက်ပိုင်းတိုင်း တပ်မဟာ (၇)၊ အမှတ် (၇၀၁) တပ်ရင်း ဖြစ်လာခဲ့သည်။
ထိုနှစ်ကုန်တွင် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်တိုင်းအစီအစဉ်မှ စစ်ဒေသအစီအစဉ်သို့ ပြောင်းလဲ ပြင်ဆင်မှုကြောင့် အမှတ် (၁) စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ် (၁၂) တပ်ရင်းအဖြစ် ပြောင်းလဲခဲ့သည်။
လက်နက်ကိုင်တော်လှန်ရေး အစမှ ဂန့်ဂေါခရိုင် PDF တပ်ရင်းအဖြစ် ရပ်တည်ခဲ့သည့်ကာလအတွင်း တပ်ဖွဲ့ ဝင် ၃ ဦး သေဆုံး၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသည့် တပ်ဖွဲ့ဝင် ၉ ဦးအထိ ရှိခဲ့သည်။
၎င်းတို့ နုတ်ထွက်ခဲ့ကြောင်း ယမန်နေ့က လူမှုကွန်ရက် ဖေ့ဘွတ်မှတဆင့် ထုတ်ပြန်ထားပြီး နုတ်ထွက်သည့် တပ်ဖွဲ့ဝင်အရေအတွက် အတိအကျ မဖော်ပြထားပေ။
PDF တပ်ရင်းပြန်လည်အပ်နှံမှုနှင့်ပတ်သက်သည့် မူဝါဒ၊ ဂန့်ဂေါခရိုင် အမှတ် (၁၂) တပ်ရင်း အများအပြား နုတ်ထွက်မှု စသည့် အခြေအနေများနှင့်ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဆွေထံ Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဇန်နဝါရီလကုန်က NUG တောင်ပိုင်းစစ်ဒေသနှင့် အလယ်ပိုင်းစစ်ဒေသ အခြေစိုက်သည့် PDF တပ်တချို့က နေရာအပြောင်းအရွှေ့နှင့်ပတ်သက်ပြီး နုတ်ထွက်မှုများရှိခဲ့ပြီးနောက် မကွေးတိုင်း၊ ဂန့်ဂေါမှ တပ်ရင်းတစ်ခုလုံးနီးပါး အခြားတော်လှန်ရေးအဖွဲထံ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့မှု ပေါ်ပေါက်လာ ခြင်းဖြစ်သည်။

စစ်ကိုင်း၊ ချင်းပြည်နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မကွေးတိုင်းမြောက်ပိုင်း ယောဒေသတွင် လက်နက်ကိုင်တော်လှန်ရေးအစပိုင်းကာလတွင် အားကောင်းမောင်းသန်လှုပ်ရှားနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် NUG အစိုးရအနေဖြင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်များကြားတွင် ဆက်ဆံရေးတည်ဆောက်နိုင်မှုအားနည်းချက်ရှိလာသည်ဟု ယောဒေသတွင်း စစ်ရေးသတင်းရင်း မြစ်များက သုံးသပ်သည်။
“ယောဒေသဟာ အစပိုင်းမှာ လိုကယ်အဖွဲ့တွေအားကောင်းခဲ့ပြီး အခုနောက်ပိုင်းမှာ MOD တပ်ရင်းတွေ ဗျူဟာတွေလည်း အားကောင်းလာပါတယ်။ လိုကယ်တွေအားကောင်းချိန်မှာ NUG အနေနဲ့ မစည်းရုံး နိုင်ခဲ့ပါဘူး။ MOD တပ်ရင်းတွေထူထောင်တဲ့ အချိန်မှာလည်း ဒေသနဲ့ကိုက်ညီတဲ့အုပ်ချုပ်ရေး၊ နိုင်ငံရေး ဦးဆောင်မှုမပေးနိုင်ဘဲ ပြဿနာတွေပဲဖြစ်နေတဲ့ အတွက် စစ်ရေးမှာပါ အောင်မြင်မှုနည်းပါးနေခဲ့တာပါ”
ကာကွယ်ရေးဝန်ကြီးဌာန၏ ထောက်ပံ့မှု၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး ဦးဆောင်မှုများ မလုံလောက် သဖြင့် ဂန့်ဂေါခရိုင် အမှတ် (၁၂) တပ်ရင်း နုတ်ထွက်ခြင်း ဖြစ်နိုင်ကြောင်း ဒေသတွင်းအခြေအနေ သိရှိသည့် အထက်ပါ စစ်ရေးလေ့လာသူက သုံးသပ်သည်။
ယောတပ်တော်ကို ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ လောင်းရှည်၊ ဆော၊ ကျော စသည့် ယောဒေသမှ လူငယ် တော်လှန်ရေးသမားများနှင့် စုဖွဲ့ထားပြီး ယမန်နှစ် နှစ်လယ်ပိုင်းမှ စတင်ကာ စစ်ရေးလှုပ်ရှားမှုများ စတင်ခဲ့ သည်။
လက်ရှိတွင် အာရက္ခတပ်တော် (AA)၊ ချင်းတော်လှန်ရေးအဖွဲ့များစုစည်းထားသည့် ချင်းညီနောင်အဖွဲ့ (CB) တို့နှင့်အတူ ပူးတွဲတိုက်ပွဲဝင်ကာ စစ်ရေးအတွေ့အကြုံ ရယူနေသည်ဟု ယောတပ်တော်က ထုတ်ဖော် ပြောထားသည်။
၂၀၂၄ ချင်းပြည်နယ် မတူပီ၊ မင်းတပ်မြို့သိမ်းတိုက်ပွဲများတွင် ယောတပ်တော်လည်း ပါဝင်ခဲ့သည်။
PDF ဂန့်ဂေါတပ်ရင်းမှ နုတ်ထွက်လာသော တော်လှန်ရေးတပ်ဖွဲ့ဝင်များ ယမန်နေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ တွင် စတင်ပူးပေါင်းလာပြီး အခြားတပ်ရင်းတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများလည်းရှိကြောင်း ယောတပ်တော် (Yaw Army) က လည်း ယမန်နေ့က ထုတ်ပြန်သည်။
သို့သော်လည်း ပူးပေါင်းဆောင်ရွက်နေသည့် တပ်ရင်းတပ်ဖွဲ့များနှင့်ပတ်သက်ပြီး စစ်ရေး အခြေအနေ အရ ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း YA ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ယောတပ်တော်သည် ဂန့်ဂေါ၊ ဆော၊ ထီးလင်း ယောဒေသတွင် အဓိက စစ်ရေးလှုပ်ရှားပြီး မဟာမိတ် များနှင့်အတူ လိုအပ်သည့်အခြားဒေသများတွင်လည်း ပူးတွဲတိုက်ခိုက်လျက်ရှိကြောင်း ထိုအဖွဲ့ထံက သိရ သည်။
ယောတပ်တော်အနေဖြင့် NUG အစိုးရကို တော်လှန်ရေး အစိုးရတစ်ရပ်အနေနှင့် အသိ အမှတ်ပြုထားသည်ဟု ၎င်းက ဆိုသည်။
“မြေပြင်မှာလည်း NUG ရဲ့ယန္တရားတွေနဲ့ ယေဘုဘျအားဖြင့် အဆင်ပြေတဲ့ ဆက်ဆံရေးရှိပါတယ်။ NUG အနေနဲ့လည်း ဖက်ဒရယ်ကိုသွားနေတာဖြစ်တော့ ကျွန်တော်တို့ရဲ့ဆန္ဒကို သိမယ်၊ နားလည်မယ်လို့ မျှော်လင့် ပါတယ်။ လုပ်လို့ရနိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလုပ်ဆောင်သွားမှာပါ”ဟု YA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
နိုင်ငံအလယ်ပိုင်းရှိ တော်လှန်ရေးအင်အားစုများနည်းတူ လက်နက်ခဲယမ်းလိုအပ်နေသော်လည်း စစ်တပ်ပုံစံကျသည့်တပ်ဖွဲ့ တည်ဆောက်ရန် ဦးစားပေးလုပ်ဆောင်နေကြောင်း ယောတပ်တော် ပြောရေးဆိုခွင့်ရှိသူကပြောသည်။
“တပ်ပုံမကျရင် ဘယ်သူမှယုံယုံကြည်ကြည် လက်နက်ခဲယမ်းကူညီမှာမဟုတ်သလို ပြည်သူကလည်း ရေရှည် အားကိုးထောက်ပံ့မှာမဟုတ်ပါဘူး”
ယောဒေသသည် အမဲလိုက်တူမီးဖြင့် တော်လှန်ရေး အစပြုချိန်ကတည်းက လက်နက်ကိုင် လှုပ်ရှားမှုအားကောင်းခဲ့ပြီး ကျေးလက်ဒေသ အများစုကို နယ်မြေစိုးမိုးထားသည်။ ယောဒေသတွင် NUG အစိုးရ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ YPDF, ချင်းအမျိုးသားတပ်မတော် CNA, ချင်းဒေသကာကွယ်ရေးအဖွဲ့ (ကလေး၊ ကဘော်ဒေသ) CDF KKG, ယောကာကွယ် ရေးတပ် (YDF) နှင့် ယောတပ်တော် တို့လည်း လှုပ်ရှားသည်။
