သတင်း

တပ်နေရာအရွှေ့အပြောင်းကြောင့် PDF တပ်တချို့ NUG ထံမှ နုတ်ထွက်

NUG သည် စစ်ဆင်ရေးအရ တပ်အပြောင်းအရွှေ့များရှိနေရာ အခြေစိုက်ရာနေရာမှ မပြောင်းရွှေလိုဘဲ တော်လှန်ရေးဆက်လုပ်လိုသည့် တပ်ဖွဲ့များနှင့် စစ်ကြောင်းများကို လက်နက်များပြန်အပ်၍ နုတ်ထွက် ခွင့် ပြုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ် တချို့သည် နေရာအပြောင်းအရွှေ့နှင့်ပတ်သက်၍  သဘောထားကွဲလွဲမှုများရှိကာ နုတ်ထွက်မှုများ  ပြုလုပ်လာသည်။

မကြာသေးခင်က NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ တောင်ပိုင်းစစ်ဒေသနှင့် အလယ်ပိုင်း စစ်ဒေသတွင် အခြေစိုက်သော စစ်ကြောင်း ၂ ကြောင်းနှင့် တပ်ရင်း ၂ ရင်းသည် MOD ထံ နုတ်ထွက် ခွင့်များ အသီးသီးတင်ခဲ့ကြပြီး MOD ဘက်ကလည်း ၂၀၂၅ ခုနှစ်ဇန်နဝါရီလမှ စတင်ကာ ခွင့်ပြုပေး လိုက်သည်။

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ (၃) တွင် လှုပ်ရှားသည့် ကျားဖြူနှင့် ဂဠုန်စစ်ကြောင်းတို့ နုတ်ထွက် ကြခြင်းဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေဖြစ်သော ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် အခြေချလှုပ်ရှားသည်။

ထိုစစ်ကြောင်း ၂ ခုကို ဇန်နဝါရီလ ၂၉ ရက်တွင် MOD က နုတ်ထွက်ခွင့်ပေးလိုက်သည်။

တောင်ပိုင်းဒေသစစ်ကြောင်း ၂ ခု  နုတ်ထွက်ရခြင်းမှာ ၂၀၂၄ ခုနှစ် ဇွန်လတွင် ထွက်လာသည့် JOC -Joint Operation Command (ပူးတွဲစစ်ဆင်ရေးများကွပ်ကဲရေးဌာနချုပ်) က ထုတ်သော အမိန့်ညွှန် ကြားချက်နှင့် အဓိက သက်ဆိုင်သည်။

JOC သည် NUG ၏ MOD နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တို့အကြား စစ်ရေး ပူး ပေါင်းဆောင်ရွက်ရန် ဖွဲ့ထားသော တောင်ပိုင်းစစ်ဒေသ၏ စစ်ဘက်ဆိုင်ရာအဆင့်မြင့်ကွပ်ကဲရေးအဖွဲ့ ဖြစ်သည်။

JOC တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ ၊ NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်နှင့် တောင်ပိုင်း စစ်ဒေသ ဒုစစ်ဒေသမှူး ရဲဘော်စောရှားတို့ ပါဝင်သည်။

JOC ထုတ်လိုက်သည့်အမိန့်တွင် ကရင်ပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်တောင်ပိုင်းနှင့် တနင်္သာရီ တိုင်းနယ်မြေများ အကျုံးဝင်သော စစ်ဒေသခွဲ အမှတ် (၃) မှ PDF စစ်ကြောင်းများသည် စစ်ဆင်ရေး လိုအပ်ချက်အရ စစ်ဒေသခွဲအမှတ် (၂) ဘက်သို့ရွှေ့ရမည် ဆိုသည့် အချက်ပါကြောင်း အဆိုပါ PDF စစ်ကြောင်းများနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

၂၀၂၂ ခုနှစ် ဇူလိုင်တွင်တွေ့ရသည့် ကျားဖြူတပ်ခွဲ (၁) မှ ရဲဘော်များ။ (ဓာတ်ပုံ- Albino Tiger Company-1 )

စစ်ဒေသခွဲ အမှတ် (၂) တွင် ကရင်ပြည်နယ်မြောက်ပိုင်း ၊ မွန်ပြည်နယ်မြောက်ပိုင်း ၊ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့ပါဝင်သည်။ 

သို့သော် လက်ရှိတွင် PDF တပ်များသည် ပဲခူးတိုင်းအရှေ့ ၊ ကရင်ပြည်နယ်မြောက်ပိုင်းနှင့်  မွန်ပြည်နယ် မြောက်ပိုင်းတို့ တွင်သာ စိုးမိုးနယ်မြေအချို့ ထူထောင်ထားနိုင်သည်။

JOC အမိန့်ကို PDF စစ်ကြောင်းအများစုက သဘောတူသော်လည်း ကျားဖြူနှင့် ဂဠုန်စစ်ကြောင်းတို့ သည် စစ်ဒေသခွဲ (၂) သို့မရွှေ့လိုဘဲ ၎င်းတို့ အခြေုပြုရာဒေသတွင်သာ ဆက်နေ၍ တော်လှန်ရေး လုပ်လိုကြသည်။

MOD အနေဖြင့်လည်း ၎င်း၏ တပ်ရွှေ့ရမည်ဆိုသည့်အမိန့်ကို မလိုက်နာနိုင်သည့် စစ်ကြောင်းများအား နုတ်ထွက်စာ တင်လာပါက နုတ်ထွက်ခွင့် ပြုမည်ဆိုသည့် သဘောထားအရိပ်အယောင်များ ရှိသည်။

ထို့ကြောင့် တပ်မရွှေ့နိုင်သည့် စစ်ကြောင်း၂ ခုက နုတ်ထွက်သွားခြင်းဖြစ်ကြောင်း အထက်ပါ PDF နှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။

“စစ်ကြောင်းအားလုံးရွှေ့ရမယ်။ မရွှေ့ဘူးဆိုရင် တစ်ကြောင်းကြောင်းကို ထားခဲ့မယ်ဆိုရင် ကျန်တဲ့ စစ်ကြောင်းတွေပါ နေခဲ့မှာစိုးတဲ့အတွက်ပေါ့။ အဲဒီအခါမှာ ကျားဖြူက အစကတည်းက မလိုက်နိုင်ဘူး ဆိုပြီး သဘောထားထွက်လာတယ်။ ဂဠုန်ကတော့ ကနဦးအစောပိုင်းတုန်းက အင်အားဘယ်လောက် ထုတ်မယ်ဆိုတာမျိုးပြောတယ်။ နောက်ပိုင်းတော့ သူတို့လည်း မလိုက်နိုင်ဘူး.. မလိုက်နိုင်တဲ့အတွက် နုတ်ထွက်မယ် ဆိုတာမျိုးဖြစ်လာတယ်” ဟု ဆိုသည်။

ကျားဖြူစစ်ကြောင်းတွင် ဒုစစ်ကြောင်းမှူး တာဝန်ယူခဲ့သည့် ဗိုလ်ကျော်ဟိန်းကလည်း တပ်မရွှေ့နိုင် သဖြင့် NUG ထံမှ နုတ်ထွက်ရခြင်းဖြစ်ကြောင်း Myanmar Now ကို အတည်ပြုသည်။

“ကျွန်တော်တို့ အောင်ဇေယျစစ်ကြောင်းကို သုတ်သင်ရှင်းလင်းနေတဲ့အချိန်မှာ တပ်ရွှေ့ဖို့ကိစ္စ က မဖြစ်နိုင်ဘူးပေါ့ဗျာ။ တကယ်လို့ ပြောင်းရွှေ့မယ်ဆိုရင် ကျွန်တော်တို့က ကရင်ပြည်နယ်ကို ဥပက္ခာ ပြုတဲ့သဘော သက်ရောက်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကရင်ပြည်နယ်ကပဲ တော်လှန်ရေးသမား တွေကို မွေးထုတ်ပေးခဲ့တယ်” ဟု ၎င်းက ဆိုသည်။

ကရင်ပြည်နယ်တွင် စစ်ပွဲများ ဆက်ရှိနေဆဲဖြစ်ပြီး အခက်အခဲဖြစ်နေချိန် ကရင်တပ်များနှင့်အတူ စစ်ကောင်စီတပ်တိုက်ခိုက်ရေးတွင် အားဖြည့်ပါဝင်လိုသဖြင့် ကရင်ပြည်နယ်တွင်သာ တော်လှန်ရေး ဆက်လုပ်ရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဗိုလ်ကျော်ဟိန်းက ရှင်းပြသည်။

နုတ်ထွက်ပြီးနောက် တပ်မဟာ (၆) နယ်မြေ  KNLA မှ တပ်မှူးစောကျော်သက် ဦးဆောင်သည့် အမှတ် (၃၁) ဗျူဟာကွပ်ကဲမှုအောက်တွင် ဗိုလ်ကျော်ဟိန်းစစ်ကြောင်းအမည်ဖြင့် ဆက်ရှိမည်ဖြစ်သည်ဟု ဆိုသည်။ NUG နှင့် မိတ်ဖက်အဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ကျားဖြူစစ်ကြောင်းတွင်  တပ်ဖွဲ့ဝင် အင်အားမှာ ၂၀၀ ခန့်ရှိနိုင်ပြီး NUG ၏ PDF အဖြစ် ဆက်လက် ရပ်တည်လိုသည့်သူ ၆၀ ခန့်လည်း ရှိကြောင်း PDF စစ်ကြောင်းများနှင့် နီးစပ်သူက ဆိုသည်။ထိုသူများသည် Southern Eagle တပ်ဖွဲ့အဖြစ် ပြန်ဖွဲ့စည်းကာ စစ်ဒေသခွဲအမှတ် (၂) သို့ ရွှေ့ ပြောင်း တာဝန်ထမ်းရန် စီစဉ်ထားကြောင်း PDF စစ်ကြောင်းများနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

Southern Eagle PDF တပ်ဖွဲ့ဝင်များ။

ဂဠုန်စစ်ကြောင်း နှုတ်ထွက်ရခြင်းနှင့်ပတ်သက်၍ ဂဠုန်စစ်ကြောင်းထံ Myanmar Now က အွန်လိုင်းမှ တဆင့် စာပို့မေးမြန်းထားသော်လည်း ပြန်ဖြေခြင်းမရှိပေ။

ဖေဖော်ဝါရီ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ဂဠုန်စစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်နေ့ မှစတင်ကာ NUG ၏ MOD အောက်တွင် တောင်ကြာအင်း ၊ ကော့ဘိန်း ၊ ချောင်းနှစ်ခွနှင့် ကမ်းနီ စသည့် တိုက်ပွဲများ တိုက်ခဲ့ကြောင်း ရေးသားထားသည်။

တော်လှန်ရေးတိုက်ပွဲအတွင်း ရဲဘော် ၂၀ ဦး သေဆုံးခဲ့ပြီး ကိုယ်လက်အင်္ဂါပေးခဲ့ရသည့် ရဲဘော် ၅ ဦး ရှိကြောင်း ဖော်ပြထားသည်။ 

MOD အောက်တွင် ဆက်တာဝန်ထမ်းရန် ဆန္ဒမရှိသောကြောင့် နုတ်ထွက်ခြင်းဖြစ်ပြီး တော်လှန်ရေးကို သစ္စာမဖောက်ဘဲ ဆက်လက်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း ပါရှိသည်။

PDF စစ်ကြောင်းများနှင့် နီးစပ်သည့် အထက်ပါသတင်းရင်းမြစ်အမျိုးသားက ဂဠုန်စစ်ကြောင်းသည် ၈၈ မျိုးဆက် တော်လှန်ရေးသမားများ ဦးဆောင်ပြီး မွန်တော်လှန်ရေးတပ်များနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိကြောင်း ပြောသည်။

၎င်းတို့ ကိုယ်ထူကိုယ်ထထူထောင်ထားသော စစ်သင်တန်းကျောင်း ၊ ဒရုန်းတပ်ဖွဲ့ ၊ ဆက်သွယ်ရေး တပ်ဖွဲ့ ၊ လက်နက်ထုတ်လုပ်ရေး စသည့် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များအပြည့်အစုံရှိသည့် စစ်ကြောင်း လည်း ဖြစ်ကြောင်း ဆိုသည်။

မွန်စစ်မျက်နှာတွင် မွန်တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ တော်လှန်ရေးဆက်လုပ်လိုသဖြင့် စစ်ဒေသခွဲ အမှတ် (၂) သို့ မလိုက်လိုသည့် သဘောရှိကြောင်း၊ ၎င်းက ဆက်ပြောသည်။

နုတ်ထွက်ကြသော ဂဠုန်စစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်း ၂ ကြောင်းလုံးသည် ၎င်းတို့အား MOD က ထုတ်ပေးထားသော လက်နက်အများစုကို ပြန်အပ်ထားကြသည်။

ထို့အတူ ပြန်မအပ်ရသေးသည့် လက်နက်များလည်းရှိပြီး ရှေ့တန်းတွင် လတ်တလောပို့ထားရသဖြင့် ပြန်မအပ်နိုင်သေးခြင်းဖြစ်သည်ဟု ယင်းစစ်ကြောင်းများဘက်က ဆိုကြောင်း သိရသည်။

 (၇၇) ကြိမ်မြောက်အာဇာနည်နေ့ တွင် ကျားဖြူစစ်ကြောင်း ၊ မွန်လွတ်မြောက်ရေးတပ် ရဲဘော်များနှင့်အတူ တွေ့ရသော ဂဠုန်စစ်ကြောင်းမှ ရဲဘော်များ။ (ဓာတ်ပုံ- ဂဠုန်စစ်ကြောင်း)

အလယ်ပိုင်းစစ်ဒေသ

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်တွင် လှုပ်ရှားသည့် အလယ်ပိုင်းစစ်ဒေသအောက်မှ အမှတ် (၁၀၀၅) တပ်ရင်း နှင့် အမှတ် (၁၀၀၈) တပ်ရင်းတို့သည် NUG လက်အောက်တွင် မရှိသော ရှမ်းတောင်ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) နှင့် ပူးပေါင်း၍ စုဖွဲ့မှုပုံစံတစ်ခုဖြင့် တော်လှန်ရေးဆက်လုပ်လိုသောကြောင့် နုတ်ထွက် ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ကြေညာချက်တွင် ရေးထားသည်။

နုတ်ထွက်ခွင့်ပေးသည့်အပေါ် MOD ကို ကျေးဇူးတင်ကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် ကြေညာ ချက် ထုတ်ထားသည်။

အမှတ် (၁၀၀၅) တပ်ရင်း ၊ အမှတ် (၁၀၀၈) တပ်ရင်းတို့နှင့် နီးစပ်သူအချို့ကမူ ပထဝီနိုင်ငံရေးအရ ရှမ်းပြည်နယ်တောင်ပိုင်းကို အခြေခံသည့် တော်လှန်ရေးတပ်အဖြစ်သာ ရပ်တည်လိုသောကြောင့် MOD အောက်က နုတ်ထွက်ရခြင်းဖြစ်ကြောင်း ဆိုသည်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း တပ်ရင်းအချို့ MOD အောက်မှ နုတ်ထွက်ရခြင်းတွင် အကြောင်းအရင်း ၁ ခုမကရှိနိုင်ကြောင်း ဖေဖော်ဝါရီလ ၂ ရက်က အွန်လိုင်းမှတစ်ဆင့်ပြုလုပ်သည့် နွေဦးတော်လှန်ရေး ဥရောပစကားဝိုင်းတွင် ပြောထားသည်။

ပထမအချက်မှာ MOD က လက်နက်ပြည့်စုံစွာ မတပ်ပေးနိုင်သောကြောင့် လက်နက်တပ်ပေးနိုင်သည့် အဖွဲ့ အောက်တွင် အလုပ်လုပ်မည်ဟု စဉ်းစားခြင်းဖြစ်ပြီး ဒုတိယအချက်မှာ တပ်ရွှေ့ပြောင်းရမည့် အစီအစဉ်တွင် မလိုက်ပါနိုင်သောကြောင့် ဖြစ်ကြောင်း ဦးရည်မွန်က ပြောသည်။

“ကျွန်တော်တို့ ထွက်ခွင့်ရအောင် လမ်းဖွင့်ပေးဖို့ရှိတယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။ သို့သော် တော် လှန်ရေးထဲမှာ တစ်ထောင့်တစ်နေရာကနေ ဆက်ပြီးတော့ အလုပ်လုပ်နေတယ်ဆိုရင် MOD COC (အမိန့် ပေးကွပ်ကဲမှု) အောက်မှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီတပ်ဖွဲ့တွေကိုလည်း တန်ဖိုးထားပါ တယ် ” 

သို့သော် နုတ်ထွက်သွားပါက MOD ဘက်က တပ်ဆင်ပေးထားသော လက်နက်များကို ပြန်လည် အပ်နှံ ရမည် ဟု ဦးရည်မွန်က ပြောသည်။

လက်ရှိအချိန်အထိ လက်နက်ပြန်ပေးသူများရှိသလို မပေးရသေးသည့်အဖွဲ့များလည်းရှိနေကြောင်း NUG ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

၁၀၀၅ တပ်ဖွဲ့ဝင်များ ကို ၂၀၂၄ ဒီဇင်ဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-1005 Infantry)

Show More

Related Articles

Back to top button