
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းပိုက်ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို ယမန်နေ့ (ဖေဖော် ဝါရီ ၁၈) ညပိုင်းက လေကြောင်းဖြင့် တိုက်ခိုက်ရာ စစ်ရှောင်အမျိုးသမီး ၁ ဦး သေဆုံး ပြီး၊ ၂ နှစ်အရွယ် ကလေးနှင့် အမျိုးသား ၁ ဦးတို့ ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများနှင့် စစ်ရေး သတင်းရင်းမြစ်များထံက သိရသည်။
စဉ့်ကူးမြို့အရှေ့ဘက် ၅ မိုင်ခန့်အကွာ လက်ပံလှကျေးရွာ၊ ပြည်စိုးအောင်ရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်းအနီး ယမန်နေ့ ည ၁၀း၄၀ မိနစ်ခန့်တွင် စစ်လေယာဉ် ၁ စီး ပျဲသန်းလာပြီး ဗုံး ၁ လုံး ကြဲချခဲ့ရာ စာသင်ကျောင်းနှင့် အနီးရှိ နေအိမ် ၁ လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့သည်။
စာသင်ကျောင်းနှင့်ကပ်လျက်နေအိမ်တွင် နေထိုင်သော လက်ပံလှကျေးရွာသို့ စစ်ရှောင်ရောက်နေသူ စဉ့်ကူးမြို့ခံ အသက် ၄၃ နှစ် အရွယ် မစန်းစန်းမွန် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးကာ အသက် ၅၃ နှစ်အရွယ် ဦးခင်မောင်မြင့်၊ ၂ နှစ်အရွယ် မိန်းကလေးငယ် တို့မှာ ဦးခေါင်းဒဏ်ရာများ ရရှိ သွားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက Myamar Now ကို ပြောသည်။
“ပေါင်၅၀၀ တစ်လုံး ကြဲချသွားတာ။ လေယာဉ်ကြဲပြီးပြီးချင်း အဲဒီနေရာကိုကျွန်တော် သွားကြည့်တယ်။ ခေါင်းကို မှန်တာဆိုတာ ဘယ်သူဘယ်ဝါတောင်မသဲကွဲတော့ဘဲ ရုပ်ပျက်ဆင်းပျက်ကို ဖြစ်သွားတာ။ ဘေးနားလည်း အဆောက်အအုံ မီးတွေလည်းလောင်လို့”ဟု အသက် ၃၀ အရွယ် အထက်ပါ ဒေသခံ အမျိုးသားက ဆိုသည်။
တိုက်ခိုက်ခံရသည့် စာသင်ကျောင်းတွင် ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များ နေထိုင်သည်ယူဆကာ ယင်းသို့လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံး မီးလောင်ခဲ့ပြီး၊ စာသင်ကျောင်းလည်း ပျက်စီးခဲ့ ကြောင်း သိရသည်။
လက်ပံလှကျေးရွာ အလယ်တန်းကျောင်း အနီး ဒေသတော်လှန်ရေးတပ်ဖွဲ့များ ယခင်က နေထိုင်ခဲ့ဖူးရာ စစ်တပ်က လာရောက်ဗုံးကြဲနေသည်မှာ ၂ ကြိမ်ရှိပြီဖြစ်ကြောင်း အထက်ပါဒေသခံက ဆိုသည်။
စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများသည် နေရာကျယ်ဝန်းကာ အခြေချတပ်စွဲ၍ ရသည့်အခြေအနေ ဖြစ်သောကြောင့် နှစ်ဖက်တပ်များ ဝင်ရောက်နေထိုင်မှုများ ရှိကြသည်။

ယခုနှစ် ဇန်နဝါရီ ၂၆ ရက်က မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာ ၊ မူလတန်းကျောင်း လေကြောင်းမှ တိုက်ခိုက်ခံရစဉ် အရပ်သား ၆ ဦးနှင့် လက်နက်ကိုင်တော်လှန်ရေးသမား ၁၂ ဦး သေဆုံးခဲ့ သည်။
ယင်းကာလများမှာပင် PDF နယ်မြေစိုးမိုးသော ပဲခူးတိုင်းအရှေ့ပိုင်း ၊ ညောင်လေးပင်မြို့နယ်၊ ကျေးရွာ တချို့ရှိ ဘုန်းကြီးကျောင်းများ လေကြောင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး အမျိုးသမီးကြီး ၁ ဦး သေဆုံးကာ ဒေသခံရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
နိုင်ငံအလယ်ပိုင်း စီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့နှင့် ၅၄ မိုင်ကွာဝေးသည့် စဉ့်ကူးမြို့နယ် အတွင်းရှိ စစ်ကောင်စီစခန်းများအားလုံးနှင့် စဉ့်ကူးမြို့ကို ယမန်နှစ် ဇူလိုင် ၁၇ ရက်နေ့မှ ယနေ့အချိန်ထိ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)နှင့်တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားဆဲဖြစ်သည်။
စစ်ကောင်စီတပ်သည် စဉ့်ကူးမြို့ကို ပြန် ရရန် ရေကြောင်းမှတဆင့် အပြင်းအထန်ကြိုးပမ်းခဲ့သော်လည်း အထိအခိုက်များဖြင့် ဆုတ်ခွာခဲ့ပြီးနောက် ၂၀၂၄ ဩဂုတ်လဆန်းမှ စ၍ လေကြောင်းဗုံးကြဲမှုများ ပြုလုပ်လာခြင်းဖြစ်သည်။
ထိုစဉ်က (ဩဂုတ် ၅ ရက် ညနေတွင်) ထိုစဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာသို့ စစ်ကောင်စီက လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၁ ဦး သေဆုံးပြီး၊ ကျေးရွာစာသင်ကျောင်း၊ ဆေးရုံ၊ ကျေးရွာလျှပ်စစ်ဓာတ် အားပေးရုံတို့ ထိခိုက်ပျက်စီးခဲ့သည်။
ထိုစဉ်က ဩဂုတ် ၅ နှင့် ၆ ရက် နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့ခြင်းဖြစ်ရာ စဉ့်ကူးမြို့နယ်တဝိုက်မှ ဒေသခံ စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့သည်။
တော်လှန်ရေးသိမ်းပိုက်ထားသည့်နယ်မြေများကို စစ်ကောင်စီအနေဖြင့် လေကြောင်းမှ အညှိုးတကြီး တိုက်ခိုက်နေခြင်းသည် “မစားရသည့်အမဲ၊သဲနှင့်ပက်ခြင်း”ဟု တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သည့် စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“သူတို့က စဉ့်ကူးဖက် ရွှေတောနယ်တွေတို့ မကြာခဏ လေယာဉ်လာကြဲတာသာရှိတာ။ ဟိုလို တိုက်ပွဲ ဖော်နိုင်ခြင်း၊ လာတိုက်ခြင်းမရှိဘူး။ မတ္တရာဖက်အခြမ်းပဲ တိုက်ပွဲရှိတာ။ ဒီဖက်က လွတ်မြောက်နယ်မြေ ကြေညာထားပြီးသား”ဟု ယင်းအမျိုးသားက ဆိုသည်။
စဉ့်ကူးမြို့နယ်တွင် MDY- PDF အပြင် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အမှတ်(၅၀၉) ၊ (၅၁၀) PDF တပ်ရင်းများက တစ်မြို့လုံးဖြန့်ကျက်ကာ ထိန်းချုပ်ထားသည်။
လွတ်မြောက်နယ်မြေဖြစ်သွားသည့်အတွက် ဒေသခံအချို့လည်းစဉ့်ကူးမြို့ပေါ်မှအပ ပြန်လည်နေထိုင်မှု များရှိသည်ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။
“မြို့ပေါ်ကတော့ နယ်မြေရှင်းလင်းရေးတွေမပြီးသေးတော့ ဒေသခံတွေကို အဝင်မခံသေးဘူး။ စဉ့်ကူး တဝိုက်ရွာတွေမှာတော့ ဒေသခံတွေပြန်နေကြတာတွေရှိတယ်”
စဉ့်ကူးမြို့သည် မန္တလေး-မိုးကုတ်လမ်းမကြီးပေါ်တွင်တည်ရှိပြီး စိုက်ပျိုးရေးနှင့်ရွှေတူးဖော်ရေးလုပ်ငန်း များနှင့်အသက်မွေးကြသည့်ဒေသဖြစ်သည်။
မြို့၏တောင်ဘက်တွင် တိုက်ပွဲပြင်းထန်နေသည့် မတ္တရာမြို့၊မြောက်ဘက်တွင် တိုက်ပွဲများဆက်လက် ဖြစ်ပွားနေသည့် သပိတ်ကျင်းမြို့နယ်တို့တည်ရှိပြီး မြို့နယ်အနောက်ဖက်ခြမ်း ဧရာဝတီမြစ်တစ်ဖက်ကမ်း တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တို့ တည်ရှိသည်။
စစ်တပ်က အာဏာသိမ်းပြီး ၄ နှစ်ကျော် ကြာမြင့်လာချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့အရေအတွက် ၈ မြို့ ရှိလာပြီဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် ခမ်းပတ်၊ မြို့သစ်၊ ရွှေပြည်အေး၊ မော်လူး၊ ပင်လည်ဘူးမြို့တို့ ဖြစ်ကြပြီး မန္တလေးတိုင်းတွင် စဉ့်ကူး၊ တကောင်း၊ သပိတ်ကျင်းတို့ဖြစ်ကြသည်။
စဉ့်ကူးမြို့တောင်ဘက် ၊ မန္တလေးမြို့အထက်တွင်ရှိသော မတ္တရာနယ်တွင်မူ တိုက်ပွဲများ ပြင်းထန်နေရာ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၆ နှင့် ၁၈ တို့တွင် နှစ်ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲခဲ့သည်။
စစ်ကောင်စီသည် မြန်မာနိုင်ငံအလယ်ပိုင်းအပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ရခိုင်တပ် AA နှင့် တအာင်းတပ် (TNLA) ထိန်းချုပ်နယ်မြေများ၊ ကချင်တပ် KIA နယ်မြေများအပါအဝင် နိုင်ငံအနှံ့ကို လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများ၊ ဒရုန်းတိုက်ခိုက်မှုများကို ယခုနှစ်ဆန်းတွင် ခပ်စိတ်စိတ် လုပ်နေသည်။
လတ်တလောတွင် အပစ်ရပ်သဘောတူထားသည့် ကိုးကန့်တပ် MNDAA နယ်မြေကိုသာ ဗုံးကြဲမှုများ ရပ် တန့်ထားသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူထားသော သတင်း အချက်အလက်များအရ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ကြောင့် ၂၅၀ ဦး သေဆုံးခဲ့ကာ ၁၃၁ ဦးမှာ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ၈၇ ဦး သေဆုံးခဲ့သည်။