အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မတ္တရာအရှေ့ခြမ်းတွင် တိုက်ပွဲပြင်းထန်၊ လေတပ်က ၂ ရက်ဆက် ဗုံးကြဲ

မန္တလေးအနီးတွင် ထိတွေ့တိုက်ပွဲများ ပေါ်ပေါက်ခဲ့ပြီးနောက် ပြင်းထန်သည့် တိုက်ပွဲများ ၂ ရက်ဆက် ဖြစ်ပွားနေရာ စိုက်ခင်းများတွင် သီးနှံ ရိတ်သိမ်းရန် ခက်ခဲနေပြီး စစ်ရှောင်များလည်း ရိက္ခာ လိုအပ်နေသည်။

မန္တလေးမြို့၏ မြောက်ဘက် မိုင်(၂၀) အကွာအဝေးရှိ မတ္တရာမြို့နယ်တွင် တိုက်ပွဲ ပြင်းထန်နေရာ စစ်ကောင်စီက နှစ်ရက်ဆက်တိုက်  ဗုံးကြဲတိုက်ခိုက်သည်ဟု သိရှိရသည်။

မတ္တရာအရှေ့ဘက် ၁၀ မိုင်ခန့်အကွာ မြောင်းသစ်ကျေးရွာအနီး တိုက်ပွဲမှာ ယနေ့ (ဖေဖော်ဝါရီ ၁၇)  နံနက်တွင်လည်း ဆက်ဖြစ်ပွားနေသည်ဟု  အသက်၂၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“မနေ့ မနက်က ရဟတ်ယာဉ်နှစ်စီးနဲ့လာကြဲတယ်။ နောက်ပြီး ည၁နာရီလောက်မှာ ထပ်ပြီး လာကြဲတယ်။ အထိအခိုက်တွေရှိတယ်။ စုံစမ်းနေတုန်းပဲ” ဟု ၎င်းက ပြောသည်။

ယနေ့မနက်ပိုင်းတွင်လည်း  မြောင်းသစ်ကျေးရွာအပါအဝင် မတ္တရာအရှေ့ပိုင်းကျေးရွာအချို့ကို ဗုံးကြဲချခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

 တိုက်ခိုက်မှုကြောင့် ဒေသခံများ ထိခိုက်မှု အခြေအနေ မည်သို့ရှိသည်ကို မသိရသေးပေ။

တိုက်ပွဲအခြေအနေအသေးစိတ်ကို သိရှိနိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) မှ သတင်းပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်ကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

မတ္တရာမြို့နယ်အရှေ့ပိုင်းတွင် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲငယ်များ ဖြစ်နေသည်ဟု ကိုအော်စမွန်က  Myanmar Now ကို လဆန်းပိုင်းတွင် ပြောထားသည်။

စစ်ကောင်စီက တိုက်ပွဲသတင်းများကို ထုတ်ပြန်လေ့မရှိပေ။

စစ်တပ်ဝါဒဖြန့်  စာမျက်နှာများကမူ မြောင်းသစ်ကျေးရွာ တိုက်ပွဲတွင်  စစ်သား ၃ ဦးဒဏ်ရာရရှိခဲ့ပြီး၊ PDFများ၏ အလောင်း ၂လောင်းနှင့် သေနတ် ၃ လက် သိမ်းဆည်းရမိကြောင်း ရေးသားထားကြသည်။ ထိုကိန်းဂဏန်းများကို သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

၂၀၂၄ ခုနှစ် ဇွန်၂၅ မှ စတင်ကာ MDY-PDFက   မတ္တရာမြို့နယ်အတွင်း  ထိုးစစ်ဆင်ခဲ့ပြီး မတ္တရာမြို့နယ်မှ စခန်း ၃၂ ခုနှင့် ပုသိမ်ကြီးမြို့နယ်မှ Alpha ဘိလပ်မြေစက်ရုံ၊ စစ်ကောင်စီ၏ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမောင်ကိုပိုင်ဆိုင်သည့်ဖယောင်းတောင်ရွှေတွင်းတို့ကို သိမ်းပိုက်ရရှိထားသည်။

အထက်မြန်မာပြည်ရှိ တော်လှန်ရေးတပ်များသိမ်းပိုက်ထားသော နယ်မြေများနှင့်ကြားခံဖြစ်ရာမတ္တရာမြို့နယ်တွင် အနောက်ခြမ်းကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်   နိုဝင်ဘာ ၁၇ ရက်နေ့မှစကာ ၆ရက်ကြာထိုးစစ်ဆင်၍ထိန်းချုပ်ထားသည်။

မတ္တရာအနောက်ခြမ်းတစ်ခုလုံးကို  စစ်ကောင်စီကထိန်းချုပ်ထားဆဲဖြစ်ပြီးအနောက်ခြမ်းတွင်မူ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံက ယနေ့နေ့လယ်ပိုင်းတွင် Myanmar Now ကို ပြောသည်။

“အနောက်ပိုင်းကတော့ ငြိမ်နေတယ်။  သူတို့တွေ အကုန်လုံးစိုးမိုးထားတော့ ပွဲမဖြစ်သေးဘူး၊ အရှေ့ပိုင်းမှာပဲဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

တိုက်ပွဲများကြောင့် စစ်ရှောင်အရေအတွက် သောင်းဂဏန်းအထိ မြင့်တက်လာသည်၊ ဒေသခံစစ်ဘေးရှောင်များ စားနပ်ရိက္ခာ အကူအညီ လိုနေသည်ဟု စစ်ဘေးရှောင်စခန်းများဖွင့်လှစ်ကာ အကူအညီပေးနေသည့် ပြင်ဦးလွင်ခရိုင်(ပကဖ)တာဝန်ခံက ဆိုသည်။

“တိုက်ပွဲဖြစ်လေ စစ်ရှောင်တွေအရေအတွက်တိုးလာလေ။ ကျွန်တော်တို့မှာလည်းသီးခြားထောက်ပံ့မှုမရှိဘူး။ ကိုယ့်ဘာသာရပ်တည်နေရတာ။ ခုတော့တိုက်ပွဲဖြစ်လေ ပြည်သူတွေကလည်း ကြောက်လေဖြစ်လာပြီ”ဟု သူက ဆိုသည်။

“တကယ်ကိုခက်ခဲတဲ့ ကာလရောက်နေတယ်။ ခုချိန်က အနောက်ခြမ်းမှာလည်း ပြည်သူတွေက တောင်ယာရိတ်သိမ်းရမယ့်အချိန်မှာ စစ်ကောင်စီက သူတို့နေရာတွေမှာ ထိုင်ထားတော့ သိမ်းဖို့ပြုဖို့ခက်ခဲနေတော့ အကုန်ကိုယ့်မကူနိုင် သူ့မကူနိုင်ဖြစ်နေကြတယ်” ဟု သူက ဆိုသည်။

မတ္တရာမြို့နယ်တွင်  ဒီဇင်ဘာလအတွင်း၌ပင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ(၁၀)ဦးသေဆုံးခဲ့ပြီး အောက်တိုဘာလနှောင်းပိုင်းနှင့်   နိုဝင်ဘာလအထိ တစ်လကျော်အတွင်း၌လည်း   ၃၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။



Related Articles

Back to top button