
(စိတ်မချမ်းမြေ့ဖွယ်ရာ အကြောင်းအရာများ ပါဝင်သည်)
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ရှိနေရာ ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေတွင် အရပ်သားအများအပြား ထိခိုက်မှုကို မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်တို့တွင် တွေ့ခဲ့ရသည်။
မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာ ယမန်နေ့ (ဇန်နဝါရီ ၂၆) နံနက်ပိုင်း တိုက်ခိုက်ခံရစဉ် အရပ်သား ၆ ဦးနှင့် လက်နက်ကိုင်တော်လှန်ရေးသမား ၁၂ ဦး သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အတည်ပြု သည်။
စစ်လေယာဉ်က ဧရာဝတီမြစ်အရှေ့ဘက်ကမ်း၊ မြို့မြောက်ဘက် ၁၂ မိုင်ခန့် အကွာတွင် တည်ရှိသော ထိုရွာတွင် ပကဖအဖွဲ့ နေရာယူထားသည့် မူလတန်းကျောင်းကို ဗုံး ၂ လုံး ကြဲချခဲ့ပြီး မိနစ်ပိုင်းအကြာ ရဟတ်ယာဉ်တစ်စီးရောက်လာကာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
သေဆုံးသည့် တော်လှန်ရေးသမားများမှာ အသက် ၂၀ နှင့် ၄၀ အကြား မြင်းခြံမြို့နယ် ပကဖ တပ်ဖွဲ့ဝင် ၄ ဦး၊ အသက် ၁၈ နှစ်မှ ၅၀ အကြား ဆင်းဂွတ်ကျေးရွာ ပကဖ တပ်ဖွဲ့ဝင် ၈ ဦး ဖြစ်သည်ဟု ပကဖ အဖွဲ့၏ အချက်အလက်များအရ သိရသည်။
သေဆုံးသွားသည့် အရပ်သားများမှာ စခန်းသို့ ရောက်ရှိနေချိန်တွင် လေကြောင်း တိုက်ခိုက်မှုနှင့် ကြုံတွေ့ ခဲ့ရခြင်းဖြစ်သည်ဟု မြို့နယ် ပကဖ တာဝန်ခံ စိုင်းဂျာလူက ပြောသည်။
သေဆုံးသည့် အရပ်သားများထဲတွင် အသက် ၃၀ ကျော်အရွယ် ကိုအောင်ဖြိုးသူ၊ ဇနီးသည် မထားထားဦး၊ သားသမီးများ ဖြစ်ကြသော မနှင်းပွင့်ဖြူ၊ မောင်ထက်အောင်ရှိုင်းတို့ မိသားစု ပါဝင်သည်။ အခြား နှစ်ဦးမှာ ၁၁ နှစ်အရွယ် မောင်သန်းတိုးအောင်နှင့် စခန်းတွင် ချက်ပြုတ်ရေး လုပ်ကိုင်ပေးနေသည့် အသက် ၄၀ ကျော် အရွယ် ဦးထိုက်တင်တို့ ဖြစ်သည်။
ထိုအရပ်သားများမှာ ပကဖ အဖွဲ့ရှိနေသောနေရာသို့ လာလည်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
“အလည်သဘောနဲ့လာရင်းနဲ့ဖြစ်သွားတာ။ ၄ နှစ်ခန့် မိန်းကလေးတစ်ယောက်ရယ်၊ ၅ လခန့် ယောကျာ်းလေးတစ်ယောက်ရယ်၊ သူ့ရဲ့မိခင်၊ ဖခင်၊ မိသားစုဝင် ၄ ဦးပေါ့”ဟု မြို့နယ် ပကဖ တာဝန်ခံက ပြောသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပိတ်ထားသည့် ကျေးရွာမူလတန်းကျောင်းတွင် ဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ခေတ္တတပ်စွဲထားခြင်းဖြစ်ပြီး ရက်ပိုင်းအတွင်း နေရာပြောင်းရွှေ့ ရန် စီစဉ်နေချိန်တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု မြို့နယ် ပကဖ တာဝန်ရှိသူ စိုင်းဂျာလူက ပြောသည်။
“ဂျီနီဗာကွန်ဗင်းရှင်းအရ မထိုင်ဖို့ ရပ်ကျေးပကဖတွေ၊ တပ်ရင်းတပ်ဖွဲ့တွေက ပြောထားပါတယ်။ ရပ်ကျေး ပကဖ တာဝန်ခံကလည်း ရွှေ့ပြောင်းဖို့လုပ်ပြီးပါပြီ။ ကတုတ်ကျင်းတွေ၊ ဆက်သွယ်ရေးတူးမြောင်းတွေ မြေပြန်ဖို့ပြီး တခြားနေရာမှာ ရွှေ့ဖို့ စီစဉ်ထားပြီးပါ ပြီ။ အဲ့ဒီအချိန်မှာပဲ အကြမ်းဖက်ခြင်းကို ခံခဲ့ရပါတယ်” ဟု မြို့နယ် ပကဖ တာဝန်ရှိသူ ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ၁၇ ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အများစုမှာ အလောင်းကောက်ယူ မရ ဘဲ အစိတ်စိတ်အမွှာမွှာဖြစ်ကာ မြို့နယ် ပကဖတပ်ဖွဲ့ဝင် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးမှာ ဆေး ကုသမှုခံယူနေစဉ် သေဆုံးခဲ့သည်။
“ရုပ်အလောင်း အကောင်းတိုင်းပြန်ရတာ ၄ ဦးလောက်ပဲ ရှိတယ်။ ကျန်တာက တစစီတွေဖြစ်။ ကလေး တစ်ယောက်ကလည်း မျက်နှာလေးပဲပါတော့တာ။ အောက်ပိုင်းကလည်း ပုဆိုးနဲ့ပဲပတ်ထားရတာ” ဟု မြို့နယ် ပကဖ တာဝန်ခံ ကိုစိုင်းဂျာလူက ပြောသည်။
“ဈာပန လုပ်ဖို့တွေလုပ်တော့ ကျောင်းဆောင်ပေါ်မှာတင် ကိုယ်တစ်ပိုင်းပြတ်က တင်နေလို့ ဝါးလုံးနဲ့ ထိုးချပြီးတော့ အိတ်ထဲထည့်ပြီးမှ ဈာပန လုပ်ရတဲ့အနေ အထားဖြစ်သွားတယ်” ဟု လေကြောင်း တိုက်ခိုက်မှုအပြီး ကြုံခဲ့ရသည့်အခြေအနေကို ၎င်းက ပြောသည်။

Myanmar Now က ကြည့်ရှုခဲ့သည့် ဓာတ်ပုံမှတ်တမ်းများတွင် သေဆုံးသူအများစု ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ပြတ်တောက်နေသည်ကို တွေ့ရသည်။
စစ်ကောင်စီတပ်၏ လေကြောင်းနှင့်မြေပြင် ထိုးစစ်ရန် စိုးရိမ်ရသည့် အခြေအနေ ရှိနေပြီး ရုပ်အလောင်းများကို စုပေါင်း၍ နေ့တွင်းချင်း မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင် ၂ ဆောင်၊ အိမ်သာ ၂ လုံး၊ ကျောင်းအနီးဝန်း ကျင်ရှိ နေအိမ် ၁ လုံး၊ ကား ၁ စီး၊ ဆိုင်ကယ် ၁၁ စီး ပျက်စီးခဲ့ပြီးလမ်းမပေါ်ရှိ နွား ၂ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။
နွားလှည်းမောင်းနေသည့် ပြည်သူတစ်ဦးနှင့် ရဲဘော် ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်းသိရသည်။
တိုက်ခိုက်ခံရသည့်နေရာမှာ အင်တာနက် စုဝေးအသုံးပြုသည့်နေရာဖြစ်သည်ဟု ကနဦးတွင် သတင်းထွက်ခဲ့သည်။ ထိုနေရာတွင် တပ်ဆင်ထားသည့် ကိရိယာမှာ တယ်လီဖုန်းဆက်သွယ်ရေး အထောက်အကူရရေးအတွက် ဖြစ်သည်ဟု စိုင်းဂျာလူက ပြောသည်။
“တိုက်ခိုက်ခံရတဲ့နေရာမှာ ဖုန်းလိုင်းကောင်းအောင်ဆိုပြီးတော့ လိုင်းဆွဲအားတိုင်ထောင်ထားတာရှိတာပါ၊ အင်တာနက်တော့ မရပါဘူး။ လူအဝင်အထွက်များတာမျိုးတော့ မဟုတ်ပါဘူး” ဟု သူက ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိုနေရာတွင်ရှိသည်ကို စစ်ကောင်စီတပ် သိသွားသောကြောင့် တိုက်ခိုက်ခံရခြင်း ဖြစ်နိုင်သည်ဟု သူက ယူဆသည်။
ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စစ်တပ်က မထုတ်ပြန်သော်လည်း စစ်ကောင်စီဝါဒဖြန့်အွန်လိုင်းမီဒီ ယာများတွင် ပကဖစခန်းကို တိုက်ခိုက်လိုက်ကြောင်း၊ ပကဖ ၁၅ ဦးခန့် သေဆုံးသွားကြောင်း ရေးသား ဖော်ပြနေကြသည်။
ပြီးခဲ့သည့် နှစ်လယ်က ၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့၊ ရှမ်း မန်း စစ်ဆင်ရေးကို ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် မန္တလေးတိုင်းတွင် ဖော်ဆောင်နေချိန်တွင် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ သုံးပွင့်ဆိုင် တည်ရှိသည့် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တို့တွင်လည်း “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး MDSO” အဖြစ် စစ်စခန်းများကို တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ထိုဒေသတွင် စစ်ရေးအရှိန်မြှင့်တက်ပြီးနောက် စစ်တပ်က အဝေးပစ်လက်နက်ကြီးများ၊ လေကြောင်း တိုက်ခိုက်မှုများသာမက အင်ဂျင်တပ်လေထီး များပါ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်နေသည်။
ယမန်နေ့ ညနေကလည်း နွားထိုးကြီးမြို့နယ်တွင် သယ်ယူပို့ဆောင်ရေးအမျိုးအစား Y 12 လေယာဉ် ဖြင့် စစ်တပ်က ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ၂၃ ရက်နေ့၊ ညနေ ၃ နာရီခွဲခန့်က နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီကျေးရွာကို လေယာဉ်က ပေါင် ၅၀၀ ဗုံးသီးကြဲချတိုက်ခိုက်သဖြင့် နေအိမ် ၈ လုံး ပျက်စီးခဲ့ကြောင်း ဒေသတွင်း ကင်းထောက် စာမျက်နှာများက ဖော်ပြကြသည်။

လေယာဉ်အားကိုးနေရသည့် စစ်တပ်
တအာင်းတပ် (TNLA ) ထိန်းချုပ်သည့် ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံကို ဇန်နဝါရီ ၂၅ ရက်နေ့က လေကြောင်းမှတိုက်ခိုက်မှုကြောင့် သူနာပြု ဆရာမတစ်ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့သည်။ ဒဏ်ရာရသူ ၂၀ ခန့် ရှိရာ ထိုအထဲတွင် လူနာများ၊ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သည်ဟု သိရသည်။
ဇန်နဝါရီ ၂၇ ရက်နေ့တွင် ထပ်မံတိုက်ခိုက်ရာ လူစည်ကားရာနေရာဖြစ်သည့် ညဈေးတန်းနှင့် ခရိုင်ရုံးတို့ ပစ်မှတ် ထားခံခဲ့ရကြောင်း သိရသည်။
မည်မျှထိခိုက်သွားသည်ကို မသိရသေးပေ။
စစ်ကောင်စီသည် ယခုနှစ်ဆန်းမှစတင်၍ လက်လွတ်ဆုံးရှုံးခဲ့သော နယ်မြေများနှင့် လက်နက်ကိုင်တော် လှန်ရေးအားကောင်းသည့်နေရာများကို လေယာဉ်များ စေလွှတ်ပြီး အဆက်မပြတ် တိုက်ခိုက်လာသည်။
လေတပ်က ဇန်နဝါရီ ၁၁ နှင့် ၁၂ ရက်တို့တွင် ရခိုင်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကချင်ဒေသ တို့ကို တိုက်ခိုက်ရာ ကလေးများအပါအဝင် ဒေသခံ ၂၇ ဦး ထက်မနည်း သေဆုံးသွားသည်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင်လည်း ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်ရှိ သွားလာနေသည့် ခရီး သည်တင်ကားတစ်စီး စစ်တပ်၏ ဒရုန်းဗုံး ထိမှန်ခဲ့သည့်အတွက် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ဇန်နဝါရီ ၂၅ ရက်နေ့၊ နေ့လယ်အချိန်တွင် ကန့်ဘလူမြို့နယ်၊ ရေကြည်ဦးကျေးရွာနှင့် နှင့် ခင်ဦးမြို့နယ် အလယ်လျှိုကျေးရွာအကြား ရွှေဘို-မြစ်ကြီးနားကားလမ်းဘေး၊ ကျောက်ဆည်ကန်ကျေးရွာတွင် တပ်စွဲ ထားသည့် စစ်ကောင်စီတပ်က ကားလမ်းမပေါ်နှင့် အနီးဝန်းကျင်မှ ကျေးရွာများကို ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ချကာ တိုက်ခိုက်ခဲ့သည်။
ယင်းဗုံးသီးများအနက် ရွှေဘို-မြစ်ကြီးကားလမ်းပေါ်သို့ ပစ်ချခဲ့သည့် ဗုံးသီးတစ်လုံးက ခရီးသည်ကား အနီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ယာဉ်မောင်းအမျိုးသားနှင့် ခရီးသည်အမျိုးသမီး ၂ ဦးတို့ ထိမှန်ခဲ့ကာ အမျိုးသမီး ၁ ဦး ဆေးကုသနေစဉ် သေဆုံးခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ တို့ထံက သိရသည်။
“သူတို့ ဗုံးချတဲ့နေရာက အဖွဲ့အစည်းတွေ မရှိဘူး။ ဗုံးကျတဲ့နေရာနဲ့ အနီးဆုံးက ရေကြည်ဦးရွာက ဂိတ်၊ အဲ့ဂိတ်နဲ့လည်းအဝေးကြီးပဲ။ ကားလမ်းအလွတ်ကြီးပေါ် ဒီအတိုင်းချတာ။ အဲ့အချိန်မှာ လမ်းပေါ်သွားနေ တဲ့ ကားဘေးကို ကျကွဲတော့ ထိကုန်ရော”ဟု ဒရုန်းဖြင့်တိုက်ခိုက်ခံရသည့်နေရာအနီးကျေးရွာတစ်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ရေကြည်ဦး ရွာအနီးတစ်ဝိုက်၊ တဲကြီးကုန်းရွာနှင့် ကျောက်ဆည်ကန်ရွာကြား၊ မြစ်ကြီးနားလမ်းမပေါ်တို့ကို ဗုံးသီး များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကန့်ဘလူခရိုင် ပြည့်သူ့ကာကွယ်ရေးတပ်တော် (PDF) တပ်ဖွဲ့ဝင် တစ်ဦးကလည်း ပြောသည်။
“ရေကြည်ဦးဂိတ်က သူတို့လည်းသိနိုင်ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ချင်တာမျိုး မဟုတ် လောက်ဘဲ ဒီအတိုင်း လျှောက်ချနေတယ်လို့ပြောလို့ရတယ်။ အဲ့ဒီနေ့က ဒရုန်းချတဲ့နေရာအားလုံးက အခွန်ဂိတ်မရှိဘူး၊ စစ်ဆေးရေးဂိတ်မရှိဘူး၊ စစ်ဆေးရေးလုပ်နေတာမျိုးလည်း ရှိမနေဘူး”
ကန့်ဘလူမြို့နယ် အရှေ့ပိုင်းနှင့်တောင်းပိုင်းဒေသများတွင် စစ်ကောင်စီ၏ ဒရုန်းတပ်ဖွဲ့များက အလားတူ တိုက်ခိုက်မှုများကို မကြာခဏ တွေ့ရသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ပြော ကြသည်။
နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရပြီး မြို့နှင့် စစ်တပ် စခန်းပေါင်းဆယ်နှင့်ချီလက်လွှတ်ထားရသည့် စစ်တပ် က လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေပြီး ဇန်နဝါရီလ သုံးပတ်တာ ကာလအတွင်း နိုင်ငံအနှံ့လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ဒါဇင်နှင့်ချီ သေဆုံးခဲ့သည်။
