အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တောင်သာတွင် အင်ဂျင်တပ်လေထီးဖြင့် စစ်တပ် ရက်ဆက်ဗုံးကြဲ၊ ၄ ဦးသေဆုံး

စက်တပ်လေထီးများ ညအချိန် ရောက်လာပြီး ဗုံးကြဲခြင်းကြောင့် တောင်သာ ဒေသခံ ၄ ဦး သေဆုံးသွားသည်။ စစ်တပ်က မြေပြင်စစ်ကြောင်းမထိုးနိုင်၍ လေကြောင်းကို အားကိုးနေရသည်။

နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က အင်ဂျင်တပ်လေထီးများသုံးကာ ဇန်နဝါ ၁၈ မှစ၍ ရက်ဆက် ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံ ၄ ဦး သေဆုံးသွားကြောင်း သိရသည်။ 

မြို့အနောက်မြောက်ဘက် ၁၂ မိုင်ခန့်အကွာ ပန်းပေါင်းအုပ်စု ညောင်ကုန်းရွာကို ဇန်နဝါရီ ၁၈  ညသန်းခေါင်ကျော်အချိန်တွင် တိုက်ခိုက်စဉ် ဒေသခံ အသက် ၇၈ နှစ်အရွယ် ဒေါ်ခင်သန်း၊ ၅၇ နှစ်အရွယ် ဒေါ်ခင်ညွှတ်၊ ဦးအောင်မြင့်တို့ သေဆုံးသွားသည်။ 

ဒေါ်ခင်သန်း၏ ခင်ပွန်းဖြစ်သူ အသက် ၇၇ နှစ်အရွယ် ဦးကြည်လှိုင်မှာ နောက်တစ်နေ့တွင် သေဆုံးခဲ့သည်ဟု တောင်သာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

“စက်တပ်လေထီးကတော့ နေ့စဉ်လိုလိုလာတယ်ဗျ။ အဲ့လိုမျိုးဆက်တိုက်ရှိတယ်။ သေဆုံးတဲ့သူတွေက ပန်းပေါင်း (ကျေးရွာအုပ်စု) ထဲမှာတော့ ၄ ဦးထိရှိသွားပြီးပေါ့ဗျာ။ တိုက်ရိုက်ထိမှန်တာ တကယ်တမ်း ၂ ဦးက နေရာမှာတင်မှာ ဆုံးသွားတယ်။ တစ်ဦးက ဒဏ်ရာရတယ်။ ဒဏ်ရာရသူတစ်ဦးကလည်း နောက်ရက် ၁၉ ရက်မှာ ဆုံးသွားတယ်” ဟု အထက်ပါ တောင်သာဒေသခံက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“လက်နက်ကြီးထိမှန်ပြီး တိုက်ရိုက်သေဆုံးသွားတဲ့သူတစ်ဦးရဲ့ အမျိုးသားကလည်း နောက်ရက်မှာ သွေးလန့်ပြီး ထပ်ပြီးသေဆုံးသွားတာပေါ့” 

ထိုတိုက်ခိုက်မှုအပြီးနောက်တစ်ရက် ဇန်နဝါရီ ၁၉ မနက်ပိုင်းတွင် တောင်သာမြို့၏ အရှေ့တောင်ဘက်ရှိ ပျူစောထီးကျေးရွာနှင့် ရွားနီးချုပ်စပ်ဖြစ်သည့် သန်းတန်းကျေးရွာအနီးကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။ 

လူလိုက်ပါမောင်းနှင်နိုင်သော ထိုအင်ဂျင်တပ်လေထီးများ စစ်တပ်မြို့ဖြစ်သည့် မိတ္ထီလာမြို့ဘက်မှ လာရောက်ခြင်းဖြစ်ကြောင်း တောင်သာဒေသခံများထံမှ သိရသည်။

လက်နက်ကိုင် ခုခံတော်လှန်မှုအားကောင်းသည့် တောင်သာမြို့နယ်တွင် တော်လှန်ရေးတပ်များ၏  ထိန်းချုပ်နယ်မြေကျယ်ပြန့်လာသည်၊ စစ်တပ်က မြေပြင်စစ်ကြောင်းမထိုးနိုင်၍ လေကြောင်းကို အားကိုးနေရကာ ယခုအခါ စက်တပ်တပ်လေထီးများကို အသုံးပြုလာသည်ဟုလည်း တောင်သာ ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာ ၂၅  ရက်နေ့ကလည်း  တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာသို့ စက်တပ်တပ်လေထီးဖြင့် စစ်တပ်ကတိုက်ခိုက်မှုခဲ့သေးသည်။ ထို့နောက်   မြင်းခြံခရိုင်အတွင်း တောင်သာ၊ ငါးဇွန်နှင့် ဧရာဝတီမြစ် တစ်ဖက်ကမ်း စစ်ကိုင်းမြို့နယ်တို့တွင် အလားတူ တိုက်ခိုက်မှုတချို့ ဆက်တိုက်တွေ့လာရပြီး  လူထိခိုက် သေဆုံးမှုများလည်းရှိလာသည်။

ဘေးအန္တရာယ် ကာကွယ်ရန်အတွက်   ဗုံးခိုကျင်းတူးရန် လိုအပ်ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူအကြံပြုသည်။ 

“အိမ်တိုင်းမှာ ဗုံးခိုကျင်းတွေ တူးထားသင့်တယ်ပေါ့ဗျာ။ အဲ့ဒါမှ လေကြောင်းစစ်ဆင်ရေးကြောင့်၊ လေကြောင်းတိုက်ခိုက်မှုကြောင့်အိုးအိမ်ပျက်စီးပေမယ့်လို့ လူ့အသက်အန္တရာယ်ကို ကာကွယ်နိုင်မှာပေါ့” ဟု သူက ပြောသည်။

လူဦးရေ ၂ သိန်းခွဲနီးပါး နေထိုင်ပြီး မြို့ပေါ်ရပ်ကွက် ၆ ခု၊ ကျေးရွာပေါင်း ၂၄၀ ကျော်ရှိသည့် တောင်သာ မြို့နယ်သည် မလှိုင်၊ကျောက်ပန်းတောင်း၊ ပုဂံညောင်ဦး၊ မြင်းခြံမြို့နယ်များနှင့် ထိစပ်နေသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၃  မွန်းတည့် ၁၂ နာရီကျော်ခန့်တွင် တောင်သာမြို့ပေါ်ရှိ အထက်တန်းကျောင်းတွင် အင်အား ၂၀ ကျော်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်သေးသည်။ 

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီဖက်မှ ၁၀ ဦးခန့်သေဆုံးပြီး အထိအခိုက်များပြားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မ တော် (PDF) ၏ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းထံက သိရသည်။

ဧရာဝတီမြစ် အရှေ့ဘက်ကမ်း သုံးပွင့်ဆိုင်ရှိနေသည့် တောင်သာ၊ နွားထိုးကြီး၊ မြင်းခြံမြို့နယ်တို့သည် လက်နက်ကိုင် ခုခံတော်လှန်မှုအားကောင်းသည့်ဒေသဖြစ်သည်။ 

ယခုနှစ်လယ်ပိုင်းတွင်    PDF   အပါအဝင် ဒေသတွင်းတော်လှန်ရေးတပ်များဖြင့် စုဖွဲ့ထားသည့်မဟာမိတ်တို့က “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (Myingyan District Special Operation)” အမည်ဖြင့် စစ်ဆင်ရေးဖော်ဆောင်ခဲ့သည်။ ထိစစ်ဆင်ရေးအတွင်း မြင်းခြံခရိုင်တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ဖရိုဖရဲဖြစ်သည်အထိ တော်လှန်ရေးတပ်များကတိုက်ပွဲဖော်ဆောင်နိုင်သည်ကိုတွေ့ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles