
ဧရာဝတီမြစ်အရှေ့ဘက်ကမ်း၊ နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တို့တွင် ပျူနှင့် စစ်ကောင်စီတပ်များကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက် သေဆုံးမှုများရှိသည်ဟု တော်လှန်ရေးတပ်များက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက် မွန်းတည့် ၁၂ နာရီကျော်ခန့်တွင် တောင်သာမြို့ပေါ်ရှိ အထက်တန်းကျောင်း တွင် အင်အား ၂၀ ကျော်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီဖက်မှ ၁၀ ဦးခန့်သေဆုံးပြီး အထိအခိုက်များပြားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မ တော် (PDF) ၏ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းထံက သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီလကတည်းက တောင်သာမြို့အထက(၁)ကျောင်းတွင် စစ်ကောင်စီတပ်က တပ်စွဲထားရာ ယင်းနေ့က အလစ်ငိုက်ဝင်ရောက်စီးနင်းခဲ့စဉ် နာရီဝက်ခန့် တိုက်ပွဲဖြစ် ခဲ့ပြီး ကျောင်းသားကျောင်းသူများအား ဘေးလွတ်ရာ ပို့ဆောင်ခဲ့သည်ဟု မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း မှ ပြန်ကြားရေးဗိုလ်မူတူးက Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့ ကလေးတွေကိုအရင်ဆုံးထုတ်တယ်။ ပြီးမှ ကျောင်းဝန်းထဲက သူတို့နေတဲ့နေရာဘက်ကို RPGနဲ့ တည်ထုလိုက်တာ။ ပစ်ပြီးသွားတော့မှ သူတို့က ကျွန်တော်တို့ရောက်မှန်း သိတာ” ဟု ၎င်းက ဆို သည်။
ကျောင်းဝန်းအတွင်း အဆောင်တစ်ခုမှ စစ်ကောင်စီတပ်သားများအနက်မှ ၁၀ ဦး ခန့် သေဆုံးသည်ကို တွေ့မြင်ခဲ့ရကြောင်း ၊ ထိခိုက်ဒဏ်ရာရသူများလည်းရှိကာ အဆောင်အပြင်တွင်ရှိနေသည့် စစ်ကောင်စီ တပ်သားတချို့ ကျောင်းခြံဝန်း အုတ်နံရံများကို ကျော်တက်ကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ၎င်းက ပြောသည်။
“RPGနဲ့ ပစ်လိုက်တဲ့ အဆောင်ထဲမှာကိုက လက်ပြတ်ထွက်သွားတာတွေရော၊ ခန္ဓာကိုယ်နှစ်ပိုင်းပြတ်သွား တာတွေရော၊ အထဲမှာရှိနေတဲ့သူအားလုံးက သေသွားတယ်။ နောက်ပြီးအဲဒီထဲမှာ ထည့်ထားတဲ့ သူတို့ ကိုင်တဲ့အလက်တွေဆိုရင် အကုန်စုတ်ပြတ်သတ်သွားတယ်။ ကျည်တွေဆိုလို့ချင်ရင်လည်း အကုန်ပြန့်ကျဲ ။ ကျွန်တော်တို့လည်း အချိန်မဆွဲချင်တာနဲ့ မသိမ်းနိုင်တော့ဘူး”ဟု ဗိုလ်မူတူးက ဆိုသည်။
ထိုကျောင်းဝန်းအတွင်း ဗိုလ်မှူးဝဏ္ဏဌေးနေထိုင်သည့် အဆောင်ကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ရာ စစ်တပ်အရာရှိလွတ်မြောက်သွားသော်လည်း ၎င်း၏ လက်ထောက် တပ်ကြပ်ကြီး အောင်မင်းဆိုသူ သေဆုံးခဲ့သည်ဟု တော်လှန်ရေးတပ်များဘက်ကဆိုသည်။

ယင်းနောက် အထက(၁)ကျောင်းရှိ အလံအားဖြုတ်ချပြီး ၊ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းအလံ ၊ တပ်ခွဲ (၂) အလံအား ချိတ်ဆွဲခဲ့ပြီး ၎င်းတို့အဖွဲ့ ပြန်ဆုတ်ခွာလာရာ အပြန်လမ်းတွင် တောင်သာမြို့ပေါ်မှ မြို့တော်ခန်းမရှေ့တွင် ရှိနေသော အစောင့်တပ်သား၂ဦး၊ အင်းဝဘဏ် အစောင့်တပ်သား၂ ဦး၊ ဆိုင်ကယ် ပြင်ဆိုင်ဖွင့်ထားသည့် ပျူခေါင်းဆောင်သန့်စင်နှင့်မိုးဝင်း ဆိုသူတို့ကို လည်း ပစ်ခတ်ခဲ့၍ နောက်ဆက်တွဲ အသေအဆုံးများလည်းရှိနိုင်ကြောင်း ဗိုလ်မူတူးက ဆက်ပြောသည်။
၎င်းတို့ ပစ်ခတ်တိုက်ခိုက်ခဲ့သော ရုပ်သံဖိုင်ကိုလည်း မြင်းခြံခရိုင်တပ်ရင်းက ဖေ့ဘွတ်ခ်တွင် ဖော်ပြထား သည်။
အလားတူ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ ဇန်နဝါရီ၁၂ ရက်နေ့ နံနက်ကလည်း စစ်တပ် ယာဉ်တန်းတစ်ခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ ၂၀ ကျော် သေဆုံးကာ လက်နက် ၁၀ လက်ခန့်နှင့် ခဲယမ်းများကို တော်လှန်ရေးအဖွဲ့များက ရရှိခဲ့သည်။
တောင်သာမြို့နယ် နန်းမြင့်ရွာတွင်တိုက်ခိုက်ခံရပြီး မြင်းခြံသို့ပြန်ဆုတ်လာသည့် စစ်ကောင်စီတပ်သား များ ၊ပြည်သူ့စစ်(ခေါ်)ပျူစောထီးများ လိုက်ပါလာသည့် ကား ၄ စီးကို မြို့တောင်ဘက် ၃ မိုင်အကွာ တောင်ရှေ့တိုးဂိတ်အနီး မြင်းခြံခရိုင်တပ်ရင်း ၃ ရင်းက စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်း မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင်လည်း လက်ပံကျင်း (တောင်) ရွာကို မီးရှို့ပြီး ပြန်ထွက် လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ (ဇန်နဝါရီ ၁၄ ရက်နေ့) နံနက် ၇ နာရီခန့်တွင် မြင်းခြံခရိုင် အမှတ် (၇) တပ်ရင်း ဦးဆောင်ပြီး မြင်းခြံခရိုင် အမှတ် (၆) တပ်ရင်း၊ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ၊) နယ်မြေခံတော်လှန်ရေးအင်အားစုအဖွဲ့များ က ပူးပေါင်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းမတိုင်မီတွင် လက်ပံကျင်းကျေးရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် ဒေသခံ ၄ ဦး သေဆုံးခဲ့သည်ဟု သိရပြီး အသေးစိတ်အခြေအနေများကို မသိရသေးပေ။
စစ်ကောင်စီက နိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ သတင်းအမှောင်ချ ထားသည်။
ဧရာဝတီမြစ် အရှေ့ဘက်ကမ်း သုံးပွင့်ဆိုင်ရှိနေသည့် တောင်သာ၊ နွားထိုးကြီး၊ မြင်းခြံမြို့နယ်တို့တွင် ယမန်နှစ်လယ်ပိုင်းက PDF အပါအဝင် ဒေသတွင်းတော်လှန်ရေးတပ်များနှင့် စုဖွဲ့ထားသည့် မဟာမိတ် တို့က “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (Myingyan District Special Operation)” အမည်ဖြင့် စစ်ဆင်ရေး ဖော်ဆောင်ခဲ့သေးသည်။