သတင်း

မြင်းခြံနှင့် စစ်ကိုင်းတွင် စစ်ယာဉ်တန်းများ တိုက်ခိုက်ခံရ 

နိုင်ငံအလယ်ပိုင်း တော်လှန်ရေးအင်အားစုက စစ်တပ်၊ ပျူစောထီးတို့ လိုက်ပါလာသော မော်တော်ယာဉ်များကို ထိထိရောက်ရောက် ခြုံခိုတိုက်ခိုက်နိုင်ခဲ့သည်ဟု ပြောသည်။

နိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၌ ယမန်နေ့(ဇန်နဝါရီ ၁၂) နံနက်ပိုင်းက  စစ်ယာဉ်တန်းတစ်ခုကို  ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီ ဘက်မှ ၂၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်းများရရှိခဲ့သည်ဟု တိုက်ခိုက်ခဲ့သောတော်လှန်ရေးအဖွဲ့ များထံက သိရသည်။

ကား ၄ စီးပါသည့် ထိုယာဉ်တန်းတွင် မြင်းခြံနှင့် နယ်နိမိတ်ချင်းဆက်နေသော တောင်သာမြို့နယ် နန်းမြင့်ရွာတွင် တိုက်ခိုက်ခံရပြီး မြင်းခြံသို့ ပြန်ဆုတ်လာသည့် စစ်ကောင်စီတပ်သားများ၊ ပြည်သူ့စစ် ခေါ်  ပျူစောထီးတပ်ဖွဲ့ဝင်များ လိုက်ပါလာသည်၊   မြို့တောင်ဘက် ၃ မိုင် ခန့်အကွာ တောင်ရှေ့တိုးဂိတ်အနီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် အမှတ်(၇) တပ်ရင်း၏ တာဝန်ရှိသူ ကိုသက်ကြီးက Myanmar Now ကို ပြောသည်။ 

“ကျွန်တော်တို့က ကင်းပုန်းဝပ်ပြီးတော့ လမ်းမှာ ဖြတ်တိုက်ပါတယ်။ ဖြတ်တိုက်တဲ့အချိန်မှာ ကျွန်တော်တို့ က RPG (ပခုံထမ်းလောင်ချာ) နဲ့စပစ်ပါတယ်။ RPG နဲ့ လမ်းပေါ်တက်ပစ်တဲ့အချိန်မှာ ကျွန်တော်တို့ Zero အဖွဲ့ကနေ RPG ၃ လုံးပစ်ခဲ့ပါတယ်” ဟု ၎င်းက  ပြောပြသည်။ 

“ပထမဆုံးအလုံးက တည့်တည့်မှန်တဲ့အခါမှာ ကားတွေက လမ်းဘေးကို ထိုးကျသွားတယ်။ အဲ့ဒီအချိန်မှာ အနီးကပ်စောင့်နေတဲ့ ရဲဘော်တွေက ပေ ၅၀ အကွာလောက်ကနေပြီးတော့ တရစပ် ဝင်ပစ်ကြတယ်။ ဝင်ပစ်တဲ့အချိန်မှာ ကစဉ့်ကလျားနဲ့ပြေးကြတယ်။ သေကြတယ်”

အဆိုပါPDF ခရိုင်တပ်ရင်းကို ကိုသက်ကြီး Zero ပြောက်ကျားအဖွဲ့ဟုလည်း အများက ခေါ်ဝေါ်ကြသည်။

ထိုပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်ဘက်က ၂၀ ထက်မနည်း သေဆုံးကာ MA1, MA3 ချေမှုန်းရေး ရိုင်ဖယ် ၆ လက်၊ G3 အမျိုးအစား သေနတ် ၃ လက်၊ ကိုးလုံးကျည်ပစ်ခတ်နိုင်သည့် ပြောင်းချောသေနတ် ၁ လက်၊ ဒရုန်းပစ်ချသည့် လက်နက် ၁ ခု၊ ဂျန်မာနှင့် ကျည်ဆန်များ ရရှိခဲ့ကြောင်း ကိုသက်ကြီးက ပြောသည်။ 

လက်နက်များ ရရှိခြင်းသည် လက််နက်လိုအပ်နေသော တော်လှန်ရေးအဖွဲ့များအတွက် အရေးပါသည်။

မြင်းခြံခရိုင် တပ်ရင်း ၁၊ ၂၊ ၇ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  ပူးပေါင်းတပ်များ ဘက်မှ ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ 

 စစ်ကောင်စီတပ်၏ စစ်ကူများ ချက်ချင်း ရောက်ရှိနိုင်သည့်နေရာတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

“နောက်ကားတစ်စီးကို ရှင်လင်းရေးလုပ်ဖို့ ဆက်ပြီးကြိုးစားတဲ့အချိန်မှာ မြင်းခြံနဲ့လည်းနီးတယ်။ လမ်း ကလည်း ကတ္တရာလမ်းချောတဲ့အခါကြတော့ မြင်းခြံဘက်က စစ်ကူအမြောက်အမြားထွက်လာတယ် ဆိုတဲ့သတင်းအရရယ်၊ မြင်းခြံခမရ ၁၅ က ဟောင်ဝစ်ဇာ (အမြောက်)နဲ့ တိုက်ပွဲဖြစ်တဲ့နေရာကို လှမ်းပစ်တဲ့အခြေအနေကြောင့် ကျွန်တော်တို့ကလေးတွေက ခွာစစ်အနေနဲ့ ပြန်လည်ဆုတ်ခွာတယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲများဆက်တိုက်ဖြစ်နေသည့် မြင်းခြံခရိုင်ထဲတွင်  ပြောက်ကျားစစ်ဆင်ရေးအပြင် ပိုမို ပြင်းထန်သည့်တိုက်ပွဲများဖြစ်လာနိုင်သဖြင့် ပြည်သူလူထုအနေဖြင့် သတိဝိရိယထား၍ သွားလာကြရန် ၎င်းက ဆိုသည်။

စစ်အင်အားနည်းလာသော စစ်ကောင်စီတပ်များသည် မြင်းခြံခရိုင်အတွင်း မြေပြင် စစ်ကြောင်းများ မထိုးနိုင်၍ လေကြောင်းတိုက်ခိုက်မှုကို အားပြုလာရသလို ပျူစောထီး လက်နက်ကိုင်တပ်များကို ပိုမို အားကိုးလာရသည်။ ထိုဒေသတွင် အမျိုးသမီးပျူစောထီးခေါင်းဆောင် သီတာယုမွန်၏ ပျူစောထီးတပ် များက စစ်ကောင်စီတပ်နှင့် ပူးပေါင်းတိုက်ခိုက်နေသည်။

ယခုကဲ့သို့ ကြားဖြတ်တိုက်ခိုက်ခြင်းမခံရမီ တောင်သာမြို့နယ်တွင် စစ်သားများနှင့် ပျူစောထီး ပူးပေါင်း အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးရန်ပြင်ဆင်နေချိန် တောင်သာမြို့နယ်အခြေစိုက် တော်လှန် ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။ 

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ။ 

စစ်တပ်ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင်မူ မြင်းခြံနှင့် တောင်သာအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြင်းခြံ ဘက်မှ လာသည့် စစ်တပ်နှင့် ပျူစောထီးခေါင်းဆောင် သီတာယုမွန်တို့  လိုက်ပါလာသော ယာဉ် ၄ စီးတွင် ၁ စီးကို RPG ထိမှန်ခဲ့ကာ ၂ ဦး သေဆုံးပြီး လက်နက် ၁၁ လက်၊ ဂျန်မာ ၁ ခု ပါသွားကြောင်း၊ သီတာယုမွန် နှင့် အခြားသူများ အသက်ဘေးမှ ကင်းလွတ်ကြောင်း ဖော်ပြထားကြသည်။

ဧရာဝတီမြစ် အရှေ့ဘက်ကမ်း သုံးပွင့်ဆိုင်ရှိနေသည့် တောင်သာ၊ နွားထိုးကြီး၊ မြင်းခြံမြို့နယ်တို့တွင် ယမန်နှစ်လယ်ပိုင်းက PDF အပါအဝင် ဒေသတွင်းတော်လှန်ရေးတပ်များနှင့် စုဖွဲ့ထားသည့် မဟာမိတ် တို့က “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (Myingyan District Special Operation)” အမည်ဖြင့် စစ်ဆင်ရေး ဖော်ဆောင်ခဲ့သေးသည်။

ထိုစစ်ဆင်ရေးအတွင်း မြင်းခြံခရိုင်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ဖရိုဖရဲဖြစ်သည်အထိ တိုက်ခိုက် နိုင်ခဲ့သလို မြေပြင်တွင် တော်လှန်ရေးတပ်များဘက်က နယ်မြေပိုစိုးမိုးလာသည်ဟု သိရသည်၊ နွားထိုးကြီး မြို့နယ်အတွင်း  PDF တပ်ဖွဲ့ဝင်များ  ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် တက်ရောက်စစ်ဆေးလာသည်ကို လည်း တွေ့ရသည်။

စစ်ကိုင်း-မင်းကွန်းရှိ ပျူစောထီးများလည်း အထိနာ  

ပြီးခဲ့သည့်သီတင်းပတ်က စစ်ကိုင်း-မင်းကွန်းကားလမ်းတွင် စစ်ကိုင်းမြို့မှ နာမည်ကြီး ပျူစောထီး ခေါင်းဆောင် ရွှေကျား ခေါ် ကျော်မျိုးထွန်း၊ လက်ပံကျေးရွာအုပ်ချုပ်ရေးမှူး၊ ပျူစောထီးများ အပါအဝင် ၁၂ ဦးခန့်လိုက်ပါလာသော မော်တော်ယာဉ်၂ စီးကို တော်လှန်ရေးတပ်များက ချုံခိုတိုက်ခိုက်ခဲ့သည်။

အနည်းဆုံး ၉ ဦး သေဆုံးပြီး ပျူစောထီးခေါင်းဆောင်၏ အသက် ၃ နှစ်နှင့် ၅ နှစ် အရွယ်ကလေး ၂ ဦး၊ အမျိုးသား ၁ ဦးတို့ကို တိုက်ခိုက်သည့်အဖွဲ့က လွှတ်ပေးခဲ့သည်။

တိုက်ခိုက်မှုကို “Road to Mandalay”စစ်ဆင်ရေးဟု အမည်ပေးထားသည့် ၊ စစ်ကိုင်းမြို့နယ်တွင် အခြေစိုက်သည့်  “ယူနီကွန်းပြောက်ကျားတပ်ဖွဲ့”က လုပ်ဆောင်ကြောင်း ဗီဒီယိုနှင့်တကွထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် စစ်ကောင်စီတပ်သည်  ဇန်နဝါရီ ၈ ရက်နေ့မှစ၍ ဇန်နဝါရီ ၁၁ ရက်အထိ လက်ပံ ကျေးရွာကို လာရောက်၍ နေအိမ်များကိုလိုက်လံဖျက်ဆီး၊ ပစ်ခတ်ရာ ရွာသား ၁ ဦး သေဆုံးပြီး ၊ အသက် ၅၀ အရွယ် ၁ ဦး ဒဏ်ရာရရှိခဲ့သည်၊ ဒေသခံ ဆယ်နှင့်ချီ၍ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည်ဟု စစ်ကိုင်းမြို့ခံများက ပြောသည်။ 

“၁ ဦးက ၈ ရက်နေ့က လက်နက်ကြီးထိလို့ဆုံးတာ။ နောက်တစ်ဦးက သူတို့ရွာထဲမီးတွေလာရှို့ချိန် ရမ်းပစ် လိုက်တာကနေ ခြေထောက်မှန်ပြီးဒဏ်ရာရတာ။ သူကတော့ ဆေးရုံတင်ထားရတယ်”ဟု အသက် ၃၀ အရွယ် စစ်ကိုင်းမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ပံကျေးရွာသည် မန္တလေးမြို့နှင့် ဧရာဝတီမြစ်ခြား၍ ၃ မိုင်အကွာ၊ စစ်ကိုင်းမြို့နှင့်ကုန်းလမ်းအတိုင်း ၅ မိုင်အကွာတွင် ရှိပြီး နိုင်ငံအလယ်ပိုင်းဒေသရှိ နာမည်ကျော်အစားအစာတစ်ခုဖြစ်သည့် ခိုတောင်မုန့်တီ ထွက်ရှိသည့် ခိုတောင်ရွာနှင့်ကပ်လျက်ရှိသည်။

၄ ရက်ဆက် မီးရှို့မှုအတွင်း ထိုရွာမှ နေအိမ်၂၅ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ 

လက်ပံရွာတွင် ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သည်၊ အိမ်မီးရှို့သည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးသလို စစ်တပ်ဝက်ဘ်ဆိုက်စာမျက်နှာတွင် လည်း ထိုဖြစ်ရပ်အကြောင်း ငြင်းဆိုသည့် ထုတ်ပြန်ချက် ထွက်ပေါ်မလာသေးပေ။

လက်ရှိတွင် စစ်ကောင်စီတပ်က အဆိုပါ ခိုတောင်ရွာနှင့် လက်ပံကျေးရွာကြား ကားလမ်းပေါ်ရှိ ဘုန်းကြီးကျောင်းတွင် အင်အား ၅၀ ခန့်ဖြင့် လာရောက်တပ်စွဲထားသည်ဟု “ယူနီကွန်းပြောက်ကျားတပ်ဖွဲ့” တာဝန်ခံက ပြောသည်။

Show More

Related Articles

Back to top button