သတင်း

စစ်ကိုင်းမှ နာမည်ကြီးပျူစောထီးအဖွဲ့ အတိုက်ခံရပြီးနောက် တပ်က အိမ်မီးရှို့

စစ်ကိုင်းနှင့်မင်းကွန်းအကြား လမ်းပေါ်တွင် ချုံခိုတိုက်ခိုက်ခံရပြီး ပျူစောထီးခေါင်းဆောင်အပါအဝင် ၉ ဦး သေဆုံးသည်၊ သူ၏ ကလေး ၂ ဦးကို ပြန်လွှတ်ပေးလိုက်သည်ဟု တိုက်ခိုက်ခဲ့သောအဖွဲ့က ပြောသည်။

စစ်ကိုင်းမြို့၊ လက်ပံကျေးရွာအနီး ပျူစောထီးခေါင်းဆောင်နှင့်အဖွဲ့ ချုံခိုတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က နေအိမ်များကို လိုက်လံဖျက်ဆီး၊  လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသား ၁ ဦး သေဆုံးခဲ့သည်ဟု မြို့ခံများနှင့် တိုက်ခိုက်ခဲ့သောတပ်ဖွဲ့ထံက သိရသည်။

ဇန်နဝါရီ ၇  ညနေ ၆ နာရီခန့်က   စစ်ကိုင်း-မင်းကွန်းကားလမ်းတွင်  စစ်ကိုင်းမြို့မှ နာမည်ကြီး ပျူခေါင်းဆောင် ရွှေကျား(ခေါ်) ကျော်မျိုးထွန်း၊ လက်ပံကျေးရွာအုပ်ချုပ်ရေးမှူး၊ ပျူစောထီးများ အပါအဝင် ၁၂ ဦးခန့် လိုက်ပါလာသော မော်တော်ယာဉ် ၂ စီး တိုက်ခိုက်ခံရသည်။ 

မင်းကွန်းကျေးရွာ စစ်ကောင်စီအထိုင်စခန်းကို လက်နက်ခဲယမ်းနှင့်ရိက္ခာများ ပို့ဆောင်ပြီး စစ်ကိုင်းမြို့သို့ အပြန် လက်ပံကျေးရွာအနီးအရောက်  တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ထိုနေရာသည်  မန္တလေးမြို့နှင့် ၃ မိုင် အကွာ၊ စစ်ကိုင်းမြို့နှင့် ၅ မိုင်အကွာတွင် ရှိသည်။

ပစ်ခတ်မှုကြောင့် မော်တော်ယာဉ်ပေါ်မှ  ၉ ဦး သေဆုံးရာ ထိုအထဲတွင် အသက် ၃၃ နှစ်အရွယ် ပျူစောထီးခေါင်းဆောင် ရွှေကျား၊ ၎င်း၏ ၂၈ နှစ်အရွယ်  ဇနီးတို့ ပါဝင်သည်။

ပျူစောထီးခေါင်းဆောင်၏ အသက်ရှင်ကျန်ရစ်သည့် အသက် ၃ နှစ်နှင့် ၅ နှစ်အရွယ် ကလေး ၂ ဦး၊  အမျိုးသား ၁ ဦးတို့ကို လွှတ်ပေးခဲ့သည်ဟု ထိုတိုက်ခိုက်မှုကို ဦးဆောင်ခဲ့သည့် “ ယူနီကွန်း (Unicorn) “ အမည်ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့က Myanmar Now ကို ပြောသည်။

“သူတို့ဘက်က တစ်ယောက်က ပြန်ပစ်တယ်။ အခြား ခုခံနိုင်တာမရှိဘူး။ အရှင်ဖမ်းမိတာက တစ်ယောက်။ ဒါပေမယ့် ကလေး ၂ ယောက်ကို သနားလို့ အဲဒီတစ်ယောက်နဲ့ ကလေး ၂ ယောက်ကို ပြန်လွှတ်ပေးလိုက် တာ ” ဟု ယူနီကွန်း‌ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောသည်။

“ဒီလူက လက်နက်လည်းကိုင်မထားဘူး၊ အရပ်သားမို့ သူ့ကိုမသတ်ဘဲ ချန်လိုက်တာ။ ကလေးနှစ်ယောက် ကို ငဲ့ပြီးတော့”  

သေနတ် ၆ လက်နှင့်လက်နက်ခဲယမ်းများကို သိမ်းဆည်းပြီးနောက် မော်တော်ယာဉ်တစ်စီးကို မီးရှို့လိုက်သည်ဟု  ၎င်းက ဆက်ပြောသည်။

“တစ်စီးကို ကျွန်တော်တို့က မီးရှို့ထားခဲ့တာပေါ့နော်။ နောက်တစ်စီးကျတော့ သူတို့ဖာသာသူတို့ ရှို့ သွားတာ၊ ညတွင်းချင်း အလောင်းတွေလာသယ်ပြီးတော့။ နောက်ပြီး အနီးနားက နေအိမ် ၂ အိမ်ကိုလည်း ညတွင်းချင်း မီးရှို့သွားတယ်။ ကား ၂ စီးကတော့ ဒီနေ့အထိ လမ်းမပေါ်မှာ မီးရှို့ထားတဲ့အတိုင်းပဲ ထား ထားတယ် ”ဟု ထိုတပ်ဖွဲ့တာဝန်ခံက ဆက်ပြောသည်။

နောက်တစ်နေ့ (ဇန်နဝါရီ ၈) တွင် စစ်ကိုင်း-မင်းကွန်းလမ်းရှိ ကျောက်တာနှင့်ရေကား စသည့်ရွာ ၂ ရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့များက လက်နက်ကြီးများဖြင့်ပစ်ခတ်ရာ လက်ပံကျေးရွာမှ အမျိုး သား ၁ ဦး ထိမှန်သေဆုံးခဲ့သည်။

သေဆုံးသူအမျိုးသား မည်သူဖြစ်သည်ကို  မသိရသေးပေ။ 

ယင်းနောက် ဇန်နဝါရီ ၉ ရက် ညနေတွင် လက်ပံကျေးရွာကို ထပ်မီးရှို့ခဲ့ရာ နေအိမ် ၅ လုံး မီးလောင်ဆုံးရှုံးခဲ့ သည်ဟု ဒေသခံများထံက သိရှိရသည်။

လက်ပံကျေးရွာသည့် အိမ်ခြေ ၈၀၀ ခန့်ရှိသည့်ရွာကြီးတစ်ရွာဖြစ်ပြီး ယခုအခါ စစ်ကောင်စီတပ်၏ ရန်ကြောင့်  ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

စစ်တပ်က မီးရှို့မှု၊ ပစ်ခတ်မှု ကျူးလွန်သည် ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ တုံ့ပြန်ချက်ရယူနိုင်ခြင်း မရှိသေးပေ။

စစ်ကိုင်းမြို့ပေါ်  မိုးဇာရပ်ကွက်တွင်နေထိုင်သူ လက်ဝှေ့သမားဟောင်း၊  မိုးဇာရပ်ကွက်အုပ်ချုပ်ရေးမှူး  ရွှေကျား(ခေါ်) ကျော်မျိုးထွန်းသည်  ပျူခေါင်းဆောင်ရာထူးရယူပြီးနောက် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို နှိပ်ကွပ်ရာတွင် နာမည်ကြီးသည်ဟု စစ်ကိုင်းမြို့ခံ များက ဆိုကြသည်။ 

“CDM လုပ်ထားတဲ့သူတွေကို ဖမ်းတာ ၊ ထောက်ပို့စွပ်စွဲပြီး ငွေညှစ်တာတွေ၊ ခြိမ်းခြောက်တာတွေ ကိုယ်တိုင်လည်း လုပ်သလို အောက်လက်ငယ်သားတွေနဲ့တကွ လုပ်ကြတယ်” ဟု စစ်ကိုင်းမြို့ခံ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ 

“လက်နက်ရော ငွေရော ရှိလာတော့ လင်ရောမယားရော မောက်မာလာကြတယ်။ ခုနောက်ပိုင်း ပေါ်တာဆွဲတာတွေ သူတို့ဦးဆောင်ပြီး လုပ်ကြတယ်” 

ပေါ်တာဆွဲခြင်းမှာ ယခင်က အထမ်းသမားအဖြစ် ခိုင်းစေရန် ဖမ်းဆီးခြင်းကို ဆိုလိုသည်၊ ယခုအခါ စစ်သားသစ်စုဆောင်းရေး ရည်ရွယ်ချက်ဖြင့် ဖမ်းဆီးခြင်းကိုလည်း ပေါ်တာဆွဲသည်ဟု သုံးနှုန်းကြသည်။

ရွှေကျားသည်   စစ်ကိုင်းမြို့ခံ များကို  ဖမ်းဆီးပြီးနောက် စစ်ကိုင်းအခြေစိုက် တပ်မ (၃၃)အတွင်း သင်တန်းပေးခဲ့ကြောင်း စစ်ကိုင်းမြို့မြေပြင်သတင်းများကို ဖော်ပြနေသည့် Sagaing Scouts အဖွဲ့က Myanmar Now ကို ပြောသည်။

“စစ်သင်တန်းနည်းပြထဲမှာလည်း သူပါတယ်။ နာမည်တော်တော်ဆိုးပါတယ်” ဟု ဆိုသည်။

လက်ပံကျေးရွာအနီး တိုက်ခိုက်မှုအတွင်း   မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ပါဝင်ကြောင်း ပြောသည်။ 

“ခု သေသွားတဲ့အထဲမှာ လင်းလင်းဦး(ခ)ဖိုးပြားဆိုတာက ဆွမ်းဦးပုညရှင် မီးသတ်ထဲကပါ။ သူ့အဖေက မုဒိန်းမှုနဲ့ထောင်ကျသွားတဲ့ ပါရမီရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးကျော်စိုးပါ။ စစ်ကိုင်းတောင်ပေါ် ပျူစခန်းမှာ မုဒိန်းမှုကျူးလွန်ခဲ့လို့ နေပြည်တော်က ဆင်းဖမ်းခဲ့တဲ့တစ်ယောက်ပါ” ”ဟု အဆိုပါ ကင်းထောက် အဖွဲ့က ပြောသည်။ 

“နောက် … သေတဲ့အထဲ  ဇေယျာတိုးချဲ့ရပ်ကွက်က ပျူ ၃ယောက်လည်း ပါတယ်” 

အဆိုပါ ပျူခေါင်းဆောင်နှင့်အဖွဲ့တိုက်ခိုက်သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ရုပ်သံမှတ်တမ်းကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က  တယ်လီဂရမ်စာမျက်နှာတွင် တင်ထားသည်။

၄ မိနစ်ခန့်ကြာသော အဆိုပါရုပ်သံတွင် အရပ်ဝတ် တော်လှန်ရေးပြောက်ကျားတပ်ဖွဲ့ဝင်များက စစ်ဝတ်စုံဝတ်ထားသူများကို ပစ်ခတ်ပြီး ကားပေါ်မှဆွဲချကာ ခြေဖြင့်နင်းခြင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းခြင်းတို့ လုပ်ဆောင်နေသည်ကိုတွေ့ရသည်။

“ယူနီကွန်းပြောက်ကျားတပ်ဖွဲ့”သည် စစ်ကိုင်းမြို့နှင့်အနီးတဝိုက်တွင် အခြေစိုက်ပြီး မဟာမိတ်တပ်ဖွဲ့များ နှင့် ပူးပေါင်းလှုပ်ရှားနေသည်ဟု သိရသည်။

“Road to Mandalay”ဟု အမည်ပေးထားသည့် ၎င်းတို့၏စစ်ဆင်ရေးများတွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများကိုလည်း မကြာခဏ တိုက်ခိုက်လေ့ရှိသည်။

  ဒီဇင်ဘာ၂၀ ရက်နေ့ကလည်း စစ်ကိုင်း- မင်းကွန်းလမ်းပေါ်တွင်ပင် ဘီယာဆိုင်မှပြန်လာသည့် ပျူစောထီးများ၏ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သေးသည်။

မင်းကွန်း-စစ်ကိုင်းလမ်းပေါ် တိုက်ခိုက်မှုမှ သိမ်းဆည်းမိသော လက်နက်ခဲယမ်းနှင့် အသုံးအဆောင် တချို့။ (ဓာတ်ပုံ-ပေးပို့)

Show More

Related Articles

Back to top button