
ပဲခူးတိုင်းအရှေ့ပိုင်း ၊ ညောင်လေးပင်မြို့နယ်၊ ကျေးရွာတချို့ရှိ ဘုန်းကြီးကျောင်းများ တိုက်ခိုက်ခံနေရသည့်အတွက် အမျိုးသမီးကြီးတစ်ဦး သေဆုံးကာ ဒေသခံရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သတင်းရင်းမြစ်များထံက သိရသည်။
ဇန်ဝါရီလ ၂၇ နှင့် ၂၈ ရက်နေ့တို့တွင် လေတပ်က စစ်တောင်းမြစ် အနောက်ဘက်ကမ်း ညောင်ပင်ကြီးရွာ ၂ ရက်ဆက် ဗုံးကြဲ၊ ပစ်ခတ်ခဲ့သလို ပျဉ်ရေအနောက် ကျေးရွာကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ညောင်ပင်ကြီးရွာတဝိုက်သည် PDF စိုးမိုးနယ်မြေဖြစ်ပြီး ရွာ၏ အနောက်ဘက် တစ်မိုင်ခန့်အကွာတွင် စစ်ကောင်စီတပ် တပ်စွဲထားသည့် ပုဇွန်မြောင်းကျေးရွာရှိသည်။
ဇန်နဝါရီ ၂၇ ရက်နေ့ မွန်းတည့်ချိန်ခန့်တွင် ညောင်ပင်ကြီးကျေးရွာ အေးမြအောင်ဘုန်းကြီးကျောင်း ထိုသို့ တိုက်ခိုက်ခံရသဖြင့် လူသွားစင်္ကြန် ပျက် စီးခဲ့ပြီး ကျောင်းဝင်းအတွင်း စေတီကို ကာထားသော အုတ်တံတိုင်းလည်း ပြိုသွားကြောင်း သိရသည်၊
နောက်တစ်နေ့တွင် ညောင်ပင်ကြီးရွာမှ ကျောင်းသစ်အမည်ရှိ အခြားဘုန်းကြီးကျောင်း တစ်ခုကို လေတပ်က ဗုံးတစ်လုံး ကြဲချခဲ့သည်ဟု စစ်တောင်းမြစ်ဝှမ်းတစ်ကြော နယ်မြေလှုပ်ရှား နေသည့် PDF တပ်ဖွဲ့မှ သတင်းရင်းမြစ်တစ်ခုက ဆိုသည်။
ထိုကျောင်းမှ ဆရာတော်သီတင်းသုံးရာ ကျောင်းဆောင်၊ အခြားကျောင်းဆောင်တစ်ခု၊ ဆွမ်းစားဆောင် ၊ သိမ်တစ်ခုတို့ အပြင် အနီးရှိ အရပ်သား အိမ်တစ်လုံးနှင့် အိမ်နောက်ဖေးအဆောင် တစ်ခုလည်း ပျက်စီးသွားသည်ဟု သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အရပ်သား ၄ ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၂၈ ရက်နေ့ က ညောင်ပင်ကြီးရွာကို လေတပ်က တိုက်ခိုက်နေစဉ် ထိုရွာ၏ မြောက်ဘက် ၂ မိုင် ခန့်အကွာ ပျဉ်ရေအနောက်ဘက်ရွာ ဘုန်းကြီးကျောင်းကိုလည်း စစ်တပ် က ဒရုန်းဖြင့် ဗုံးသီးတစ်လုံး ချခဲ့သည်။
ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းဘေးရှိ နေအိမ်မှ အသက် ၆၉ နှစ်အရွယ် ဒေါ်စန်းမြင့် ဗုံးစထိမှန် သေဆုံးခဲ့သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ရရှိရန် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ယမန်နေ့က စစ်တပ်၏ အင်တာနက်စာမျက်နှာ ထုတ်ပြန်ချက်တစ်ခုတွင်မူ ပဲခူးတိုင်း၊ ရွှေကျင်မြို့နှင့် ညောင်လေးပင်မြို့တို့တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ်များ ပျက်စီးခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု သတင်းများတွင် ရေးသားနေကြသည်၊ သတင်းများဖြစ်သည်ဟု တုံံ့ပြန်ထားသည်။
လေကြောင်းတိုက်ခိုက်မှု မရှိကြောင်း၊ PDF များကသာ ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ ကြောင်း ၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိလုပ်ကြံ ရေးသားဖြန့်ဝေနေကြောင်း တပ်မတော် စစ်ဦးစီးချုပ်ရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်
PDF သတင်းရင်းမြစ် အမျိုးသားက ပြည်သူများ ပဲရိတ်သိမ်းချိန်ဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိတ်လန့်နေကြရကြောင်းပြောသည်။
“ပြည်သူကလည်း ဒီပဲစိုက်တာကိုပဲ အသက်မွေးဝမ်းကျောင်း အနေနဲ့ လုပ်နေရတာပေါ့။ ပဲ ရိတ်သိမ်း တဲ့အချိန်ကြမှ ချိန်သားကိုက်လာလုပ်တာ” ဟု ထိုသူက ဆိုသည်။

လက်ရှိတွင် လေကြောင်းတိုက်ခိုက်မှု ကြုံရသည့် ဘုန်းကြီးကျောင်းမှ သံဃာတော်များကို ဘေးလွတ် မည်ဟု ယူဆရသည့်နေရာများတွင် ယာယီသတင်းသုံးနိုင်ရန် စီစဉ်ပေးထားကြောင်း ၎င်းက ဆက်ပြော သည်။
ထွက်ပြေးနေရသည့် ပြည်သူအရေအတွက်မှာ ရာနှင့်ချီရှိနိုင်ကြောင်း PDF သတင်းရင်းမြစ်များက ခန့်မှန်းထားသည်။
မကြာသေးခင် ဇန်နဝါရီလ ၂၃ ရက်နေ့ဝန်းကျင်တွင် ညောင်ပင်ကြီးရွာအနောက်ဘက် ၁ မိုင်အကွာ ပုဇွန်မြောင်းရွာရှိ စစ်ကောင်စီ၏ တပ်စခန်းငယ်တစ်ခုကို စစ်တောင်းမြစ်ဝှမ်းတွင် လှုပ်ရှားသည့် PDF များက စီးနင်း တိုက်ခိုက်ခဲ့သေးသည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်များကို သိမ်းယူနိုင်ပြီးနောက် PDF များက စခန်းတွင် မထိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့သည်။
ထိုတိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။
ပုဇွန်မြောင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က PDF စိုးမိုးကျေးရွာများရှိ ဘုန်းကြီးကျောင်းများကို တိုက်ခိုက်နေခြင်းမှာ PDF များ နေထိုင်သည်ဟု ယူဆ၍ ဖြစ်နိုင်ကြောင်း ခန့်မှန်းနေကြသည်။
စစ်တပ်က ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများကို ရည်ရွယ်၍ ဗုံးကြဲ၊ ပစ်ခတ် တိုက်ခိုက်ရာတွင် ထိခိုက်သေဆုံးသူ အများစုမှာ အရပ်သားများသာဖြစ်သည်။
မကြာသေးခင် ဇန်နဝါရီ ၂၆ ရက်က မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာစာသင်ကျောင်း တိုက်ခိုက် ခံရမှုတွင်မှု အရပ်သား ၆ ဦး၊ လက်နက်ကိုင်တော်လှန်ရေးသမား ၁၂ ဦး သေဆုံးခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၃) နယ်မြေတွင်ပါဝင်သော ညောင်လေးပင်ခရိုင် ၊ ရွှေကျင်မြို့နယ်ကို စစ်တပ်က အာဏာသိမ်းပြီးစ ၂၀၂၁ မတ်လ ၂၀ ရက်နေ့က စတင်၍ လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိုစဉ်က အလုပ်သမားများအပါအဝင် ၁၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့ သည်။
KNU ထိန်းချုပ်နယ်မြေများကို စစ်တပ်အခြေစိုက်တပ်များ၊ လေယာဉ်၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုများ ကို စစ်တပ်က မကြာခဏလုပ်ဆောင်နေ၍ အရပ်သား ထိခိုက်သေဆုံးမှုများ၊ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရသည်။