အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကနီမြို့နယ် လေကြောင်းတိုက်ခိုက်မှုတွင် ဆီတင်ကား ၂ စီး မီးလောင်

ချင်းတွင်းမြစ် လှေဆိပ်ကို လေတပ်က တိုက်ခိုက်စဉ် ရဟန်းတစ်ပါး ဒဏ်ရာရကာ ဆီကား ၂ စီး၊ ဆိုင်ကယ်တချို့ မီးလောင်ပျက်စီးသွားသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ကို လေတပ်က ယနေ့ ( ဖေဖော်ဝါရီ ၁၇)  မွန်းလွဲ ၁ နာရီကျော်ခန့်တွင်  တိုက်ခိုက်ရာ  ချင်းတွင်းမြစ်ဆိပ်အနီး ရပ်တန့်ထားသော ပုဂ္ဂလိကပိုင် လောင်စာဆီကား ၂ စီး မီးလောင်သွားကြောင်း သိရသည်။

မုဋ္ဌောအရှေ့ရွာအနီး မြစ်ဆိပ်ကို တိုက်ခိုက်မှုတွင်  သေဆုံးသူမရှိသော်လည်း ရဟန်းတစ်ပါး ဒဏ်ရာရရှိခဲ့ ကြောင်း အဆိုပါနေရာတွင် ရောက်ရှိနေသည် ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် တစ်ဦးက Myanmar Now ကို ပြောသည်။ 

“လူတွေကတော့ အသေးစားထိခိုက်မှုလို့ပြောရမှာပေါ့။ သေဆုံးတာမရှိပါဘူး။ ဘုန်းကြီးတစ်ပါးတော့ လောလောဆယ် ဆေးရုံပို့လိုက်ရတယ်” ဟု အထက်ပါ ကနီ ပကဖ အဖွဲ့ဝင်က ဆိုသည်။ 

“ဆီပီပါကား နှစ်စီးပါ။ တစ်စီးက ပီပါ ၅၀ ပါသွားတယ်။ ကျန်တစ်စီးက ခါလီဗျ။ ကမ်းနားဂိတ်တဲလည်း မီးလောင်သွားတယ်” 

လေယာဉ်တစ်စီးပတ်ဝဲ ပျံသန်းနေစဉ် ကျန်တစ်စီးက  ပစ်ခတ်ခဲ့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“နှစ်ကြိမ်ကတော့ ဗုံးပဲလို့ ယူဆတယ်။ ပြီးတော့ ဆက်တိုက်ပစ်သေးတယ်” ဟု သူက ဆိုသည်။ 

လေတပ် ပစ်ခတ်မှုကြောင့် ရဟန်းတစ်ပါး ဒဏ်ရာရသည် ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ တုံ့ပြန်ချက် ရယူဖော်ပြနိုင်ခြင်း မရှိသေးပေ။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများထိခိုက်သည်ဆိုသော သတင်းများ မှားယွင်းနေကြောင်း စစ်တပ်က ရံဖန်ရံခါ သတင်းထုတ်ပြန်တတ်သည်။

ဒေသတွင်းအသုံးပြုရန် လောင်စာဆီများ သယ်လာသည့်  ကား ၂ စီး၊ တိုက်ခိုက်ခံရသည့်နေရာအနီးရှိ ဆိုင်ကယ်များ မီးလောင်ပျက်စီးသွားကြောင်း  ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ 

ဒေသခံ လူမှုကူညီရေးသမားတစ်ဦးက လေတပ်၏ပစ်မှတ်မှာ ဆီကားများ ဖြစ်နိုင်သည်ဟု ဆိုသည်။ 

“စစ်တပ်က တော်လှန်ရေးဒေသကို စက်သုံးဆီပါဖြတ်ချင်နေတာဗျ။ ခုဟာက ဆီကားကို သီးသန့် လာပစ် တာ သိသာတယ်” ဟု ၎င်းက ပြောသည်။ 

ဆီကားများ ချင်းတွင်းမြစ်ဆိပ်အနီး မီးလောင်နေသည်ကို တွေ့ရစဉ်။

ကနီမြို့နယ်သည် တော်လှန်ရေးအားကောင်းသည့်ဒေသဖြစ်ပြီး ယမန်နှစ် အောက်တိုဘာနှင့် ဒီဇင်ဘာ အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် လူသေဆုံးမှု ရှိသလို ဒဏ်ရာရသူလည်း များပြားခဲ့သည်။ 

ဖေဖော်ဝါရီ ၃ ရက်နေ့ မုဋ္ဌောအရှေ့ရွာအနီး  လေကြောင်းတိုက်ခိုက်မှု၂ ဦးသေဆုံးသည်။   

အင်ဂျင်တပ်လေထီးစီးသူတို့၏ တိုက်ခိုက်မှုကြောင့်လည်း  ၇ ရက်နေ့တွင်  ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ၊   ၁၀ ရက်နေ့တွင် ကနီဒေသခံ ၁ ဦးသေဆုံးခဲ့သည်။  ၁၂ ရက်နေ့တွင် လေတပ်က  နတ်ကြီးရွာကို တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ လက်ထက် နိုင်ငံခြားသုံးငွေ ရှားပါးပြတ်လပ်လာခြင်းကြောင့် ဒေါ်လာဖြင့် ဝယ်ယူရသည့် စက်သုံးဆီကို လုံလောက်စွာ တင်သွင်းဖြန့်ဖြူးရန် စီမံပေးနိုင်မှု မရှိခြင်း၊ စျေးကွက်အတွင်း စက်သုံးဆီ မကြာခဏပြတ်လပ်ခြင်းများနှင့် ရင်ဆိုင်နေရသည်။ 

စစ်ကောင်စီကလည်း တော်လှန်ရေးအားကောင်းသည့်နယ်မြေများသို့ စက်သုံးဆီများမရောက်ရှိနိုင်စေရန် ဖမ်းဆီးအရေးယူ၍ ဖြတ်တောက်ရန် ကြိုးပမ်းနေသည်။ 

၂၀၂၃ ဒီဇင်ဘာ ၂၂ ရက်နေ့က စက်သုံးဆီဆိုင်များတွင် အကြိမ်ကြိမ်တန်းစီဝယ်ယူကာ တစ်ဆင့်ပြန်ရောင်းချသူများနှင့် လိုင်စင်မဲ့ စက်သုံးဆီရောင်းသူများကို ဖမ်းဆီးနေကြောင်း စစ်ကောင်စီ၏ သတင်းစာတွင် ရေးသားထားသည်။

ယခုနှစ် ဇန်နဝါရီ ၂ တွင်  စစ်ကောင်စီသည် စစ်ကိုင်းမြို့နယ်မှ သမာရိုးကျစက်သုံးဆီရောင်းသူများကို တော်လှန်ရေးအင်အားစုနယ်မြေများသို့ ရောင်းသည်ဟု အကြောင်းပြကာ လူအများအပြားကို ဖမ်းဆီး၍ ပစ္စည်းသိမ်းဆည်းမှု ဖြစ်ပေါ်ခဲ့သေးသည်။

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာ ကံတလူစစ်ဆေးရေးဂိတ်အနီးရှိ ဆီသိုလှောင်သည့် နေရာများမှ လူ ၁၇ ဦးကို  ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ဝင်ဖမ်းခဲ့သည်၊  ဆီသယ်ယာဉ် ၂၂ စီး၊ စက်သုံးဆီမျိုးစုံ  ဂါလန် ၆၀,၀၀၀ တို့ကို သိမ်းဆည်းခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။ 

ထိုစက်သုံးဆီများကို မန္တလေးမှတစ်ဆင့်သယ်ယူ၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ် သည့် ဖားကန့်ကျောက်စိမ်းလုပ်ကွက်၊ တနိုင်းရွှေလုပ်ကွက်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ထိန်းချုပ်သည့် ကောလင်းနှင့် ချင်းတွင်းမြစ်တစ်လျှောက် ရွှေလုပ်ကွက်များ၊ တအာင်းတပ်(TNLA) နှင့် PDF တပ်များ ထိန်းချုပ်ထားသော စဉ့်ကူး၊ သပိတ်ကျင်းနှင့် မိုးကုတ်ရှိ ရွှေနှင့်သယံဇာတတူးဖော်ရေး လုပ်ကွက် များသို့ ရောင်းချခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် စွပ်စွဲထားသည်။

Related Articles

Back to top button