
စက်သုံးဆီဆိုင်များတွင် အကြိမ်ကြိမ်တန်းစီဝယ်ယူကာ တစ်ဆင့်ပြန်ရောင်းချသူများနှင့် လိုင်စင်မဲ့ စက်သုံးဆီရောင်းသူများကို ဖမ်းဆီးနေကြောင်း စစ်ကောင်စီ၏ ယနေ့ (ဒီဇင်ဘာ ၂၂) ရက်ထုတ် ဝါဒဖြန့် သတင်းစာတွင် ရေးသားထားသည်။
စစ်ကောင်စီလက်ထက် နိုင်ငံခြားသုံးငွေ ရှားပါးပြတ်လပ်လာခြင်းကြောင့် ဒေါ်လာဖြင့် ဝယ်ယူရသည့် စက်သုံးဆီကို လုံလောက်စွာ တင်သွင်းဖြန့်ဖြူးရန် စီမံပေးနိုင်မှု မရှိခြင်း၊ စျေးကွက်အတွင်း စက်သုံးဆီ မကြာခဏပြတ်လပ်ခြင်းများနှင့် ရင်ဆိုင်နေရစဉ် အဖမ်းအဆီးသတင်း ထွက်ပေါ်နေခြင်း ဖြစ်သည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က စစ်ဆေး ဖမ်းဆီးနေခြင်းဖြစ်ပြီး စက်သုံးဆီ ဆိုးဆိုးရွားရွားပြတ်လပ်ခဲ့သည့် ယခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့က ကားနောက်ခန်းတွင် ဆီပီပါတင်ကာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် Denko ဆီဆိုင်တွင် နှစ်ကြိမ်တန်းစီဝယ်သူကို ဖမ်းဆီးခဲ့ကြောင်း ထိုထုတ်ပြန်ချက်တွင် တွေ့ရသည်။
ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း ဆီဆိုင်တွင် တန်းစီ၍ ရန်ကုန်မြို့ သာကေတမြို့နယ် ကျောက်တိုင်မှတ်တိုင်အနီး ရောင်းချသည့် ကားတစ်စီးပေါ်မှ ဂါလန် ၅၀ ဆံ့ ဆီပီပါ ၁၀ လုံးကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
ဆီအမှန်တကယ်သုံးစွဲရန်မဟုတ်ဘဲ သိုလှောင်ရန်၊ တရားမဝင်ဈေးကွက်အတွင်း ပြန်လည်ရောင်းချရန် ရည်ရွယ်ကာ နှစ်ကြိမ်တန်းစီသူများသည် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မများနှင့် ငြိစွန်း၍ စစ်ဆေးအရေးယူခံရနိုင်ကြောင်း စစ်ကောင်စီစွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးဦးစံက Myanmar Now ကို ပြောသည်။
“အခုလုပ်နေတာတွေက Black Market (မှောင်ခိုစျေး) ပေါ့နော်၊ ဆီကို ထည့်တယ်၊ ထည့်ပြီး ထုတ်ပြီးတော့မှ အပြင်မှာ ပြန်ရောင်းတယ်၊ ဒါမျိုးတွေလုပ်ကြတယ်၊ ပြီးတော့ တစ်ခါ လှောင်ကြတယ်။ ဆီက အဲ့ဒီလို တရားမဝင် လှောင်လို့မရဘူးလေ။ အဲ့လိုလုပ်ကြတာ၊ လှောင်ထားကြတာမျိုးတွေကို လိုက်ပြီးတော့ ဖမ်းတာ။ အဓိက ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပေါ့” ဟု ၎င်းက ဆိုသည်။
ထိုဥပဒေသည် စက်သုံးဆီလုပ်ငန်းနှင့် အရောင်းဆိုင်များကို ထိန်းကြောင်းရန် အလေးပေးကြောင်း၊ သုံးစွဲသည့် ပြည်သူလူထုနှင့် ပတ်သက်၍ လိုင်စင်မရှိဘဲ ရေနံလုပ်ငန်းမလုပ်ရန်၊ တရားမဝင် သိုလှောင်ဖြန့်ဖြူးရန်သာ အဓိက အကျုံးဝင်ကြောင်း သူက ဆိုသည်။

လိုင်စင်မရှိဘဲ လုပ်ငန်းဆောင်ရွက်ပါက တစ်နှစ်ထက်မပိုသောထောင်ဒဏ်၊ အနည်းဆုံး ကျပ် ၃ သိန်းမှ ကျပ်သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကာ ဆက်စပ်ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်သည်ဟု ထိုဥပဒေတွင် ဖော်ပြထားသည်။
အောက်တိုဘာမှ ဒီဇင်ဘာထိ မန္တလေးနှင့် စစ်ကိုင်းတွင် တရားမဝင် ဆီသိုလှောင်သယ်ယူသည်ဟုဆိုကာ စစ်ဆေးဖမ်းဆီးမှု ၈ မှု၊ ဒီဇင်ဘာလလယ်က ရန်ကုန်၊ ဧရာဝတီ၊ နေပြည်တော်တွင် အကြိမ်ကြိမ်တန်းစီ၍ တစ်ဆင့်ပြန်လည်ရောင်းချမှုအပါအဝင် ၂၉ မှုရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဆီရှိလျက်မရောင်းခြင်း၊ နေရာပြောင်းရွှေ့ရောင်းခြင်းနှင့် သတ်မှတ်ဈေးထက်ပိုရောင်းသည့် ရန်ကုန်နှင့် မန္တလေးမှ စက်သုံးဆီဆိုင် ၁၆ ဆိုင်ကိုလည်း ဒဏ်ရိုက်ခဲ့သည်၊ လိုင်စင်ကန့်သတ်၍ ဆိုင်ပိတ်သိမ်းခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီက ဆီလုံလောက်စွာ တင်သွင်းနိုင်ခြင်းမရှိဘဲ ဆီဆိုင်များကို အကန့်သတ်ဖြင့်သာ ချပေးနိုင်သဖြင့် ဆီရှားပါးကာ တရားမဝင်ဈေးကွက်ပေါ်လာကြောင်း မန္တလေးမှ အမည်မဖော်လိုသည့် စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးက Myanmar Now ကို ပြောသည်။
“တချို့ကလည်း နေ့စားခလေးရရဆိုပြီး သွားတိုးကြတာပေါ့။ လုံလောက်နေတုန်းက လိုသလောက် ရနေတော့ (တိုးတဲ့သူ) မရှိဘူးလေ” ဟု ၎င်းက ဆိုသည်။
သိုလှောင်ဖြန့်ဖြူးရာတွင် မူဝါဒအမျိုးမျိုး ပြောင်းလဲထိန်းချုပ်နေကြောင်း၊ လက်လီအရောင်းဆိုင်များကို ဆီဖြန့်ဖြူးပေးရာတွင် ဝယ်ယူခွင့်ကျပြီး ၃ ရက်အတွင်း ဆီထုတ်ယူရန် ယခုရက်ပိုင်းအတွင်း ပြောင်းလဲလိုက်ကြောင်း ၎င်းက ဆိုသည်။
၃ ရက်အတွင်း မထုတ်ယူပါက ထိုဆီဝယ်ယူခွင့် ပျက်ပြယ်မည်ဖြစ်ရာ နယ်မြို့မှ ဆီဆိုင်များအနေဖြင့် ရန်ကုန်ဆိပ်ကမ်းများအထိ သွားထုတ်ရမည့်ဖြစ်၍ အချိန်မီထုတ်ယူရန် ခက်ခဲကာ လာမည့်ရက်အတွင်း ဆီအကျပ်အတည်း ထပ်မံပေါ်ပေါက်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
“သူတို့က ပေးလည်းပေးတယ်၊ မပေးလည်းမပေးချင်သလို ဖြစ်နေတာ။ စာရွက်ထဲတော့ (ဝယ်ယူခွင့်) ကျပြီး ပြန်ထုတ်လို့မရဘူး” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ဓာတ်ဆီဝယ်ယူခွင့် အဆင်ပြေလာသော်လည်း ဒီဇယ်ဝယ်ယူရန် တန်းစီနေရဆဲဖြစ်ကြောင်း၊ ဆီဈေးနှုန်းလည်းမြင့်တက်နေကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။
စစ်ကောင်စီလက်ထက်တွင် ဆီမလုံလောက်ခြင်းမှာ အဓိကပြဿနာဖြစ်ပြီး ရန်ကုန်မြို့ ရွှေပြည်သာ၊ လှိုင်သာယာတို့တွင် မှောင်ခိုဆီဆိုင်များ အလျှိုလျှိုပေါ်လာကာ စစ်ကောင်စီတပ်သားတို့၏ ငွေညှစ်ရန် နေရာများဖြစ်လာကြောင်း ၎င်းက ဆိုသည်။
“ဆီပြတ်လပ်ပြီဆိုတာနဲ့ ယန္တရားက အကုန်ရပ်သွားတော့မှာလေ။ လှိုင်သာယာဘက်မှာဆိုရင် အထည်ချုပ်တွေဆိုရင် မီးမရလို့ ဒီဇယ်နဲ့ မောင်းနေရတဲ့ စက်ရုံတွေအများကြီးရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။
“တချို့စက်ရုံတွေ ဝန်ထမ်းတွေလျှော့တယ်။ လုပ်ငန်းတွေ ခဏရပ်ထားတယ်။ ဆီဝယ်လို့မရတဲ့ ပြဿနာလေ”
လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးဦးစံကမူ လက်ရှိစက်သုံးဆီအခက်အခဲသည် စိုးရိမ်စိတ်ဖြင့် ဝယ်ယူရာမှ တရားမဝင်ဈေးကွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ စက်မှုဇုန်များအတွက် ဆီခွဲတမ်းကို ဒေါ်လာမရောင်းပေးတော့ခြင်းကြောင့် ဆီစုဆောင်းမှုအခြေအနေကို တွေ့ရကြောင်း ဆိုသည်။
စက်သုံးဆီအကျပ်အတည်းဖြစ်လာချိန် ဒီဇင်ဘာ ၁၀ ရက်နေ့မှစ၍ ရေနံထွက်ပစ္စည်းများကို ၅၀ ဂါလန်နှင့်အထက် သိုလှောင်သယ်ယူခွင့်မရှိကြောင်း၊ ချိုးဖောက်ပါက ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ညွှန်ကြားချက်ထုတ်ပြန်ထားသည်ဟု သူက ဆိုသည်။
ယခင်က ဆီပြတ်လပ်ပါက ဆီဆိုင်အချင်းချင်း မျှဝေချနိုင်သော်လည်း စစ်အာဏာသိမ်းမှုကြာလာချိန် လုံးဝပြတ်တောက်သည်အထိ ဖြစ်လာကြောင်း ဆီဆိုင်ပိုင်ရှင်များက ဆိုသည်။
အာဏာသိမ်းပြီးနောက် ပို့ကုန်ရငွေနှင့် အမေရိကန်ဒေါ်လာ ရပေါက်ရလမ်းများအားလုံးကို စစ်ကောင်စီက ထိန်းချုပ်လိုက်ကာ ပြည်ပမှ အဓိကတင်သွင်းသည့် စက်သုံးဆီနှင့် စားသုံးဆီနှစ်မျိုးအတွက် လိုအပ်သည့် ဒေါ်လာငွေထက်ဝက်ခန့်ကို ဦးစားပေးအနေဖြင့် ဒေါ်လာရောင်းချပေးခဲ့ခြင်းဖြစ်သည်။
ဓာတ်ဆီတင်သွင်းမှုတန်ဖိုး၏ ၄၀ ရာခိုင်နှုန်း၊ ဒီဇယ်တင်သွင်းမှု၏ ၅၀ ရာခိုင်နှုန်းကို တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ်၊ ကျန်တစ်ဝက်ကို ဈေးကွက်ပေါက်ဈေးဖြင့် သတ်မှတ်ရောင်းချပေး၍ ဆီဈေးနှုန်းကိုလည်း သတ်မှတ်ဈေးဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့သည်။
ဒေါ်လာအကျပ်အတည်းဖြစ်လာချိန်တွင် စက်သုံးဆီအတွက် လျှော့ဈေးဖြင့် ဒေါ်လာရောင်းပေးခြင်းနှင့် ဒေါ်လာရည်ညွှန်းဈေးသတ်မှတ်ခြင်းကိုလည်း ရပ်ဆိုင်းကြောင်း ယခုလအတွင်း ကြေညာခဲ့သည်။
စက်သုံးဆီလုံလောက်မှုရှိကြောင်း အစဉ်တစိုက်ပြောဆိုနေသည့် စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းသည်ပင် ဒေါ်လာမူဝါဒအပြောင်းလဲကြောင့် စက်သုံးဆီဈေးကွက်ကို ရိုက်ခတ်နိုင်သည်ဟု ဆိုထားသည်။