စစ်ရေးပြင်ထန်လာသည့် မကွေးတိုင်းတွင် ပေါက်နှင့် မြိုင်နယ်စပ်ကို ဆက်တိုက် စစ်ကြောင်းထိုး နေသော စစ်တပ်က ပြည်သူ တစ်ဦး၊ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးတို့ကို သတ်ဖြတ် ပြီး နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေလျှင်တပ်ရင်းမှ ထွက်လာသည့်၊ အင်အား ၃၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့သည် မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်ကြားကို ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး စစ်ကြောင်းထိုးစီးနင်းနေသည်။
စစ်ကောင်စီ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီး (ပြည်သူ့စစ်)များ အခြေစိုက်ထားရာ ပေါက်မြို့နယ်၊ ကုက္ကိုလ်စုရွာမှ ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက်ပိုင်းက ထွက်လာသော စစ်ကြောင်းကို ညနေပိုင်းတွင် ပေါက်နှင့်မြိုင်နယ်စပ်ရှိ ကျောက်လုံးရွာအနီးတွင် ဒေသတွင်း တော်လှန်ရေးအင်အားစုက ကြားဖြတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

ညနေ ၄ နာရီမှ ၆ နာရီခွဲအထိ တစ်နာရီခွဲဝန်းကျင် ထိတွေ့မှုဖြစ်ပြီးနောက် ည ၁၀ နာရီဝန်းကျင်တွင် တိုက်ပွဲထပ်ဖြစ်ခဲ့သည်ဟု တိုက်ခိုက်ရာတွင် ပါဝင်သည့် အညာမြေတပ်ပေါင်းစုထံက သိရသည်။
ပေါက်နှင့်မြိုင်မှ ဒေသခံကာကွယ်ရေးအဖွဲ့ ၄ ခုပေါင်းပြီး ဖွဲ့ထားသည့် အညာမြေတပ်ပေါင်းစု အဖွဲ့မှာ ဒေသတွင်း နှင့် ထိစပ်သည့်မြို့နယ်များတွင် စစ်ရေးလှုပ်ရှားနေသည်။
တော်လှန်ရေးတပ်များ၏ကားနှင့် စစ်တပ်စစ်ကြောင်းမှ ရှေ့ပြေးအဖွဲ့နှင့်ထိပ်တိုက်တွေ့ရာ ပစ်ခတ်မှုဖြစ်ပြီး ကားပေါ်တွင်လိုက်ပါလာသည့် TYK (သရက်ကန်) ပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင် ကိုမြင့်သူ သေဆုံးခဲ့ကြောင်း သိရသည်။
“ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်မှာ သူက ရိက္ခာလာပို့တာ၊ ရှေ့ကရဲဘော်တွေအတွက်။ အဲ့ဒီ အချိန်မှာ စစ်ကောင်စီရဲ့ ရှေ့ပြေးအဖွဲ့နဲ့ သူတို့လာတဲ့ကားနဲ့ ထိပ်တိုက်တွေ့သလိုဖြစ်သွားတာ” ဟု အညာမြေတပ်ပေါင်းစု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောသည်။
ထိုကားပေါ်ပါလာသည့် တပ်ဖွဲ့ဝင်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်လာပြီး လက်ရှိတွင် ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်းသိရသည်။
ကိုမြင့်သူ၏ ရုပ်အလောင်းနှင့် ကားကို စစ်တပ်က မီးရှို့သွားသော်လည်း ကျန်ရစ်သည့် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ယမန်နေ့ (ဖေဖော်ဝါရီ ၁၀)ရက်က ကောက်ယူသင်္ဂြိုဟ်ခဲ့သည်ဟု ကိုဘိုဘိုသန့်ဇင်က ပြောသည်။
ထိုနေ့ နံနက်ပိုင်းက ကုက္ကိုလ်စုရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကပ်လျက်ရှိ မကျီးစင်ကျေးရွာ ဒေသခံ ကိုဝင်းစိုးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း တော်လှန် ရေးအင်အားစုများထံက သိရသည်။
“သူကအရပ်သားပဲ။ စစ်ကြောင်းနဲ့တွေ့သွားတာ။ စစ်ကြောင်းကိုရှောင်ကြရင်းနဲ့တွေ့သွားတာ”ဟု ကိုဘိုဘိုသန့်ဇင်က ပြောသည်။
စစ်ကြောင်းဝင်ရောက်သည့် တစ်ပတ်တာအတွင်း မကျီးစင်ရွာနှင့် သနပ္ပင်ဇင်းရွာမှ နေအိမ် ၅၀ ကျော် မီးရှို့ဖျက် ဆီးခံခဲ့ရသည်ဟု ဆိုသည်။
အရပ်သားကို သတ်ဖြတ်မှု၊ အိမ်များ မီးရှို့မှု ကျူးလွန်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး အာဏာသိမ်းတပ်ကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။
သို့သော်လည်း ထိုဒေသအတွင်း အခြားကျေးရွာတစ်ခုမှ အသက် ၇၀ အမျိုးသားတစ်ဦး သေဆုံးသည်ဆိုသော သတင်းမှာ မှားယွင်းနေကြောင်း စစ်တပ်၏ ဖေဖော်ဝါရီ ၇ ရက်နေ့ထုတ် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ တော်လှန်ရေးသမားများက သတ်ဖြတ်ခြင်း ဖြစ်သည်ဟု သတင်းတွင် ရေးထားသည်။
ကိုဘိုဘိုသန့်ဇင်ကမူ ထိုအမျိုးသားမှာ စစ်တပ်၏ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်စဉ် ကျန်းမာရေး ချို့ယွင်းပြီး သေဆုံးသည်ဟု မြေလတ်အသံ သတင်းဌာနကို ပြောသည်။
အညာမြေတပ်ပေါင်းစုက ယနေ့ သတင်းထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီ ၉ ရက်နေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးကာ ၈ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်၊ ရုပ်အလောင်းဓာတ်ပုံများလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
ထိုကိန်းဂဏန်းများနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပေါက်မြို့နယ်မှ ဆုတ်သွားသည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းမှာ လက်ရှိတွင် မြိုင် စက်မှု ၂ အတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်ဟု တော်လှန်ရေးအင်အားစုများထံက သိရသည်။ စက်မှု ၂ အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများမှာ နေရပ်မပြန်ဝံ့သေးဘဲ ဘေးကင်းမည်ဟု ယူဆရသည့် နေရာများသို့ ရက်ရှည် ထွက်ပြေးတိမ်းရှောင်နေ ရသည်။
အလူမီနီယံအကြမ်းထည်ချောင်းများ ထုတ်လုပ်သည့် အမှတ် (၂၄) လက်နက်ထုတ်လုပ်ရေးစက်ရုံရှိရာ ပေါက်မြို့နယ်နှင့်ကပ်လျက်ရှိမြိုင်မြို့နယ်မှာ တော်လှန်ရေးအင်အားစု လှုပ်ရှားမှုအားကောင်းသည့်ဒေသများဖြစ်ပြီး စစ်တပ်က ရက်ရှည်စစ်ကြောင်းမထိုးနိုင်သည်မှာ တစ်နှစ်ခွဲခန့်ရှိပြီဟု တော်လှန်ရေး အင်အားစုက ဆိုသည်။
ယခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့တွင် ပခုက္ကူမြို့ အခြေစိုက်အမှတ် ၁၀၁ မှ ထွက်လာသည့် အင်အား ၃၀၀ ပါစစ်ကြောင်းက ပေါက်နှင့် မြိုင်မြို့နယ်စပ်တွင် လွန်းထိုးကာ စီးနင်းနေခြင်း ဖြစ်သည်။
မကွေးတိုင်းအနောက်မြောက်ဘက်ခြမ်းရှိ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းမှ မြို့နယ် များကို ယမန်နှစ်ကုန်ပိုင်းတွင် စစ်တပ်က လက်လွှတ်ခဲ့ရပြီးနောက် ၎င်းတို၏ ပင်မထောက်တိုင် လက်နက်စ က်ရုံများရှိရာ မကွေးတိုင်းတွင် ယခုနှစ်ဆန်းပိုင်းက စပြီး စစ်တပ်က စစ်ရေးအရှိန်မြှင့်နေသည်။
ရခိုင်ရိုးမနှင့် ဧရာဝတီမြစ် အနောက်ဘက်ကမ်းကြားရှိတော်လှန်ရေးအင်အားစု အားကောင်းရာ စလင်းနှင့်ပွင့်ဖြူမြို့နယ်တို့တွင်လည်း ဇန်နဝါရီ လလယ်ကစပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ နယ်မြေ ရှင်းလင်းရေးဆက်တိုက်လုပ်နေသည်ဟု ဒေသတွင်း တော်လှန်ရေးအင်အား စုက ပြောကြားသည်။
အမ်း – ပဒါန်း လမ်းကြောင်းပေါ်ရှိ ကံမြင့်ကန် စခန်းကိုလည်းစစ်တပ်က ဇန်နဝါရီ လလယ်ပိုင်းတွင် အင်အား ဖြည့်တင်းခဲ့သော်လည်း အာရက္ခတပ်တေ် (AA) က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲတွင် အမှတ် (၉၉) ခြေလျင် တပ်မဌာနချုပ်မှ နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်ကို ဖမ်းဆီးရမိခဲ့ကြောင်း အေအေနှင့်နီးစပ်သည့် အာရက္ခမင်းသမီး သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။




