
မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း ယခုလဆန်းမှစတင်ကျင်းပနေသည့် မန်းရွှေစက်တော်ဘုရားပွဲ ရှိနေစဉ်မှာပင် စစ်ကောင်စီက စက်တော်ရာစေတီအနီးအနား ကျေးရွာများကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း ဒေသတွင်းတော်လှန်ရေး အင်အားစုများထံက သိရသည်။
ကိုဗစ်ကာလမှအပ နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့သည့် မန်းရွှေစက်တော်ဘုရားပွဲကို ယခုနှစ်တွင်လည်း ဖေဖော်ဝါရီ ၂ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ဧပြီလအထိ နှစ်လကျော်ကြာ ကျင်းပမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
မန်းရွှေစက်တော်နှင့်ကပ်လျှက်ရှိရာ ပွင့်ဖြူမြို့နယ်တွင်း တော်လှန်ရေးအင်အားစု နယ်မြေ စိုးမိုး ထားသည့် မြို့နယ် အနောက်ဘက်ခြမ်းကို ဖေဖော်ဝါရီလဆန်းပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၃၀၀ နီးပါးဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
“ စစ်ကောင်စီအနေနဲ့ကလည်း မင်းဘူးခရိုင်အတွင်းမှာ ရွှေစက်တော်ဘုရားပြန်ဖွင့်ထားတယ်။ အဲ့ဒီအတွက် သူတို့က ရွှေစက်တော်ဘုရားကလည်း သိန်းသောင်းချီ ရတဲ့ဒေသတစ်ခုဖြစ်တော့ အဲ့ဒါကိုလည်း ဘာသာရေး အကြောင်းပြပြီး ရအောင်ဖွင့်လှစ်ချင်တဲ့၊ စည်အောင်လုပ်ချင်တဲ့ သဘောမျိုးမြင်ရတယ်”ဟု မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုအညာသား ကပြောသည်။
၂၀၁၉ တွင် ဘုရားပွဲအခြေပြု စီးပွားရေးလုပ်ငန်းမှ ရွှေစက်တော်ဘုရားကြီးအတွက် ရန်ပုံငွေ စုစုပေါင်း ၉,၉၇၄ သိန်းကျော် ရရှိခဲ့သည်ဟု ဂေါပကအဖွဲ့ကပြောကြားခဲ့ဖူးသည်။



မင်းဘူးခရိုင် တပ်ရင်း ၇ ၏ လှုပ်ရှားမှုများကို တွေ့ရစဉ် (ဓါတ်ပုံ – မင်းဘူးခရိုင် တပ်ရင်း ၇)
စလင်းမြို့နယ်မှတဆင့် ပွင့်ဖြူမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးနေသည့်တပ်များထဲတွင် ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မ ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များပါဝင်သည်ဟု သိရသည်။
ပွင့်ဖြူမြို့နယ် ပုသိမ် – မုံရွာလမ်းပိုင်းပေါ်ရှိ မဲဇလီရဲစခန်းတွင် အင်အားဖြည့်တင်းထားခဲ့ပြီးနောက် ကြီးအုံကြီးဝ ရေလှောင်တမံဘက်သို့ ဆက်လက်စစ်ကြောင်းထိုးခဲ့ကြောင်း၊ တော်လှန်ရေး ပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်တပ်က ဆည်အနီး တပ်စွဲထားကြောင်း အထက်ပါ သတင်းနှင့်ပြန်ကြားရး တာဝန်ခံကပြောသည်။
ယခင်က ပွင့်ဖြူမြို့အခြေစိုက် ဝါစိုက်ပျိုးရေးတပ်နှင့် စစ်တပ်ကလက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ် (ပျူစောထီး)များ ပူးပေါင်းပြီး ဒေသတွင်း လှည့်လည်တတ်သော်လည်း အင်အားအလုံးအရင်းနှင့်စစ် ကြောင်းထိုးသည်မှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုက ဆိုသည်။
စစ်ကြောင်း၏ အန္တရာယ်ကြောင့် ပွင့်ဖြူမြို့နယ် အနောက်ဘက်ခြမ်းရှိကျေးရွာ ၁၀ ရွာထက်မနည်းမှ ဒေသခံ ထောင်နှင့်ချီပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
မင်းဘူးခရိုင်တွင်ပါဝင်သည့် စလင်း၊ ပွင့်ဖြူ၊ မင်းဘူး၊ ငဖဲ၊ စေတုတ္တရာမြို့နယ်တို့မှာ ဧရာဝတီမြစ် အနောက် ဘက်ကမ်းနှင့် ရခိုင်ရိုးမကြားရှိပြီး ပြီးခဲ့သည့်နှစ်ပိုင်းမှစတင်ကာ တော်လှန်ရေးအင်အားစု ခြေကုပ်ယူလှုပ် ရှားနေသည်။
ပွင့်ဖြူမြို့နယ် ပုသိမ် – မုံရွာလမ်းပိုင်း ဆည်တော်ဂိတ်စခန်း၊ မင်းဘူးမြို့နယ်၊ လက်ပတောရဲစခန်းနှင့် စလင်း မြို့နယ်၊ လင်းဇင်း တိုက်နယ်ရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဆက်တိုက် တိုက်ခိုက်ခဲ့သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ အမ်းမြို့အပါအဝင် ရခိုင်ရိုးမ တကြောရှိမြို့နယ် များနှင့် ချင်းတောင်ပိုင်းတို့ကို စစ်တပ်က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင်လက်လွှတ်ခဲ့ရပြီးနောက် စစ်တပ်၏ ထောက်တိုင် လက်နက်စက်ရုံများရှိရာ မကွေးတိုင်းတွင် စစ်ကောင်စီတပ်က အဆက်မပြတ် လှုပ်ရှားလာနေသည်။
စစ်ရေးပြင်းထန်နေသည့် မကွေးတိုင်းတွင် စစ်တပ်က ယခုလဆန်းပိုင်းက စပြီး အင်ဂျင်တပ်လေထီး များကို အသုံးပြုပြီးတိုက်ခိုက်လာသည်ဟု တော်လှန်ရေးအင်အားစုထံက သိရသည်။
ခုခံပစ်ခတ်မှုနည်းပါးသော ညသန်းခေါင်ကျော်တွင် တိုက်ခိုက်မှုရှိတတ်သည်ကို တွေ့ရသည်။
အင်ဂျင်တပ်လေထီး အသုံးပြုမှုသည် စစ်ကောင်စီတပ်အတွက် အသုံးတည့်သော နည်းလမ်းအသစ် ဖြစ်သည်ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“လေယာဉ်ဆီကိုခြွေတာတယ်။ပြီးတော့ အလျင်အမြန် အောက်က မြေပြင်တပ်ဖွဲ့တွေက အထက်ဌာနကို တင်ပြစရာမလိုဘဲ သူတို့အစီအစဉ်နဲ့သူတို့ လေကြောင်းကင်းထောက်မှု၊ လေကြောင်းတိုက်ခိုက်မှုလုပ် နိုင်တယ်။ ဒါကြောင့်မလို့ လေယာဉ်ဆီလျှော့ချတာရယ်၊ တိုက်လေယာဉ်တွေပျက်ကျမှုကို ကာကွယ်ဖို့ ရယ်၊ အချိန်နဲ့တပြေးညီ မြေပြင်တပ်မှူးတွေက ထောက်လှမ်းချင်တာ၊ တိုက်ခိုက်ချင်တာကို အလွယ်တကူလုပ်လို့အောင် သုံးလာတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
နိုင်ငံအနှံ့စစ်မျက်နှာဖွင့်နေရသော စစ်တပ်သည် ပြီးခဲ့သည့် နှစ်က ဒရုန်းများကိုကျယ်ကျယ်ပြန့်ပြန့်သုံး လာခဲ့ပြီး နှစ်ကုန်ပိုင်းမှစတင်ကာ အင်ဂျင်တပ်လေထီး များပါသုံးပြီးတိုက်ခိုက်လာသည်။
အင်ဂျင်တပ်လေထီးများကို မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ဒီဇင်ဘာလကစတင်အသုံးပြုခဲ့ပြီး နောက်ပိုင်း တွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ထိပါ တိုးချဲ့သုံးစွဲလာသည်ဟု ဒေသတွင်း တော်လှန်ရေး အင်အားစုက ဆိုသည်။
ယနေ့ (ဖေဖော်ဝါရီ ၇ ရက်) နံနက် ၁ နာရီဝန်းကျင်တွင် ကနီမြို့နယ်၊ ဆူးလေကုန်းရွာကို အင်ဂျင်တပ် လေထီးဖြင့် နှစ်ကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့ထံက သိရသည်။