လက်နက်ကိုင်ခုခံမှုအားကောင်းသည့် နိုင်ငံအလယ်ပိုင်းဒေသကို ဗုံးကြတိုက်ခိုက်ရာတွင် အချို့တွင် စစ်ကောင်စီက အင်ဂျင်တပ်လေထီး (Paramotor) ကို ပိုမို အသုံးပြုကြောင်း စုံစမ်းသိရှိရသည်။
ပထမဆုံးအကြိမ် တိုက်ခိုက်မှုမှာ ၂၀၂၄ ဒီဇင်ဘာ ၂၅ ရက်နေ့က မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာတွင် ဖြစ်သည်၊ ထို့နောက် မြင်းခြံခရိုင်အတွင်း တောင်သာ၊ ငါးဇွန်နှင့် ဧရာဝတီမြစ် တစ်ဖက်ကမ်း စစ်ကိုင်းမြို့နယ်တို့တွင် အလားတူ တိုက်ခိုက်မှုတချို့ ဆက်တိုက်တွေ့လာရပြီး လူထိခိုက် သေဆုံးမှုများလည်းရှိလာသည်။
တပ်မြို့ဖြစ်သော မိတ္တီလာနှင့် ကပ်လျက်ရှိသည့် တောင်သာမြို့နယ်တွင် ပမထဆုံးအကြိမ် တိုက်ခိုက် ခံရပြီးနောက် ဇန်နဝါရီ ၃ ရက်နေ့တွင် ထိုကျေးရွာအရှေ့ဘက် တောစပ်တစ်နေရာနှင့် ဇန်နဝါရီ ၅ တွင် ရွှေစည်ကြီးရွာတို့ တိုက်ခိုက်ခံရကြောင်း တောင်သာဒေသခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“(တောင်သာမှာ) စုစုပေါင်း ၃ ကြိမ် Paramotor နဲ့ချတယ်။ စကစ အနေနဲ့ ပြည်သူကို အကြောက်တရား ထည့်ပြီး တော်လှန်ရေးထောက်ပံ့မှုတွေ ရပ်တန့်စေလိုတဲ့သဘောလဲပါမယ် ထင်ပါ တယ်” ဟု သူက ပြောသည်။
“စက်တပ်လေထီးတွေက မိတ္ထီလာ ရှမ်းတဲလေတပ်က ထွက်ပါတယ်။ နံနက်အစောပိုင်းဖြစ်တဲ့ အတွက် ဓာတ်ပုံမှတ်တမ်း မရနိုင်ပါဘူးဗျ၊ မီးမပါဘဲ မောင်းပါတယ်”
ရွှေစည်ကြီးကျေးရွာကို အင်ဂျင်တပ်လေထီး ၃ စင်းက လာရောက်ဗုံးကြဲစဉ် အသက် ၅၈ နှစ်အရွယ် ဒေါ်မြင့်သန်းသေဆုံးပြီး ၁၂ နှစ်အရွယ်ကလေးတစ်ဦး ဒဏ်ရာရရှိကြောင်း၊ နွား ၂ ကောင်သေဆုံးပြီး လူနေအိမ်တစ်လုံး၊ နွားစာတိုက်တစ်ခု ထိခိုက်ပျက်စီးသွားကြောင်း ၎င်းက ပြောသည်။
မိတ္ထီလာမြို့ ရှမ်းတဲလေတပ်မှ မနက်အစောပိုင်းတွင် ထွက်ခွာလာသည့် အင်ဂျင်တပ်လေထီး ၃ စင်းသည် တောင်သာမြို့နယ်အတွင်း မဝင်ရောက်မီ အနိမ့်ပျံသန်းလာသည်၊ ထိုမြို့နယ်အတွင်းရောက်ရှိချိန်တွင် ဝေဟင်အမြင့်ဆုံးပျံ၍ ဗုံးကြဲခြင်းဖြစ်သည်ဟု သူက ပြောသည်။
ထိုအင်ဂျင်တပ်လေထီးများသည် အနှေးယာဉ်ဖြစ်ခြင်း၊ လေတိုက်နှုန်းကြောင့် အမြင့်ပေမြင့်မြင့်တွင် မပျံသန်းနိုင်ခြင်း၊ အသံကျယ်ခြင်း၊ လေလံသော ဗုံးသီးများမသယ်ဆောင်နိုင်ခြင်း စသည့် အားနည်းချက်များ ရှိသည်။ သို့သော်လည်း ကာကွယ်ရေးအဖွဲ့များက လက်တလောတွင် ပစ်ချနိုင်ခြင်း မရှိသေးကြောင်း တောင်သာ ဒေသခံတစ်ဦးက ပြောသည်။
“လက်ရှိအနေအထားကတော့ စစ်ကောင်စီဘက်က စတင်အသုံးပြုချိန်မို့ တော်လှန်ရေးအင်အားစုဘက်က အမျိုးမျိုးလေ့လာနေဆဲပါပဲ။ ကျွန်တော် ထင်ပါတယ်၊ တစ်နေ့ကျ ပစ်ချနိုင်တဲ့ အခြေအနေတစ်ခု ရောက်လာနိုင်ပါတယ်” ဟု သူက ပြောသည်။
တစ်နေ့တစ်ခြား ထိန်းချုပ်နယ်မြေဆုံးရှုံးနေပြီး လေကြောင်းကို အားကိုးနေရသည့် စစ်ကောင်စီသည် မြေပြင်စစ်ကြောင်းမထိုးနိုင်ခြင်း၊ လေယာဉ်ချွေတာလိုခြင်းတို့ကြောင့် အင်ဂျင်တပ်လေထီးများကို အသုံးပြုလာပုံရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မြင်းခြံခရိုင် PDF အမှတ် (၃ ) တပ်ရင်း ၏ တပ်ရင်းမှူး ကိုဝမ်းမိုးက Myanmar Now ကို ပြောသည်။
“အောက်ကနေပစ်လို့မလွယ်ဘူး။ သူတို့(စစ်ကောင်စီ) လာတာက ၅ ရက်နေ့ကဆိုရင် မနက်ပိုင်း ၅ နာရီ လောက် လာတယ်။ အသံသာကြားရတာ၊ အပေါ်မှာ ဘာမှမမြင်ရဘူး။ အသံကတော့ကြားတယ်။ နည်းနည်းကျယ်တဲ့အပိုင်း ပါတယ်ပေါ့။ သူက စက်တပ်ယာဉ်ဆိုတော့လေ” ဟု ၎င်းက ပြောသည်။
“သူတို့ ထင်တဲ့နေရာတွေကို ရမ်းပြီးပစ်တာပေါ့။ လူပါပြီးတော့ အသီးတွေ လက်ကနေချပြီး ပစ်တာပေါ့။ ပြည်သူတွေအနေနဲ့ သတိထားရမှာတော့ ပုန်းခိုကျင်းလုပ်ရမှာပဲ။ အဲ့ဒီလိုပဲရှိတော့တာပဲ။ စစ်ကောင်စီက လေယာဉ်ချည်း သီးသန့်မသုံးတော့တဲ့သဘောပေါ့။ တိုက်ပွဲတွေမှာ လေယာဉ်တွေသုံးတယ်”
ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့က ကလေးငယ်များအပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးခဲ့သည့် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ရှိ သားကျင်ရွာကို လေကြောင်းတိုက်ခိုက်မှုတွင်လည်း အင်ဂျင်တပ်လေထီး ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ဝင်တချို့က ပြောသည်။
စစ်ကိုင်းမြို့နယ် လေကြောင်းတိုက်ခိုက်မှု ဒေသခံ ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာကို ဇန်နဝါရီ ၃ ရက်ညက အင်ဂျင်တပ်လေထီးသုံး တိုက်ခိုက်သလို လေတပ်ကလည်း လာရောက် တိုက်ခိုက်သဖြင့် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်းနှင့်အိမ်ခြေ ၂၀ ခန့် ပျက်စီးခဲ့သည်၊ အိမ်မွေးတိရိစ္ဆာန်အချို့လည်း သေဆုံးခဲ့သည်ဟု စစ်ကိုင်းမြို့နယ်ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။
“ဘာတိုက်ပွဲမှ မရှိဘဲ တိုက်ခိုက်တာပါ။ ၃ ဦး သေတယ်။ နွား ၁၀ ကောင် သေတယ်။ အိမ်တွေလည်း အတော် ပျက်စီးတယ်”ဟု အသက် ၃၀ အရွယ် အထက်ပါဒေသခံအမျိုးသမီးက ဆိုသည်။
သေဆုံးသူများမှာ ဦးရဲဝင်းခိုင် (၄၅ နှစ်)၊ ဒေါ်ပပဝင်း (၄၂ နှစ်) ၊ ကိုဇော်ထွန်း (၃၇ နှစ်) တို့ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရသူများ၏ အသေးစိတ်အခြေအနေတို့ကို မသိရသေးပေ။
ငါန်းဇွန်မြို့နယ်၏အနောက်ဘက် ဧရာဝတီမြစ်အနောက်ဘက် တစ်ဖက်ကမ်းရှိ စစ်ကိုင်းမြို့နယ်အတွင်း ပါဝင်သော မြင်းဆည်၊ လယ်ပါယ်တော၊ မြစ်သာ၊ သုံးလင့်၊ ဥယျာဉ်၊ ကင်းတော် ၊ ကိုင်းပြင်၊ ဒါးဝယ်တဲ ၊ တာတိုင်၊ ရွှေလှေ၊ ဦးအိုင်ကျွန်းစသည့် မြစ်ဘေးရွာ ၁၁ ရွာကို မြစ်အရှေ့ဖက်ကမ်း ငါန်းဇွန်မြို့တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်က မကြာခဏဆိုသလို စစ်ကြောင်းထိုးခြင်း ၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းတို့ ပြုလုပ်လေ့ရှိသည်။
၂၀၂၃ မတ်လ ၁ ရက်က ဖြစ်ပွားခဲ့သော တာတိုင်ရွာလူသတ်ပွဲတွင်လည်း ဒေသခံ ၁၆ ဦး သတ်ဖြတ်ခံရ သည့် ဖြစ်စဉ်က အထင်အရှားပင်။ တာတိုင်ရွာ တော်လှန်ရေးအဖွဲ့ ၏ ခေါင်းဆောင်တစ်ဦး အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်ခံရသည်။
၂၀၂၃ ခုနှစ် ဇွန် ၂၅ အတွင်း အဆိုပါမြင်းဆည်ရွာအနီး ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အခြေစိုက်ရာ ကင်းတော်ကျေးရွာကို စစ်ကောင်စီက မိုးမလင်းမီ အငိုက်စီးနင်းရာ တော်လှန်ရေးသမား ၁၅ ဦးနှင့် အရပ်သား ၃ ဦးတို့ သေဆုံးသည့်ဖြစ်စဉ်ရှိခဲ့ဖူးသည်။
ထိုနေ့က နံနက် ၄ နာရီမထိုးမီ စစ်ကောင်စီတပ်က မြစ်အရှေ့ဘက်ကမ်း ငါးဇွန်မြို့မှ စက်လှေများဖြင့် လာ ရောက်ပြီး ကင်းတော်၊ မြင်းဆည်၊ လယ်ပါယ်တော၊ မြစ်သာ၊ သုံးလင့်၊ ဥယျာဉ် စသည့်ကျေးရွာများကို ဆက်တိုက်စီးနင်းခဲ့သည်။
အဆိုပါကျေးရွာများသည် ယခင်က တော်လှန်ရေးတပ်ဖွဲ့တို့ စခန်းချဖူးခြင်းကြောင့် ငါန်းဇွန်မြို့ အခြေစိုက်စစ်ကောင်စီတပ်များက တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း၊ ယခုအခါ ထိုနေရာအနီးတော်လှန်ရေး တပ်ဖွဲ့ဝင်တို့ ခိုအောင်းနေထိုင်ခြင်းမရှိဘဲ အကြောင်းမဲ့တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသား တစ်ဦးက ဆိုသည်။
“မြင်းဆည်က တော်လှန်ရေးတပ်ဖွဲ့တွေနေထိုင်နေတာမျိုးလည်းမရှိဘူး။ ဟိုးအရင်ကသာ မြင်းဆည် အုပ်စုရွာတွေမှာ မန်းတိုင်းအင်အားစုလေးတွေ ခိုခဲ့ကြတာ။ ငါန်းဇွန်မြို့ပေါ်က စစ်တပ်နဲ့ ပျူတွေက သိလို့ လေကြောင်းတိုက်လိုက် ၊ ၆၀ နဲ့ ထုလိုက် ခဏခဏလုပ်လို့ ဘာအင်အားစုမှ မရှိတော့ပါဘူး”ဟု ၎င်းက ပြောသည်။
အဆိုပါ မြင်းဆည်ရွာ၏တောင်ဘက်တွင် စစ်ကောင်စီ၏ရွာသစ်ကြီးစခန်း တည်ရှိသည်။ မြောက်ဘက် တွင် ညောင်ပင်ဝန်းစခန်းအနောက်ဘက်တွင် နှုန်းတွင်းတပ် ခေါ် အမှတ်(၇၂) သံချပ်ကာ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်တို့ ရှိသည်။ အရှေ့ဘက်တွင်မြစ်နှင့် ငါန်းဇွန်မြို့တို့ရှိပြီး စစ်ကောင်စီတပ်စခန်းများ၏ ပတ်လည်ဝိုင်းကာ ပိတ်ဆို့နေသောကျေးရွာများဖြစ်သည်ဟု ဒေသခံက ဆိုသည်။
မကြာခဏ စစ်ကြောင်းထိုးသတ်ဖြတ်ခြင်း၊ ဗုံးကြဲခံရခြင်းတို့ကြောင့် ဒေသခံအများအပြား ရှောင်တိမ်း နေထိုင်နေကြပြီး ယခုအခါသီးနှံရိတ်သိမ်းချိန်ရာသီဖြစ်သည့်အတွက် ပြန်လည်နေထိုင်ကြချိန် ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ပြောကြသည်။
“စစ်ကိုင်းမြို့နယ်မှာ အဲဒီနေရာက ပြည်သူတွေ၊ ရဲဘော်တွေ အကျအဆုံးအများဆုံးဖြစ်ခဲ့တဲ့နယ်ပဲ။ မြို့နယ်ထိပ်ဆုံးဖြစ်နေတာမို့ ဘယ်စစ်ကြောင်းလာလာ…ထိပ်က “ ဟု အထက်ပါဒေသခံအမျိုးသားက ဆက်ပြောသည်။
စစ်ကိုင်းတိုင်း မြင်းဆည်ကျေးရွာကို ၂၀၂၄ ၊ နိုဝင်ဘာ၂၄ ရက်၊ မွန်းလွဲ ၂ နာရီကျော်က လေတပ် ဗုံးကြဲ တိုက်ခိုက်ရာ စာသင်ကျောင်းနှင့်လူနေအိမ်တချို့ ပျက်စီးခဲ့သေးသည်။
နိုင်ငံအနှံ့ တွင် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် နယ်မြေများကိုလည်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသည်။
လေကြောင်းတိုက်ခိုက်မှုတွင် ယခုနှစ်ကုန်မှစ၍ ဒရုန်းဖြင့် တိုက်ခိုက်မှု အရှိန်မြှင့်လာသလို အင်ဂျင်တပ် လေထီးများကိုပါ စစ်ကောင်စီတပ်က သုံးလာသည်။ ထိုအင်ဂျင်တပ်လေထီးများကို အိမ်နီးချင်း ထိုင်း အပါအဝင် နိုင်ငံအများအပြား၌ ခရီးသွားလုပ်ငန်းများတွင်သာ အများဆုံး အသုံးပြုသည်။
အထက်ပါတိုက်ခိုက်မှုများနှင့်ပတ်သက်၍ စစ်ကောင်စီက ထုတ်ပြန်ခြင်း မပြသလို နိုင်ငံအနှံ့ မီးရှို့မှု ၊ သတ်ဖြတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သတ်၍ နှုတ်ဆိတ်နေဆဲဖြစ်သည်။