စီးပွားရေးသတင်း

စစ်ကောင်စီ ထိန်းချုပ်နိုင်မှု လျော့နည်းလာနေသော တရုတ်ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်း 

တရုတ်အတွက် အရေးပါသည့် ပိုက်လိုင်းကြီးနှစ်ခုဖြတ်သန်းရာ နယ်မြေများကို လတ်တလော ထိန်းချုပ်ထားကြသည်မှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ဖြစ်နေသည်။

နာမည်ကျော် ၁၀၂၇ စစ်ဆင်ရေးသည် အာဏာသိမ်းစစ်တပ်၏ နယ်မြေထိန်းချုပ်ထားနိုင်မှု မြေပုံကို အပြောင်းအလဲဖြစ်စေခဲ့သလို ၎င်း၏ မဟာမိတ် အိမ်နီးချင်းတရုတ်နိုင်ငံ၏ အကျိုးစီးပွားဖြစ်သော ရေနံ နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကိုလည်း ကာကွယ်ထိန်းချုပ်ပေးနိုင်မှု လျော့ကျစေခဲ့သည်။ 

နိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်မှ အလယ်ပိုင်း မကွေးတိုင်း နှင့် မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရှမ်းပြည်နယ်မြောက်ပိုင်းမှတဆင့် တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ် ရွှေလီမြို့အထိ သွယ်တန်း ထားသော တရုတ်ပိုက်လိုင်းဖြတ်သန်းရာ ဒေသအများစုကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ (EROs) နှင့် တော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားပြီဖြစ်သည်။  

ထိုပိုက်လိုင်းစီမံကိန်းသည်  မြန်မာနိုင်ငံတွင် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော်ရင်းနှီးမြှုပ်နှံထားသည့် တရုတ်နိုင်ငံ၏ အကြီးဆုံးရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခု ဖြစ်သည်။ 

စီမံကိန်းတွင် ရေနံပိုက်လိုင်းသည် နှစ်စဉ်အများဆုံး ရေနံတန်ချိန် ၂၂ သန်းခန့် နှင့် သဘာဝဓာတ် ငွေ့ပိုက်လိုင်းသည် နှစ်စဉ်အများဆုံး ၁၂ ဘီလီယံ ကုဗမီတာ တင်ပို့နိုင်ရန် ရည်မှန်းထားသည်။  

ရေနံပိုက်လိုင်းကို မြန်မာအစိုးရပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) နှင့် တရုတ်အစိုးရပိုင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(CNPC-SEAP) တို့က ပူးပေါင်းလုပ်ကိုင်နေပြီး ဖက်စပ်ကုမ္ပဏီ အဖြစ် အရှေ့တောင်အာရှရေနံပိုက်လိုင်းကုမ္ပဏီလီမီတတ်(South-East Asia Pipeline Company Limited-SEAOP)တို့က လုပ်ငန်းလည်ပတ်နေလျက်ရှိသည်။  

ထိုဖက်စပ်ကုမ္ပဏီတွင် CNPC-SEAP ကုမ္ပဏီက ၅၀ ဒသမ ၉  ရာခိုင်နူန်း၊  MOGE က ၄၉ ဒသမ ၁  ရာခိုင်နူန်း ပိုင်ဆိုင်ထားကြသည်။ 

မြန်မာ-တရုတ် သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကိုမူ CNPC-SEAP, MOGE, တောင်ကိုရီးယား ကုမ္ပဏီများဖြစ်သည့် POSCO Daewoo, Korean Gas Corporation (KOGAS) နှင့် အိန္ဒိယကုမ္ပဏီများ ဖြစ်သည့် GAIL, ONGC VIDESH တို့က ပူးပေါင်းလုပ်ဆောင်နေသည်။   

ထိုကုမ္ပဏီများ စုပေါင်းကာ အရှေ့အတောင်အာရှသဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ(SEAGP) ဟု ဖွဲ့စည်းပြီး ပိုက်လိုင်းလည်ပတ်မှုနှင့် လုပ်ငန်းစီမံခန့်ခွဲမှုတို့ကို ဆောင်ရွက်လျက်ရှိသည်။ 

ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို တရုတ်အစိုးရ၏ CNPC-SEAP က ရှယ်ယာ ၅၀ ဒသမ ၉ ရာခိုင်နှုန်းကျော်ပိုင်ဆိုင်ပြီး တောင်ကိုရီးယားကုမ္ပဏီများက ၂၉ ဒသမ ၂၁ ရာခိုင်နှုန်း၊ အိန္ဒိယကုမ္ပဏီ များက ၁၂ ဒသမ ၅၁ ရာခိုင်နှုန်း နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)က  ၇ ဒသမ ၃၆ ရာခိုင်နှုန်းပိုင်ဆိုင်ကြသည်။  

 တရုတ်-မြန်မာ ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ပိုင်ဆိုင်ထားကြသော ကုမ္ပဏီများ။ 

စစ်ကောင်စီသည် တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းအတွက် နှစ်စဉ်  ဒေါ်လာ ၁၂ ဒသမ ၈၁ သန်း ရရှိနေပြီး ရေနံစိမ်းတစ်တန်တင်ပို့တိုင်း   ဖြတ်သန်းခ ၁ ဒေါ်လာ  ရရှိနေသေးသည်။ 

စစ်ကောင်စီသည် မြန်မာနိုင်ငံအတွင်း ကီလိုမီတာ ၈၀၀ နီးပါးရှည်လျားပြီး မြို့ပေါင်း ၁၅ မြို့ခန့် ဖြတ်သန်းသွားသော ထိုပိုက်လိုင်းကို စီမံကိန်းစတင်ရာ ကျောက်ဖြူမြို့၊ ထိန်းချုပ်ရေးစခန်းများရှိရာ မကွေးတိုင်းမှ ရေနံချောင်း နှင့် မင်းဘူး ၊ မန္တလေးတိုင်းမှ မန္တလေး၊ ကျောက်ဆည်၊ တောင်သာမြို့တို့ကို သာ ထိန်းချုပ်ထားနိုင်တော့သည်။ 

ထို့အပြင် မန္တလေးတိုင်းအတွင်းမှ ပိုက်လိုင်းဖြတ်သန်းရာမြို့နယ်များဖြစ်သော ကျောက်ပန်းတောင်း၊ တောင်သာ၊ နွားထိုးကြီး၊ စဉ့်ကိုင် နှင့် ပြင်ဦးလွင် စသည့် ဒေသများတွင် စစ်ကောင်စီတပ်သည်  ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ရင်ဆိုင်နေရသည်၊  တိုက်ပွဲများ ဖြစ်ပွားနေပြီး နယ်မြေစိုးမိုးနိုင်ရေး  အားပြိုင်နေလျက်ရှိသည်။ 

ယခုလအစပိုင်းတွင် ရခိုင်ပြည်နယ် အမ်းမြို့နယ် တောင်ဇောက်ရွာအနီးမှ   ရေနံ နှင့် သဘာ ဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေးစခန်းကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်လိုက်ပြီးနောက်  

ရခိုင်ပြည်နယ်အတွင်းရှိ ပိုက်လိုင်းဖြတ်သန်းရာ နယ်မြေအများစုကို AA ကထိန်းချုပ်မှုအောက် ရောက်သွားပြီဖြစ် သည်ဟု AA နှင့် နီးစပ်သည့် ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက Myanmar Now ကို အတည်ပြုထားပြီးဖြစ်သည်။ 

ထိုစီမံကိန်းမှ  ဓာတ်ငွေ့ ပိုက်လိုင်းသည် ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းမှ စတင်သည်၊  ရေနံစိမ်းပိုက် လိုင်းသည် မဒေးကျွန်းမှစတင်သည်၊  ပိုက်လိုင်းကို အဓိကထိန်းချုပ်သည့် စခန်းများသည် ကျောက်ဖြူတွင် ရှိသည်။ 

လက်ရှိအချိန်တွင် ထိုစခန်းများကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ထိုပိုက်လိုင်းနှစ်ခု ဖြတ်သန်းရာ ဒေသအများစုကို အာရက္ခတပ်တော် (AA)က  အပြည့်အ၀ ထိန်းချုပ်ထားသည်။ 

ပိုက်လိုင်းဖြတ်သန်းရာ မကွေးတိုင်းအတွင်း မင်းဘူး နှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းထိန်းချုပ်ရေးစခန်းရှိရာ ရေနံချောင်းမြို့နယ် အပါအဝင် ဒေသအများစုတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။  

တရုတ်-မြန်မာ ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတည်ဆောက်ရေးလုပ်စဉ်က လုပ်ငန်းခွင်နေရာတစ်ခု ( Photo-Shwe Gas) 

ရခိုင်ရိုးမတောင်ကြော နှင့် မကွေးတိုင်းအစပ်ရှိ အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့်  အမ်း-ပဒါန်းလမ်းပိုင်းတွင်လည်း နေ့စဉ်ဆိုသလို တိုက်ပွဲများဖြစ်ပွားနေပြီး AA နှင့် တော်လှန်ရေး တပ်များက စစ်ကောင်စီ၏ စစ်ကူထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်တိုက်ခိုက်နေခြင်းဖြစ်သည်။  

ရခိုင်ပြည်နယ်၊ အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက် ပြီးနောက် ပိုက်လိုင်းဖြတ်သန်းရာ မကွေးတိုင်းအတွင်းတွင်လည်း စစ်ရေးလှုပ်ရှားမှု ပိုကျယ်ပြန့်လာနေ သည်ဟု လူထုတော်လှန်ရေး မဟာမိတ်အင်အားစု(PRA-Magway) မှ တာဝန်ရှိသူတစ်ဦးက Myanmar Now သို့ ပြောသည်။   

“ရခိုင် နဲ့ ချင်းက လွတ်လပ်သွားပြီလို့ ပြောလို့ရတော့ ဒီဒေသကို အခြေပြုပြီးတော့ မကွေးတိုင်းထဲကို စစ်ရေးလှုပ်ရှားဖို့ အခွင့်အလမ်းတွေ ပိုများလာတယ်။ စကစ ဘက်ကလည်း စစ်ရေးလှုပ်ရှားမှုတွေ ပိုစိတ်လာနေတယ်” ဟု သူက ပြောသည်။ 

PRA-Magway သည် မကွေးတိုင်း၊ မင်းဘူးခရိုင် ငဖဲ နှင့် စေတုတ္ထရာမြို့နယ်တွင် အခြေစိုက်လှုပ်ရှား နေသော တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။  

စစ်ကောင်စီတပ်ဖွဲ့များသည် တရုတ်ပိုက်လိုင်းအတွက် ရေနံတွန်းစက်ရုံတည်ရှိရာ ပုဒေါင်းကျေးရွာတွင် အထိုင်ချအင်အားဖြည့်တင်းလျက်ရှိပြီး မန်းရွှေစက်တော်ဘုရား အနီးပတ်ဝန်းကျင်မှ ကျေးရွာများကို စစ်ကြောင်းထိုးခြင်း၊ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ ပြည်သူများကို ဖမ်းဆီးခြင်းများ လုပ်ဆောင်နေ၍ အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မင်းဘူးခရိုင်၊ အမှတ် ၆ တပ်ရင်း က ဇန်နဝါရီလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

ထိုအခြေအနေများသည် ယခုနှစ်အတွင်း ပိုက်လိုင်းဖြတ်သန်းရာ မကွေးတိုင်းအတွင်းရှိ နယ်မြေများတွင်  စစ်ရေး ပိုပြင်းထန်လာနိုင်သည်ကို ဖော်ပြနေသည်။  

တရုတ် ရေနံ နှင့် သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာဒေသများ အခြေပြမြေပုံ 

မကွေးအလွန် PDF ထိန်းချုပ်မှုအောက်က မန္တလေးနယ်

ပိုက်လိုင်းနှစ်ခုသည် မကွေးတိုင်းကို လွန်ပါက မန္တလေးတိုင်းအတွင်းက ကျောက်ပန်းတောင်း၊ တောင်သာ ၊ နွားထိုးကြီး နှင့် စဉ့်ကိုင် မြို့နယ်တို့ကို ဖြတ်သန်းရသည်။ 

တောင်သာ၊ ကျောက်ဆည် နှင့် မန္တလေးမြို့တို့တွင် ပိုက်လိုင်း ထိန်းချုပ်ရေးစခန်းများရှိသည်။    စစ်ကောင်စီတပ်ဖွဲ့များသည် ထိုစခန်းများတွင်သာ  အထိုင်ချထားသည်၊ ပိုက်လိုင်းတစ်လျှောက် လုံခြုံရေးယူခြင်းနှင့် စစ်ကြောင်းထိုးခြင်းများ မလုပ်နိုင်တော့ဟု အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ PDF  ၏ မြင်းခြံခရိုင် အမှတ်(၇)  တပ်ရင်းမှ တာဝန်ရှိသူ ကိုသက်ကြီးက  ပြောသည်။ 

“ဒီနယ်မှာဆိုရင် ၇၀ ရာခိုင်နှုန်းက ကျွန်တော်တို့ နယ်မြေလို့ ပြောလို့ရတယ်။ သူတို့က မြို့ထဲ ဧရိယာလောက်ပဲ စိုးမိုးနယ်မြေရှိတော့တာ” ဟု သူက Myanmar Now ကို ပြောသည်။ 

 တပ်ဖွဲ့ဝင်အင်အားလျော့ကျလာသည့်  စစ်ကောင်စီတပ်တွင်   တိုက်ခိုက်လိုစိတ်ပြင်းပြသော အရာရှိစစ်သည်  နည်းပါးလာ၍ စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်ခြင်းထက် ၎င်းတို့ကို တပ်ရင်း နှင့် စစ်စခန်း လုံခြုံရေးအတွက်သာ ခံစစ်ပြင်နေရသည်ဟု သူက ဆိုသည်။ 

ထို့အပြင် မြန်မာ့နွေဦးတော်လှန်ရေးသည် ယခုအချိန်တွင် အခြေအနေတစ်ခုအထိ တိုးတက် ရောက်ရှိလာနိုင်သော်လည်း တရုတ်အစိုးရက  စစ်ကောင်စီတပ်ဘက်မှ ကူညီထောက်ပံ့နေသဖြင့် တော်လှန်ရေး နှောင့်နှေးနေရသည်ဟု ကိုသက်ကြီးက ပြောဆိုသည်။ 

ပိုက်လိုင်းနှစ်ခုကို ဖျက်ဆီးပစ်လိုသော်လည်း ဆင်ခြင်နေရသည်ဟုလည်း သူက ဆက်ပြောသည်။

“ကျွန်တော်တို့ပြည်တွင်းရေးမှာလည်း တရုတ်က အဓိက ပါဝင်ခြယ်လှယ်စွက်ဖက်လို့ ရနေတဲ့ အနေအ ထားမျိုး ဖြစ်နေတော့ ကျွန်တော်တို့က ကျေတော့ မကျေနပ်ဘူးပေါ့ဗျာ။ ကျွန်တော်စိတ်ထဲမှာ တော့ ဒါကြီးကို ဆော်ချင်တယ်၊ သို့သော်ငြားလည်း NUG အစိုးရအတွက် သံတမန်ရေးမှာ အခက်အခဲ ဖြစ်နိုင်တဲ့ အခြေအနေမျိုးမဖြစ်အောင် ရှောင်ကျဉ်ပြီးတော့ နေနေရတော့ပေါ့ဗျာ” ဟု သူက ပြောသည်။ 

စစ်ကောင်စီသည် မန္တလေးတိုင်းအတွင်း ပိုက်လိုင်းဖြတ်သန်းသွားရာ နယ်မြေတစ်လျှောက်လုံးတွင် လုံခြုံရေးအပြည့်အ၀မပေးနိုင်တော့ဘဲ ၂၀၂၃ ခုနှစ်အတွင်းမှစတင်ကာ တချို့သော နယ်မြေများတွင်မူ လုံခြုံရေးမထားနိုင်တော့သည့် အခြေအနေများအထိ ဖြစ်လာနေသည်။   

တရုတ်-မြန်မာ ရေနံ နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ မြို့များ အခြေပြဇယား 

ထိုပိုက်လိုင်းကို စီမံခန့်ခွဲကာ လုပ်ငန်းလုပ်ကိုင်နေသော အရှေ့တောင်အာရှရေနံပိုက်လိုင်း နှင့် ဘဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ(SEAOP/SEAGP) ကမူ ရခိုင်ပြည်နယ်မှ စတင်သွယ်တန်းထားသော ပိုက်လိုင်း စီမံကိန်းသည် နယ်မြေမတည်ငြိမ်မှုများရှိနေသော်လည်း ပိုက်လိုင်းများသည် လုံခြုံချောမွေ့စွာလည်ပတ် နေကြောင်း ၂၀၂၄၊ ဒီဇင်ဘာလတွင် ထုတ်ပြန်သော ကုမ္ပဏီအစီရင်ခံစာတွင် ဖော်ပြထားသည်ဟု ထိုအစီရင်ခံစာမိတ်ဆက်ပွဲကို တက်ရောက်ခဲ့သော ရန်ကုန်အခြေစိုက်သတင်းဌာနများက ဖော်ပြကြသည်။  

သို့သော် ထိုအစီရင်ခံစာကို ကုမ္ပဏီဝက်ဘ်ဆိုက်တွင် တရားဝင်ဖော်ပြထားခြင်းမရှိသည့်အပြင် တရုတ် အမျိုးသားရေနံနှင့်သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်း(CNPC) ကုမ္ပဏီဝက်ဘ်ဆိုက်တွင်လည်း ဖော်ပြထား ခြင်းမရှိပေ။ 

အင်ဂျင်နီယာများ နှင့် ဒေသခံဝန်ထမ်းများက ပိုက်လိုင်းလမ်းကြောင်းတစ်လျှောက် နေ့စဉ်ခြေလျင်ကင်းလှည့်နေသည်၊  ပိုက်လိုင်းစစ်ဆေးရန် နှင့် လုံခြုံရေးခြိမ်းခြောက်လာသည့် အပြုအမူများနှင့် အဖြစ်အပျက်များကို တားဆီးရန် ရည်ရွယ်ကြောင်း ထိုအစီရင်ခံ စာတွင် ဖော်ပြထားသည်ဟု သိရသည်။  

သို့သော် မြေပြင်တွင် ထိုသို့သော ပိုက်လိုင်းစစ်ဆေးရေးဆိုင်ရာ လှုပ်ရှားမှုများကို မတွေ့တော့ကြောင်း မန္တလေးတိုင်း၊  တောင်သာလူထုလှုပ်ရှားမှုကော်မတီ ကိုဘရန်က  Myanmar Now ကို ပြောသည်။   

“ပိုက်လိုင်းတစ်လျှောက်မှာ ယခင်တုန်းက ပိုက်လိုင်းအစောင့်တွေ သူတို့ထားတယ်၊ သာမန်အရပ်သား တစ်ယောက်ကို GPS ထည့်ပေးပြီးတော့ လိုက်ကြည့်တာမျိုးရှိခဲ့တယ်။ ဒါပေမဲ့အခုနောက်ပိုင်းမှာ 

ပိုက်လိုင်းကို စောင့်ရှောက်မှုအတိုင်းအတာအရတော့ သူတို့အနေနဲ့ တော်တော်ကြာပါပြီ၊ လုံခြုံရေးပေးဖို့ မလုပ်နိုင်တော့တာ” ဟု သူက ဆိုသည်။  

စစ်ကောင်စီသည် မန္တလေးတိုင်းအတွင်း ပိုက်လိုင်းလမ်းကြောင်းတစ်လျှောက်လုံးကို ၂၀၂၃ ခုနှစ် ကတည်းက လျစ်လျူရှုထားရသည်၊  တော်လှန်ရေးအင်အားစုက ထိန်းချုပ်စိုးမိုးမှု အားကောင်းလာသည်၊  မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ ပိုက်လိုင်းထိန်းချုပ်ရေးစခန်းများတွင်သာ ရဲ နှင့် စစ်သားပေါင်းပြီး တပ်စွဲထားတော့သည်ဟု သူက ပြောသည်။ 

ထို့အပြင် တော်လှန်ရေးအင်အားစု ထိန်းချုပ်မှုအားကောင်းလာသော မန္တလေးတိုင်းအတွင်း ဖြတ်သန်းသွားသည့် ပိုက်လိုင်း စီမံကိန်းသည် အမျိုးသား ညီ ညွှတ်ရေးအစိုးရ နှင့် တရုတ်နိုင်ငံတို့ကြား သံတမန်ဆက်ဆံရေးအနေ အထားတစ်ခုကြောင့်သာ ထိခိုက်မှုနည်းရခြင်းဖြစ်သည်ဟု ကိုဘရန်က ပြောဆိုသည်။ 

“ အခုအချိန်မှာ တရုတ်အနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားတွေကို ဘယ်သူတွေက ထိန်းသိမ်းပေးနိုင်သလဲ ဆိုတဲ့ အခြေအနေကို သဘောပေါက်ဖို့ ကောင်းနေပြီ” ဟု သူက ဆိုသည်။  

တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(CNPC-SEAP) ကုမ္ပဏီထံသို့လည်း ပိုက်လိုင်းလုံခြုံရေး နှင့် စီမံခန့်ခွဲနေရမှုအခြေအနေများကို သိရှိနိုင်ရန် Myanmar Now က အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။ 

TNLA နှင့် MNDAA ထိန်းချုပ်အောက်က ပိုက်လိုင်းဖြတ်သန်းရာ ရှမ်းမြောက်ဒေသ 

ရှမ်းပြည်နယ်မြောက်ပိုင်း၌၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ တွင် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA ၊ အာရက္ခတပ်တော် AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များ၏ စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်သော ၁၀၂၇ စစ်ဆင်ရေးတွင် မြို့ပေါင်း ၂၀ ကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ သည်။ 

ထိုစစ်ဆင်ရေးအတွင်း MNDAA သည် လောက်ကိုင် အပါအဝင် ချင်းရွှေဟော်၊ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး အပါအဝင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အဓိကအရေးပါသော မြို့များ နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းများကို ထိန်းချုပ်နိုင်ထားနိုင်ခဲ့သည်။ 

ထို့အပြင် တအာင်းတပ် TNLA ကလည်း မန္တလေးတိုင်း နှင့် ရှမ်းပြည်နယ်ကြား မိုးကုတ်မြို့အပါအဝင်  မြို့ပေါင်း ၁၂ မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်ရေးယန္တရားထူထောင်ကာ စီမံခန့်ခွဲလျက်ရှိသည်။ 

TNLA အပြည့်အဝထိန်းချုပ်ထားသော ထိုမြို့များထဲတွင် ပိုက်လိုင်းဖြတ်သန်းရာ နောင်ချို၊ ကျောက်မဲ၊ နမ္မတူ နှင့် နမ့်ခမ်းမြို့တို့အပြင် ပိုက်လိုင်းထိန်းချုပ်ရေးစခန်းတစ်ခုရှိရာ သီပေါမြို့လည်း ပါဝင်သည်။ 

၂၀၂၃ နိုဝင်ဘာ ၁၀ က နမ့်ခမ်းမြို့တွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်နှစ်ဦး။ (ဓာတ်ပုံ-မြတ်ပန်း/Myanmar Now)

မန္တလေးမှ ရှမ်းပြည်နယ်အဝင် ပြင်ဦးလွင်တွင်လည်း TNLA, ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF အပါအဝင် ပူးပေါင်းတပ်များကို ရင်ဆိုင်တိုက်ခိုက်နေရသည့်  စစ်ကောင်စီတပ်သည်  ထိုမြို့နယ်များကိုလည်း  အပြည့်အ၀ မထိန်းချုပ်နိုင်သည့် အခြေအနေရှိသည်။ 

ပိုက်လိုင်းစီမံကိန်းနှင့် ပတ်သက်ပြီး TNLA ၏ ပြောရေးဆိုခွင့် ရှိသူ လွေယေးဦးကို Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားလာခြင်း မရှိပေ။ 

ယင်းအခြေအနေများသည် တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ နယ်မြေများကို စစ်ကောင်စီက ထိန်းချုပ်မှုကင်းမဲ့လာနေသလို တစ်ဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်တပ် ဖွဲ့များနှင့် တော်လှန်ရေးအင်အားစု၏ နယ်မြေစိုးမိုးထိန်းချုပ်လာနိုင်မှုကို ပြသနေသည်။ 

ထို့အပြင် တရုတ်-မြန်မာ ရေနံ နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ လုံခြုံရေးကို စစ်ကောင်စီက ထိန်းချုပ်နိုင်မှုကင်းမဲ့လာခြင်းသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် ပိုးလမ်းမစီမံကိန်းအောက်ရှိ တရုတ်-မြန်မာစီးပွားရေးစင်္ကြန်စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးကိုလည်း အကျပ်ရိုက်စေမည် ဖြစ်သည်။ 

Related Articles

Back to top button