ရန်ကုန်ရှိ မြို့နယ်အချို့တွင် ယမန်နေ့က စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် ထိခိုက်သေကျေပျက်စီးမှုများပြားခဲ့ပြီး ယနေ့ (မတ် ၁၅) နံနက်ပိုင်း ဆက်သွယ်မေးမြန်းချက်များအရ သေဆုံးသူနှင့် ဒဏ်ရာရရှိသူအရေအတွက် သိသိသာသာတိုးလာလျက်ရှိသည်။
လှိုင်သာယာဆေးရုံတွင် ရုပ်အလောင်း ၃၄ လောင်းနှင့် ဒဏ်ရာရရှိသူ ၄၀ လက်ခံထားပြီး ရန်ကုန်ဆေး ရုံကြီးသို့ ရောက်ရှိလာသော လူနာ ၅၆ ဦးအနက် သေဆုံးသူ ၇ ဦးရှိကြောင်း ဆေးရုံတာဝန်ရှိသူများက ဆိုပြီး သင်္ဃန်းကျွန်းစံပြဆေးရုံတွင် သေဆုံးသူ ၁၈ ဦးထက်မ နည်းရှိပြီး ဒဏ်ရာရသူ ၇၀ ခန့်ရှိကြောင်း ထိခိုက်ဒဏ်ရာရရှိသူများကို ကုသပေးနေသည့် ဆရာဝန်တစ်ဦးက ပြောသည်။
“ဒဏ်ရာရသူတွေထဲမှာ ၃ ဦးက စိုးရိမ်ရတဲ့အခြေအနေရှိတယ်။ လှိုင်သာယာနဲ့ ရွှေပြည်သာကနေ လူနာတွေထပ်ရောက်လာဖို့ရှိသေးတယ်။ အခုရောက်နေတာကတော့ လှိုင်သာယာ၊ ကြည့်မြင်တိုင်နဲ့ တောင်ဒဂုံဘက်ကပဲ” ဟု ရန်ကုန်ဆေးရုံကြီးတာဝန်ရှိသူက ပြောသည်။
အဆိုပါဆေးရုံနှစ်ခုမှ ရရှိသောစာရင်းများအရပင်လျှင် သေဆုံးသူ ၄၀ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀၀ နီးပါး ရှိပြီဖြစ်သည်။ ထို့ပြင် တခြားမြို့နယ်များရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သော ဒဏ်ရာရရှိသူများလည်းရှိရာ သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာဖွယ်ရှိသည်။
“တောင်ဒဂုံက အလောင်း ၄ လောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံကနေ ဒီမနက်ထုတ်လာတာ။ မနေ့ညနေက အလောင်းမကောက်နိုင်တဲ့သူတွေလည်း ရှိတယ်။ နှစ်ယောက်ကတော့ အပစ်ခံရပြီး ပုံကျသွားတာ တွေ့တယ်။ အမျိုးသမီးတစ်ယောက်၊ အမျိုးသားတစ်ယောက်ပဲ။ အလောင်း မကောက်နိုင်ခဲ့ဘူး။ မှောင်လည်းမှောင်နေတယ်” ဟု တောင်ဒဂုံမြို့နယ် အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ယနေ့နံနက်ပိုင်းတွင် ပြောသည်။
တောင်ဒဂုံမြို့နယ်တွင် ယမန်နေ့ညပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်ဖြိုခွင်းမှု အတွင်း ဒဏ်ရာရသူ၂၄ ဦးကို မျက်မြင်တွေ့ရှိခဲ့ရပြီး ဒဏ်ရာရသူအရေအတွက်မှာ အဆိုပါ ပမာဏထက် ပိုမို များပြားနိုင်ကြောင်းလည်း ၎င်းက ပြောသည်။
ထို့ပြင် သင်္ဃန်းကျွန်းမြို့နယ်၌လည်း ယမန်နေ့က ပစ်ခတ်ဖြိုခွင်းခံရမှုအတွင်း သေဆုံးသူ ၁၂ ဦးနှင့် ဒဏ်ရာရသူ ၄၀ ဦးရှိကြောင်း အဆိုပါမြို့နယ်မှ စေတနာ့ဝန်ထမ်းတစ်ဦးက Myanmar Now ကို ပြောသည်။
တောင်ဒဂုံမြို့နယ်ရှိ ထိခိုက်ဒဏ်ရာရရှိသူများကို ကုသပေးနေသည့် ဆရာဝန်တစ်ဦးက ပြောကြားချက်အရ သင်္ဃန်းကျွန်းစံပြဆေးရုံတွင် သေဆုံးသူ ၁၈ ဦးထက်မနည်းရှိပြီး ဒဏ်ရာရသူ ၇၀ ခန့်ရှိသည်ဟု သိရသည်။ ခွဲစိတ်ကုသရန် လိုအပ်သည့် လူနာများရှိနေသဖြင့် ဆရာဝန်လို အပ်ချက်ရှိနေသည်ဟုလည်း ၎င်းက ပြောသည်။
လှိုင်သာယာမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက ၎င်းထံရောက်ရှိလာသည့် သေဆုံးသူ ၄ ဦးအနက် ၃ ဦး၏ ရုပ်အလောင်းကို မြောက်ဥက္ကလာပမြို့နယ်ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟု ကယ်ဆယ် ရေးလုပ်ငန်းများ လိုက်ပါဆောင်ရွက်ပေးနေသူ CDM ဆရာဝန်တစ်ဦးက Myanmar Now ကို ပြောသည်။
Myanmar Now အနေဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံနှင့် အင်းစိန်မြို့ နယ်ဆေးရုံတို့ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်အား ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ ပြီးနောက် တောင်ဒဂုံမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် မြောက်ဥက္က လာပမြို့နယ်တို့ကိုလည်း စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ကြောင်း ယနေ့နံနက်ပိုင်းတွင် ထပ်မံကြေညာခဲ့သည်။