ဆောင်းပါးအတွေးအမြင်

တွေးဆဆင်ခြင်စရာ ကိုးကန့်သင်ခန်းစာ

အာဏာသိမ်းဗိုလ်ချုပ်များက ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံတကာထောက်ခံမှုရရန်၊ ဆုံးရှုံးနယ်မြေ ပြန်ရရန် ကြိုးပမ်းနေရာ တော်လှန်ရေးအဖွဲ့များတွင်လည်း တိုက်ပွဲထက်ပိုသည့် လုပ်ရပ်များ လိုအပ်လာသည်။

စစ်အာဏာသိမ်းမှု ၄နှစ်ပြည့်ချိန်တွင် လူမျိုးပေါင်းစုံ လက်နက်ကိုင်တော်လှန်ရေး ဘုံရည်မှန်းချက် ဖြစ်သော “စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး” နိုင်ငံအနှံ့ ထိုးစစ်များ ပိုမိုကျယ်ပြန့်ပြင်းထန်လာပြီး၊ စစ်ရေးချိန်ခွင်လျှာသည် တော်လှန်ရေးအင်အားစုဘက် သိသိသာသာ ပြောင်းလဲလာခဲ့သည်။   

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းခဲ့ချိန်မှ နှစ်ပေါင်း ၆၃ နှစ်အတွင်း ယနေ့အချိန်သည် စစ်တပ်၏ နယ်မြေ ထိန်းချုပ်စိုးမိုးနိုင်စွမ်း အနည်းဆုံးအချိန်ကာလဟု ဆိုနိုင်ပြီး၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစု၏ နယ်မြေ ထိန်းချုပ်စိုးမိုးနိုင်မှု အများဆုံးအချိန်ကာလဟု ဆိုရပေလိမ့်မည်။ 

ယခုအခါ အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် ထိစပ်နေသည့် ကီလိုမီတာ ထောင်နှင့်ချီ ရှည်လျားသော နယ်စပ်ဒေသများသာမက၊ ထိုဒေသများနှင့်တဆက်တည်းရှိသော နိုင်ငံ၏ အတွင်းပိုင်းကျသည့် နယ်မြေဒေသ အများအပြားသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EROs) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ၏ ထိန်းချုပ်စိုးမိုးနယ်မြေများ ဖြစ်လာသည်။   

စစ်တပ် စစ်ရှုံးရခြင်း၏ အဓိကအကြောင်းရင်းများမှာ (၁) ပြည်သူတစ်ရပ်လုံးက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး လက်နက်စွဲကိုင်တော်လှန်လာခြင်း၊ (၂) အဓိက အင်အားကြီး EROs များသည် ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကို ထောက်ပံ့ကူညီခြင်းနှင့် ကိုယ်တိုင်ပါဝင်ခြင်း၊ (၃) EROs နှင့် PDFs များအကြား စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး “ဘုံရည်မှန်းချက်” ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်လျက် စစ်မျက်နှာတိုင်းတွင် အာဏာသိမ်းစစ်တပ်ကို ထိရောက်စွာ ပူးပေါင်းတိုက်ပွဲဝင်နိုင်ခဲ့ခြင်း တို့ကြောင့် ဖြစ်သည်။

စစ်တပ် စစ်ရှုံးရခြင်း၏ အကြောင်းတရား ၃ချက်သည် လူမျိုးပေါင်းစုံ တိုင်းရင်းသားတော်လှန်ရေး အင်အားစု၏ စစ်အောင်နိုင်ခြင်း အကြောင်းတရား ၃ ချက်ဖြစ်ပြီး၊ အဆိုပါ ၃ချက်လုံးသည် ခွဲခြား၍မရ၊ အပြန်အလှန် ဆက်စပ် အကျိုးပြုနေကြသည်ကို တွေ့ရမည် ဖြစ်သည်။ 

တော်လှန်ရေးအင်းအားစုအတွက် စစ်အောင်နိုင်ခြင်း အကြောင်းတရား ၃ ချက်ထဲမှ တစ်ချက်ချက် ပျက်ယွင်းလျှင် သို့တည်းမဟုတ် ပျက်ယွင်းစေရန် ဆောင်ရွက်ခဲ့လျှင်၊ စစ်တပ်သည် ၎င်းတို့ ဆုံးရှုံးခဲ့သမျှ နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်စွမ်း ရှိလာပါလိမ့်မည်။ ထိုအချက်ကို တော်လှန်ရေးအင်အားစု အလေးအနက် သတိချပ်သင့်ပြီး၊ ယခုပင် ဝေးဝေးပြေး ကြည့်စရာမလိုဘဲ ကိုးကန့်သင်ခန်းစာ ရှိနေပြီ ဖြစ်သည်။ 

မကြာသေးခင်က တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ကိုးကန့် MNDAA ခေါင်းဆောင်များနှင့် စစ်ခေါင်းဆောင်များအကြား   ယူနန်ပြည်နယ် ကူမင်းမြို့၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သော သတင်း များ ထွက်ပေါ်လာခြင်းသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တော်လှန်ရေး၏ အချက်ပေးခေါင်းလောင်းသံ ဖြစ်လာသည်။

စစ်အာဏာရှင်တော်လှန်ရေးကို ကိုးကန့် ကျောခိုင်းလိုက်ပြီလား

ဤတစ်ကြိမ် စစ်တပ်နှင့် MNDAA တို့ ရရှိခဲ့သော သဘောတူညီချက်များထဲတွင် ကိုးကန့်အထူးဒေသ (၁) ကို MNDAA ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် စစ်ကောင်စီက အသိအမှတ်ပြုမှု ပါဝင်သည်ဟု သိရှိရသည်။ အပေးအယူအနေဖြင့် စစ်တပ်သည် သေနတ်တစ်ချက်ဖောက်စရာမလိုဘဲ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နှင့် လားရှိုးမြို့ကို ပြန်လည်ရရှိမည် ဖြစ်ပြီး၊ ကိုးကန့်တပ်များ လားရှိုးမှ အသုတ်လိုက်ဆုတ်ခွာမည် ဖြစ်သည်။ 

ဤဆောင်းပါး ရေးသားချိန်အထိ ထိုသဘောတူညီချက်ကို MNDAA နှင့် စစ်တပ် နှစ်ဘက်စလုံးက လူသိရှင်ကြား မထုတ်ပြန်ဘဲ ရေငုံနှုတ်ပိတ်နေကြသည်။ 

ထိုသဘောတူညီချက် မှန်ကန်ပါက MNDAA သည် အထက်တွင် ဖော်ပြခဲ့သော စစ်အောင်နိုင်ခဲ့ခြင်း အကြောင်း တရား ၃ချက်စလုံးကို ကျောခိုင်းလိုက်ခြင်း ဖြစ်သည်၊ တနည်းအားဖြင့် MNDAA သည် ကိုးကန့်ဒေသကို အုပ်ချုပ်ခွင့်ရရေး ဒေသန္တရရည်မှန်းချက်ကို အလေးထားပြီး၊ တစ်နိုင်ငံလုံးနှင့်ဆိုင်သော “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး” တော်လှန်ရေးအင်အားစု၏ ဘုံရည်မှန်းချက်ကို ကျောခိုင်းလိုက်ခြင်း ဖြစ်သည်။

“၁၀၂၇ စစ်ဆင်ရေး” ကို ဦးဆောင်ခဲ့သော MNDAA ၏ တစ်ကိုယ်တော် အပြောင်းအလဲက ညီနောင် မဟာမိတ် ၃ဖွဲ့ ထဲမှ တအောင်း TNLA နှင့် အာရက္ခတပ်တော် AA တို့၏ ရပ်တည်ချက်များအပေါ် သက်ရောက်မှု ရှိလာနိုင်မည်လား၊ MNDAA လမ်းကြောင်းအတိုင်း မဟာမိတ်တို့က ၎င်းတို့ သိမ်းပိုက်နယ်မြေများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး စစ်ခေါင်းဆောင်များနှင့် အပေးအယူ စေ့စပ်ညှိနှိုင်း သဘောတူညီချက်ရရှိရန် ကြိုးပမ်းလာကြမည်လား။ 

အကြောင်းမှာ TNLA နှင့် AA နှစ်ဖွဲ့စလုံးက တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုဖြင့် စစ်ကောင်စီ နှင့် ဆွေးနွေးဖြေရှင်းရေးကို လိုလားပါကြောင်း ကြေညာချက်များ အသီးသီးထုတ်ပြန်ထားခဲ့ဖူး၍ ဖြစ်သည်။ သို့မဟုတ် တော်လှန်ရေးအင်အားစုနှင့်အတူ ဘုံရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည်အထိ မယိုင်မလဲ ဆက်လက်ရပ်တည် လျှောက်လမ်းကြမည်လား ဆိုသည့် မေးခွန်းများ ဖြစ်ပေါ်လာပါသည်။  

MNDAA ထံမှ လားရှိုးမြို့ကို သေနတ်ဖောက်စရာမလိုဘဲ ပြန်လည်ရယူသည့် နည်းဗျူဟာအောင်မြင်ခဲ့လျှင်၊ စစ်တပ်သည် ဆုံးရှုံးလက်လွှတ်ခဲ့ရသော အခြားနယ်မြေများ ပြန်လည်ရရှိရန် အလားတူ နည်းဗျူဟာကို ကျင့်သုံးနိုင်ပါသည်။  တရုတ်အစိုးရ၏ ဩဇာ၊ ဖိအားပေးမှု နှင့် ကြားဝင်စေ့စပ် အာမခံပေးသော နည်းလမ်းက အလုပ်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တွေ့ရှိသွားပြီ ဖြစ်သည်။ လားရှိုးပြီးလျှင် ကမ္ဘာကျော် ပတ္တမြားမြေ မိုးကုတ်မြို့ ပြန်လည်ရရှိရေးသည် စစ်ခေါင်းဆောင်များအတွက် နောက်ထပ်ပစ်မှတ် ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် တရုတ်အစိုးရ၏ ဒုတိယပစ်မှတ်သည် TNLA ဖြစ်လာနိုင်ပါသည်။ 

ဤသို့ဖြင့် MNDAA ၏ ရပ်တည်ချက် အပြောင်းအလဲသည် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုလှဲရန် တော်လှန်ရေး အင်အားစုအကြား ညီညွတ်မှုအခြေခံ ဘုံရည်မှန်းချက်ကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်ခြင်း ဖြစ်သည်။ ရေတိုအကျိုးစီးပွားကို ဦးစားပေးခဲ့ခြင်းကြောင့် ရေရှည်ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာပေတော့မည်။  

၂၀၂၄ ဩဂုတ် ၃ ရက်က လားရှိုးမြို့အခြေစိုက် စစ်ဌာနချုပ်ကို သိမ်းပိုက်ရရှိအပြီး တွေ့ရသော MNDAA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- The Kokang) 

တော်လှန်ရေးကို ဖြိုခွင်းမည့် စေ့စပ်ညှိနှိုင်းရေးဗျူဟာ

စစ်တပ်သည် လတ်တလော စစ်ရေးတွင် ရှုံးနိမ့်နေသော်လည်း နိုင်ငံတွင် အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ အဖြစ် ရှိနေသေးပြီး၊ ထိုအချက်ကို လျှော့တွက်ကာ စစ်အာဏာရှင်များကို သက်ဆိုးရှည်ခွင့်ပေးလျှင် အချိန်ကာလ တစ်ခုအတွင်း EROs များ သိမ်းပိုက်ရရှိပြီးသား နယ်မြေများ အချိန်မရွေး ပြန်လည်ဆုံးရှုံးနိုင်သည်။ 

အကြောင်းရင်းမှာ စစ်ခေါင်းဆောင်များ စစ်မှုထမ်း ဥပဒေပြဋ္ဌာန်း၍  စစ်သည်အင်အား ဖြည့်တင်းရေး ၊ နိုင်ငံအနှံ့ အပြင်းအထန် လူသစ်စုဆောင်းနေခြင်းမှာ ၎င်းတို့ဆုံးရှုံးသွားခဲ့သောနယ်မြေများကို ပြန်လည် သိမ်းပိုက်နိုင်ရေး ပြင်ဆင်ခြင်းမှလွဲ၍ အခြားရည်ရွယ်ချက်မရှိပေ။ 

ထို့အပြင် ညီနောင်မဟာမိတ် ၃ ဖွဲ့ကို စစ်ရှုံးခဲ့ရသော ဒရုန်းစစ်ပွဲကို ဤတစ်ကြိမ် စစ်တပ်က တန်ပြန် ဆင်နွှဲနိုင်ရန် ပိုမိုအဆင့်မြင့်သော ဒရုန်းနည်းပညာကို ဝယ်ယူအဆင့်မြှင့်တင် ပြင်ဆင်မှုများ အပါအဝင် စစ်လက်နက်ပစ္စည်း ဖြည့်တင်းရန် လိုအပ်သော ဘဏ္ဍာရေးရင်းမြစ်များမှာ စစ်ခေါင်းဆောင်များတွင် အလုံအလောက် ရှိနေသေးသည်။  

ထို့အပြင် ယနေ့အချိန်ထိ စစ်အာဏာသိမ်းခြင်းကို နိုင်ငံတကာအသိုက်အဝန်းက လက်မခံကြသော်လည်း၊ စစ်တပ်ကို အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု၏ နိုင်ငံအဆင့် လုံခြုံရေးနှင့်ကာကွယ်ရေးအဖွဲ့အစည်း အဖြစ် လက်ခံထားကြဆဲ ဖြစ်သည်။ ထိုအချက်ကို တော်လှန်ရေးအင်အားစု မျက်စေ့မှောက်နေ၍ မဖြစ်ပါ။ 

ထို့ကြောင့် နိုင်ငံတကာဥပဒေအရ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ စစ်တပ်သည် ထိုနိုင်ငံ၏ အချုပ်အခြာအာဏာ စိုးမိုးသက်ရောက်မှု မရှိသောနယ်မြေဒေသ အစိတ်အပိုင်းများကို စိုးမိုးသက်ရောက်စေရန် စစ်ဆင်ရေးများ အချိန်မရွေးဖော်ဆောင်၍ နယ်မြေသိမ်းယူခွင့် ရှိသည်။ စစ်တပ်သည် ထိုအခွင့်အရေးကို အသုံးချ၍ စစ်အင်အား ပြည့်ဝမှု၊ စစ်ဆင်ရေး အသင့်ဖြစ်မှုနှင့် စစ်အောင်နိုင်ရန်သေချာမှု ရှိမည်ဆိုလျှင်၊ ကိုးကန့်ဒေသအပါအဝင် တစ်နိုင်ငံလုံးကို တစ်လက်မ မကျန် ပြန်လည်သိမ်းယူရန် လက်နှေးလိမ့်မည် မဟုတ်ပါ။ 

ထိုအချိန်တွင် ယခင်သဘောတူညီချက်များသည် ဥပဒေအရ စည်းနှောင်မှု ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ၊ စစ်တပ်၏ အချုပ်အခြာအာဏာပိုင်နိုင်ငံ နယ်နမိတ်အတွင်း နယ်မြေသိမ်းပိုက်ရေး စစ်ဆင်မှုကို တရုတ်နိုင်ငံအပါအဝင် မည်သည့်အိမ်နီးချင်းနိုင်ငံကမျှ ကန့်ကွက်ဟန့်တားခွင့် မရှိပါ။ ယင်းသည် နိုင်ငံတကာစည်းမျဥ်း ဖြစ်သည်။

ထို့ကြောင့် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်ခွင့်ပေးပြီး၊ စစ်ခေါင်းဆောင်များလက်ထဲ နိုင်ငံ၏ အချုပ်အခြာအာဏာ ကျင့်သုံးခွင့်ကို ဆက်လက်ခွင့်ပြုထားမည်လား၊ သို့မဟုတ် အဆိုပါ အချုပ်အခြာ အာဏာကို မိမိတို့လက်ထဲ ရောက်ရှိလာစေရန် လူမျိုးပေါင်းစုံ တိုင်းရင်းသားတော်လှန်ရေးတပ်များက စုပေါင်းရယူမည်လား ဆိုသည့် နိုင်ငံရေး ပုစ္ဆာကို NUG နှင့် EROs ခေါင်းဆောင်များ အဖြေရှာရမည် ဖြစ်သည်။ 

တရုတ်အစိုးရ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို အိမ်နီးချင်း နိုင်ငံတစ်ခုက ကြားဝင်အာမခံခွင့် မရှိသလို၊ MNDAA နှင့် ရယူထားသော သဘောတူညီချက်ကို စစ်တပ်သည် အချိန်မရွေး ချိုးဖောက်နိုင်ပြီး၊ လားရှိုးမှသည် ကိုးကန့်ဒေသအထိ ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်လာနိုင်ပါသည်။ ထိုကဲ့သို့ ဖြစ်လာခဲ့လျှင် တရုတ်နိုင်ငံလည်း မည်သို့မျှ တတ်နိုင်မည် မဟုတ်ပါ။ ထိုအချက်ကို “ဟိုက်ဂင်သဘောတူညီချက်” ကို စစ်တပ် မလိုက်နာ ဖျက်ဆီးခဲ့သည့် သာဓက နှင့် နှိုင်းယှဥ် ကြည့်နိုင်ပါသည်။ 

တဖန် ကိုးကန့်ခေါင်းဆောင်များနှင့် အာဏာသိမ်း တရားမဝင် စစ်ကောင်စီအကြား သဘောတူညီချက် သည် ဥပဒေအရ စည်းနှောင်မှုမရှိဘဲ၊ လက်နက်ကိုင်အဖွဲ့ နှစ်ခုအကြား သဘောတူညီချက်မျှသာ ဖြစ်သည်။ အကြောင်းမှာ MNDAA ခေါင်းဆောင်များ သုံးနှုန်းနေသော “ကိုးကန့်အထူးဒေသ (၁)” အမည် သည်လည်းကောင်း၊ MNDAA ကို ကိုးကန့်ဒေသ၏ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အဖြစ် စစ်ကောင်စီက သဘောတူခဲ့ခြင်းသည်လည်းကောင်း စစ်တပ် ကိုင်စွဲထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိပါ။ 

ထို့အတူ ထိုသဘောတူညီမှုရလဒ် ဖြစ်ပေါ်စေရန် ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့သော အိမ်နီးချင်း တရုတ်အစိုးရသည် နောင်တစ်ချိန် တာဝန်ခံရပေလိမ့်မည်။ မြန်မာ့ပြည်တွင်းရေးကို မြန်မာပြည်သူများ၏ ဆန္ဒနှင့် ဆန့်ကျင်၍ တရုတ်အစိုးရက တိုက်ရိုက်ဝင်ရောက်စွက်ဖက်နေခြင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို လေးစားလိုက်နာမှု မရှိ ခြင်း၊ တရားမဝင် စစ်ကောင်စီကို တရားဝင်အစိုးရသဖွယ် အသိအမှတ်ပြု လက်ခံထားခဲ့ခြင်း၊ ၂၀၀၈ ခြေ/ဥ ကို စစ်အာဏာသိမ်းချိန်ကစပြီး စစ်ခေါင်းဆောင်များ အကြိမ်ကြိမ်ချိုးဖောက်မှုများကို တစိုက်မတ်မတ် အားပေးခဲ့ခြင်း တို့အတွက် တရုတ်အစိုးရတွင် တာဝန်ရှိသည်။ တရုတ်အစိုးရ၏ ထိုအပြုအမူများကို မြန်မာပြည်သူများက မေ့ပစ် လိုက်ကြလိမ့်မည် မဟုတ်ပါ။  

-၁၀၂၇ စစ်ဆင်ရေးအတွင်း တွေ့ရသော ကိုးကန့်တပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ- The Kokang)

စစ်ကျွန်ပြုမည့် ရွေးကောက်ပွဲအစီအစဥ်    

၂၀၂၄ ခုနှစ် တစ်လျှောက်လုံး စစ်ရှုံးခဲ့ခြင်းကြောင့် စစ်တပ်ပြိုလဲနိုင်သလား ဟု စတင်မေးခွန်းထုတ်လာ ချိန်၊ ၂၀၂၅ ခုနှစ်တွင် လားရှိုးမြို့ စစ်တပ်လက်ထဲ ပြန်လည်ရောက်ရှိသွားလျှင် နိုင်ငံတကာအသိုက်အဝန်း ကို မှားယွင်းသော သတင်းစကား ပါးလိုက်ခြင်းပင်ဖြစ်မည်။ 

စေ့စပ်ညှိနှိုင်းသောနည်းလမ်းဖြင့် ဆုံးရှုံးနယ်မြေ ပြန်လည်သိမ်းယူနိုင်ခဲ့သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သံတမန်ရေး မျက်နှာစာတွင်လည်း ရွေးကောက်ပွဲလမ်းကြောင်းသာလျှင် မြန်မာ့ပြဿနာ၏ ထွက်ပေါက်သဖွယ် ၂၀၂၄ ခု နှစ်ကုန်ပိုင်းမှစ၍ အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများကို စတင် ဝါဒဖြန့်လာခဲ့သည်။ 

တော်လှန်ရေးအင်အားစု၏ ထိုးစစ်ကို “အကြမ်းဖက်လုပ်ရပ်များ” အဖြစ် မင်းအောင်လှိုင်က စစ်ကောင်စီ သံရုံးများမှတစ်ဆင့် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအသင်းကြီးနှင့် နိုင်ငံတကာ အသိုက်အဝန်းကို  ဝါဒဖြန့်လျက်ရှိပြီး ၎င်းအနေဖြင့် နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် ဆန္ဒရှိသည်၊ ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမည်ဖြစ်၍ လက်နက်ကိုင် အကြမ်းဖက်မှုများကို စွန့်လွှတ်ပြီး နိုင်ငံရေးပါတီထူထောင်ကာ ရွေးကောက်ပွဲဝင်ကြရန် ပြောဆိုလာသည်။ ဤသည်ကိုပင် နိုင်ငံငြိမ်းချမ်းရေးအတွက် ၎င်းအနေဖြင့် မည်မျှသဘောထားကြီး ကြောင်း ပြသနေသယောင် ဝါဒဖြန့်ခြင်းဖြစ်သည်။   

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မင်းအောင်လှိုင်သည် ၎င်း၏အာဏာသက်တမ်းကို နောက်ထပ် ၆လ တိုးသည့် ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးတွင် ရွေးကောက်ပွဲကျင်းပမည့်အစီအစဥ်ကို ဒေသတွင်းနိုင်ငံများက ထောက်ခံကြကြောင်း ပြောဆိုခဲ့သည်။    

စင်စစ် စစ်တပ်၏ ရွေးကောက်ပွဲလမ်းကြောင်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်တွင် အခြေခံ ထားပြီး၊ ရွေးကောက်ပွဲကျင်းပနိုင်လျှင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုသည် ၂၀၀၈ ခြေ/ဥ နှင့်အညီ အာဏာသိမ်းခြင်းအဖြစ် အလိုအလျောက် တရားဝင်သွားမည် ဖြစ်သည်။ ထို့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဖြစ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာစီရင်ထုံး ဖြစ်သွားပြီး၊ အနာဂတ်တွင် ၂၀၀၈ ခုနှစ် ခြေ/ဥ အရ စစ်တပ်သည် တရားဝင် အာဏာသိမ်းခွင့် ရှိသွားပေလိမ့်မည်။ 

ထိုအခြေအနေကို “စစ်ကျွန်ပြုခြင်း” ဟု စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသော မြန်မာပြည်သူများက ရှင်းရှင်းလင်းလင်း သိမြင်ထားကြသည်။ အနာဂတ် နိုင်ငံရေးနယ်ပယ်တွင် စစ်တပ်ကို စိတ်တိုင်းကျ ချယ်လှယ်ကြီးစိုးခွင့် ပေးလိုက်ခြင်းလည်း ဖြစ်ပြီး၊ မည်သည့် အရပ်ဖက်နိုင်ငံရေးအင်အားစုကမျှ တားဆီးနိုင်တော့မည် မဟုတ်ပါ။ 

ထိုအချက်ကို အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းက ၎င်းတို့၏ အရေးကိစ္စ မဟုတ်၍ အလေးထားကြလိမ့်မည် မဟုတ်ဘဲ၊ လက်ရှိဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်သွားပြီး၊ ရွေးကောက်ပွဲကတစ်ဆင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းခြင်းက ကောင်းမွန်သည်ဟုသာ သဘောထားကြပေလိမ့်မည်။ 

ထို့အပြင် မည်သို့ပင်ပြိုင်ပြိုင် စစ်တပ်ထူထောင်ထားသော ကြံ့ခိုင်ရေးပါတီသာ သေချာပေါက် နိုင်မည့် ရွေးကောက်ပွဲစနစ်ကို လက်ခံထားကြသော နိုင်ငံရေးပါတီများကလည်း လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင်တော်လှန်ရေး ရပ်တန့်ရန် စစ်ခေါင်းဆောင်များနှင့် ပူးပေါင်းပြီး ငြိမ်းချမ်းရေးတရားများ ဟောကြားလာပါသည်။ 

ထိုပါတီများကို မင်းအောင်လှိုင် မက်လုံးပေး ဆွဲဆောင်ထားသောအချက်မှာ ရွေးကောက်ပွဲအလွန် ပေါ်ထွက်လာမည့် လွှတ်တော်တွင် ၂၀၀၈ ခြေ/ဥ ပြင်ဆင်ရေး စစ်တပ်က ပူးပေါင်းဆောင်ရွက်မည် ဆိုသည့်အချက် ဖြစ်သည်။ ထိုအချက်ကို အကြောင်းပြလျက် စစ်တပ်နှင့် နိုင်ငံရေးပါတီများအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပပြီး၊ ၂၀၀၈ ခြေ/ဥ ပြင်ဆင်ရန် သဘောတူညီချက်မည်မျှ ရရှိထားပြီ ဖြစ်ကြောင်း နိုင်ငံရေးပါတီခေါင်းဆောင်တချို့ကပင် အသံထုတ် ပြောဆိုလာကြသည်။   

သို့သော် မင်းအောင်လှိုင်သည် ၎င်း၏အာဏာကို နောက်ထပ်သက်တမ်း ၆လ တိုးခဲ့ခြင်း၊ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နိုင်ငံအနှံ့ နယ်မြေအများအပြားတွင် ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်ခြင်းတို့ကြောင့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန် မသေချာနိုင်ပါ။ ပို၍ အရေးကြီး သောအချက်မှာ ရွေးကောက်ပွဲကြောင့် လက်နက်ကိုင်တော်လှန်ရေး အရှိန်အဟုန်ကို ရပ်တန့်သွားလိမ့်မည် မဟုတ်ပါ။ ရွေးကောက်ပွဲသည် နိုင်ငံရေး အဖြေရှာခြင်း မဟုတ်ဘဲ၊ စစ်တပ်၏ နိုင်ငံရေးတွင် အခိုင်အမာ ကြီးစိုးရေး သို့မဟုတ် စစ်ကျွန်ပြုရေး ကြိုးပမ်းခြင်းမျှသာ ဖြစ်သည်။ 

စစ်ရေးနှင့် နိုင်ငံရေး အချိုးမညီမှု အန္တရာယ်

ထိုအခြေအနေတွင် တော်လှန်ရေးအင်အားစုအကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု သက်သက်ဖြင့် မလုံလောက်တော့ပါ။ “ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး” နိုင်ငံရေးလမ်းကြောင်းကို ဘုံရည်မှန်းချက်အဖြစ် ချမှတ်ထားသော်လည်း၊ ထိုစနစ်ကို မည်သို့မည်ပုံ တည်ဆောက်ရေး ဆိုသည့် အချက်တွင် တော်လှန်ရေးအင်အားစုအကြား နိုင်ငံရေးသဘောထားအမျိုးမျိုး၊ လားရာအမျိုးမျိုး ကွဲပြားလျက်ရှိသည်မှာ အန္တရာယ်ကြီးမားပါသည်။

လက်ရှိအခြေအနေတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များသည် နယ်မြေဒေသ အများအပြားကို သိမ်းပိုက်ထားနိုင်ခြင်းမှာ သမိုင်းတွင် မကြုံစဖူးအောင်မြင်မှုများ ဖြစ်သော်လည်း၊ အာဏာသိမ်းစစ်တပ်ကို အလုံးစုံ အောင်နိုင်ခြင်း မဟုတ်၍ သေချာခိုင်မာသော အောင်ပွဲ မဟုတ်သေးပါ။ 

ထိုအချက်ကို ERO များအထဲ တိုက်ခိုက်ရေးစွမ်းရည် ကောင်းမွန်ပြီး၊ စစ်တပ်ကို ရခိုင်ပြည်နယ်တွင် အပြတ်အသတ် အောင်နိုင်လျက်ရှိသော အာရက္ခတပ်တော် (AA)  စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ၂၀၂၄ ခုနှစ် စက်တင်ဘာလ ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးအတွင်း ထည့်သွင်းပြောကြားခဲ့သည်ကို သတိပြုမိပါသည်။

“မြန်မာနိုင်ငံမှာ အဖွဲ့အစည်းအများစုက ကိုယ့်ရဲ့လူမျိုးရေးအထိုင်က ကြည့်ပြီးလုပ်ကြတာပဲ။ ဒါမျိုး ကိုယ့်ရဲ့ လူမျိုးစု တစ်ခုထဲကိုပဲ ကြည့်ပြီးလုပ်မယ်ဆိုရင် ဘယ်ခရီးကိုမှ မရောက်ဖူးဆိုတာကို ကျနော်တို့ နှစ် ၇၀ ပြည်တွင်း စစ် သမိုင်းက သက်သေပြပြီး ဖြစ်တယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ထုတ်ဖော် ပြောဆိုချက်သည် တစ်ချိန်က “ရက္ခိတ လမ်းစဥ်” ဖြင့် စတင်ခဲ့သော AA ခေါင်းဆောင်ပိုင်း၏ ပြောင်းလဲ ကျယ်ပြန့်သော နိုင်ငံရေးအရ တွေးခေါ်မျှော်မြင်မှုကို ပြသလိုက်ခြင်း ဖြစ်သည်။   

“ကျနော်တို့ ဒေသအဆင့် စဥ်းစားချက်ရှိသလို၊ ပြည်ထောင်စုတစ်ခုလုံး စဥ်းစားချက်လည်း ရှိတယ်။ ဒေသတစ်ခုထဲကို စဥ်းစားပြီးမှ တခြားဟာတွေကို မစဥ်းစားဖူးဆိုရင် ဒေသအဆင့် မဟာဗျူဟာနဲ့ စဥ်းစားချက်က မအောင်မြင်နိုင်ဘူး အလုပ်မဖြစ်ဘူး။ ပြည်ထောင်စုတစ်ခုလုံးကို သေချာစဥ်းစားဖို့ လိုတယ်၊ ပတ်ဝန်းကျင်ကို စဥ်းစားဖို့လိုတယ်။ ဒီဟာတွေကို အချိုးညီညီ စဥ်းစားပြီးမှ အချိန်ကိုက် အလုပ်လုပ်ဖို့လို မယ်။ မဟာမိတ်တွေ ဖွဲ့ရမယ်။ ကျနော်တို့လိုမျိုး ဘဝတူ တိုင်းရင်းသားလူနည်းစု တစ်ခုထဲကို ပြောတာမဟုတ်ဘဲ၊ ဗမာလူများစုတွေကိုလည်း အသေအချာ စဥ်းစားဖို့ လိုတယ်။ သူက (ဗမာလူများစုက) အဓိကပြောင်းလဲမှုရဲ့ အခြေခံ အင်အားပဲ” ဟု သူက AA ၏ လက်ရှိ တော်လှန်ရေး အမြင်သဘောထားကို ရှင်းပြခဲ့သည်။

တော်လှန်ရေးအင်အားစုသည် သိမ်းပိုက်နယ်မြေများတွင် လိုအပ်ချက်အရ ဒေသန္တရအာဏာ တည်ဆောက်ရေး ဦးစားပေးနေရခြင်းမှာ မဖြစ်မနေလုပ်ဆောင်ရမည့် လုပ်ငန်းအဖြစ် နားလည်နိုင်ပါသည်။ သို့သော် ထိုသို့လုပ်ဆောင်နေကြရင်း၊ ပြည်ထောင်စုတစ်ခုလုံးနှင့်ဆိုင်သော စဥ်းစားချက်များ၊ ကြိုးပမ်းမှုများ ကင်းမဲ့နေ၍လည်း မဖြစ်ပေ။ 

အကြောင်းမှာ နိုင်ငံတကာအသိုက်အဝန်းအကြား စစ်ကောင်စီ၏ အချုပ်အခြာအာဏာ ကိုင်စွဲထားမှုကို စိန်ခေါ်နိုင်မည့် တစ်နိုင်ငံလုံးကို ကိုယ်စားပြုသော စုစည်းညီညွတ်သော နိုင်ငံရေးအရ ပေါင်းစည်းမှုနှင့် ဦးဆောင်မှုကို ပြသရန် နှောင့်နှေးနေခြင်းက အလွန်အန္တရာယ်များသော အခြေအနေ ဖြစ်ပါသည်။

စစ်ရေးနှင့် နိုင်ငံရေး နယ်ပယ်နှစ်ရပ်စလုံးတွင် စုစည်းညီညွတ်စွာ အင်အားတည်ဆောက်မှု “အချိုးညီ” မှသာလျှင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဘုံရည်မှန်းချက်ကို အမှန်တကယ် ဖော်ဆောင်နိုင်လိမ့်မည် ဆိုသည့်အချက်ကို လွန်ခဲ့သော ၄ နှစ်လုံးလုံး စစ်ရေးကိုသာ ဦးစားပေးခဲ့ကြသော တော်လှန်ရေးအင်အားစု အသီးသီးမှ ခေါင်းဆောင်များ ဆင်ခြင်သုံးသပ်မိကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

ဤနေရာတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် နိုင်ငံရေးအရ ပြင်ဆင်မှုများ လုံးဝ ရှိမနေသေးခြင်းမျိုး မဟုတ်ပါ။ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းမှုများ ရှိနေ သော်လည်း၊ စုစည်းညီညွတ်စွာ ညှိနှိုင်းဖော်ဆောင်နေခြင်းထက် ကိုယ်လမ်း ကိုယ်ဖောက်နေကြသော နိုင်ငံရေးလမ်း ကြောင်း အမျိုးမျိုး ဖြစ်နေခြင်းကို လေ့လာတွေ့ရှိရသည်။

EROs များသည် တန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုသည့် ၎င်းတို့၏ နှစ်ရှည်လများ နိုင်ငံရေး ရည်မှန်းချက်များ ကို အကောင်အထည်ဖော်ရန် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို အသီးသီး ဦးစားပေးရေးဆွဲနေကြပြီး၊ နိုင်ငံတစ်ခုလုံး၏ အချုပ်အခြာအာဏာကို ကိုယ်စားပြုသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စရပ်များကို NUG က ကြိုးပမ်းနေသည်ကို လေ့လာ တွေ့ရှိရသည်။ ထိုဖြစ်စဥ်များသည် သီးခြားအပြိုင်ပေါ်ပေါက်လျက်ရှိနေ ပါသည်။ 

ယနေ့အချိန်ကာလသည် ထိုကဲ့သို့ စစ်ရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှု အချိုးမညီမှုကို ပြင်ဆင်ရန် အချိန်ကျရောက်နေပြီ ဖြစ်သည်။ လွန်ခဲ့သော ၄ နှစ်လုံးလုံး စစ်အာဏာရှင်တို့၏ ဖိနှိပ်ရက်စက်မှုများကို ခါးစည်းခံစားရင်း ပြည်သူတစ်ရပ်လုံး စောင့်မျှော်နေခဲ့သော နိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီစနစ် လက်တွေ့ကျကျ တည်ဆောက်ရေး ဆွေးနွေးညှိနှိုင်းမှုများ စတင်ပြုလုပ်နိုင်မည့် နိုင်ငံရေးမျက်နှာစာမျိုး သို့မဟုတ် လုပ်ငန်းစဥ်မျိုး ပွင့်လင်းမြင်သာစွာ ပေါ်ပေါက်လာရေးသည် CRPH, NUG နှင့်အတူ ကချင်၊ ရက္ခိုင်၊ တအာင်း၊ ကရင်၊ ကရင်နီ၊ ချင်း စသည့် အဓိက တော်လှန်ရေးအင်အားစု ခေါင်းဆောင်များ အားလုံး စုစည်းညီညွတ်စွာ ပြသရန် လိုအပ်ပါသည်။ 

သို့မှသာ စစ်ရေးနှင့် နိုင်ငံရေး အချိုးညီညီ ပေါင်းစပ်နိုင်ပြီး၊ နိုင်ငံတကာမျက်နှာစာတွင် အာဏာသိမ်း စစ်တပ်ကို စစ်ရေးအရ အောင်နိုင်မှုအား ပြသနိုင်ရုံမျှမက၊ နိုင်ငံရေးအရ နိုင်ငံ၏အချုပ်အခြာအာဏာကို စစ်ကောင်စီက တရားမဝင် ကျင့်သုံးနေမှုအား ပို၍ထိရောက်စွာ ထိုးနှက်နိုင်မည့် ခေါင်းဆောင်မှုကို ပြသနိုင်မည် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။  

Show More

Related Articles

Back to top button