
ယမန်နေ့ ( ဇန်နဝါရီ ၃၀) တွင် စစ်ကောင်စီတပ်က ဧရာဝတီမြစ်အနောက်ဘက်ကမ်း မကွေး တိုင်း၊ ဆိပ်ဖြူနှင့်မြိုင်မြို့နယ်ကျေးရွာများကို စစ်ကြောင်းထိုး၊ တိုက်ခိုက်ရာ ကျောင်းသူ ၁ ဦး သေဆုံး၍ ၄ ဦး ဒဏ်ရာရသည်၊ အရပ်သားတချို့လည်း ဖမ်းဆီးခံရသည်ဟု ဒေသခံ များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) များထံက သိရသည်။
ဆိပ်ဖြူမြို့နယ် အမှတ် (၂၁) နှင့် (၂၂) စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကြားရှိ ကျောင်းရွာ၊ အလယ်စုရွာတို့ကို စစ်တပ် ဝင်ရောက် သောင်းကျန်းဖျက်ဆီးသွားသည်ဟု ဆိပ်ဖြူဒေသခံတစ်ဦးက ပြောသည်။
“ကျောင်းရွာကို စစ်ကြောင်းထိုးတာက ပြည်သူ ၄ ဦး ဖမ်းဆီးခံရတယ်။ စစ်ကြောင်းက ၂ နေရာဝင်တာ အလယ်စုရွာ ကိုလည်း ဝင်တယ်။ အလယ်စု ရွာက နေအိမ် ၅ လုံး မီးရှို့ခံရတယ်” ဟု ၎င်းက ဆိုသည်။
“ကျောင်းရွာအုပ်စု၊ ကွန်းရွာ အုပ်စုတွေဘက်ကို စစ်မှုထမ်းဖို့ အယောက် ၂၀ သတ်မှတ်ထား တယ်။ အယောက် ၂၀ မပြည့်မချင်း ဖမ်းမယ်ဆိုတဲ့ သတင်းတော့ ရထားတယ်”
ထို့ပြင် ဆိပ်ဖြူမြို့နယ်မြောက်ပိုင်းတွင်လည်း ကပစ -၂၂ မှထွက်လာသည့် စစ်ကြောင်းသည် စက်ရုံ အနီးရှိ ကျောက်ကြီးအုပ်စု၊ အင်းကန်အုပ်စုရှိ ကျေးရွာများကိုလည်း ဝင်ရောက်သွားသည်ဟု ၎င်းက ဆက်ပြောသည်။
“ကပစ- ၂၂ ကနေပြီးတော့ ကျောက်ကြီးရွာကိုဝင်ပြီးတော့ မွှေနှောက်သွားပြီးတော့ ညောင်ကုန်းရွာက ကားဝပ်ရှော့ကို ဖျက်ဆီးတယ်။ ကားငါးစီးကို ယူသွားတယ်။ ရွာအနောက်ဘက်က တောင်ဖြူကျေးရွာ ကနေပြီး ရှားတောကနေပြီးတော့ ကပစ-၂၂ ကို ပြန်ဝင်သွားတယ်” ဟု ၎င်းက ပြောသည်။
ကပစ-၂၂ မှာ MA အမျိုးအစား လက်နက် ငယ်များ ထုတ်လုပ်ကာ ကပစ- ၂၁ တွင် လေယာဉ် ပစ်ဗုံးသီးများ ထုတ်လုပ်သည်။
ဇန်နဝါရီလအတွင်း ကပစ -၂၁ ကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခံထားရ၍ ကပစ -၂၂ က အနီးဝန်း ကျင် ကို တပ်လှန့်သည့်အနေဖြင့် ပစ်ခတ်ခဲ့သည်။ ဇန်နဝါရီ ၂၆ ရက်နေ့ တွင် စစ်တပ်၏ လက်နက်ကြီးကျည်မှာ ထိုစက်ရုံမှ ၇ မိုင်ခန့်အကွာ ကင်မွန်းတော်ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅ နှစ်အရွယ် အမွှာကလေးငယ်များ အပါ အဝင် မိသားစုဝင် ၅ ဦး သေဆုံးခဲ့သည်။
ယမန်နေ့တစ်ရက်တည်းမှာပင် ကပစစက်ရုံများတည်ရှိရာ မကွေးတိုင်းမှ ပုံတော်ပုံညာဒေသသို့ သွား သည့် ပေါက်-မြိုင်လမ်း တည်ရှိရာ ဒေသကိုလည်း လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။
ဝယ်တောင်ရွာကို လေတပ်က ၂ ကြိမ် ဗုံးကြဲခဲ့စဉ် အသက် ၂၀ အရွယ် အမျိုးသမီး သေဆုံးသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပခုက္ကူခရိုင် အမှတ် (၆) တပ်ရင်း ၊ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ငချစ်က ပြောသည်။
“လေကြောင်းက ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာ CDM ကျောင်းသူ ၁ ဦး သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးတဲ့ကျောင်းသူက ယောဒေသဘက်ကလို့ပဲ သိရပါတယ်ဗျ”
ဗုံးကြဲတိုက်ခိုက်ခံရသည့် အဆောက်အအုံမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အောင်ဆန်းတက္ကသိုလ်ဖြစ်သည်ဟု ပြည်တွင်း သတင်းဌာနများတွင် ဖော်ပြထားသော် လည်း ဒေသခံတပ်ရင်း ပြန်ကြားရေး တာဝန်ခံက ထိုအခြေအနေကို ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။
ပစ်ခတ်မှု၊ ဖမ်းဆီးမှု၊ ဖျက်ဆီးမှုများရှိသည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
အာဏာသိမ်းစစ်တပ်၏ စစ်လက်နက် အဓိကထုတ်ပေးနေသည့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ် ရေး စက်ရုံ ၂၅ ရုံရှိပြီး စစ်ကောင်စီတပ်အဓိက နယ်မြေဆုံးရှုံးနေသည့် ရခိုင်ရိုးမ၊ ချင်းတောင်တန်းတို့နှင့် ထိစပ်နေသည့် ဧရာဝတီမြစ်အနောက်ဘက်ကမ်း မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် အများဆုံးတည်ရှိ သည်။