အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မုံရွာမြို့ပေါ်ထိ စစ်ကောင်စီ ပေါ်တာဆွဲနေ

တော်လှန်မှုအားကောင်းသည့် စစ်ကိုင်းတိုင်း၏ မြို့တော် မုံရွာတွင် စစ်ကောင်စီက လူငယ်လူရွယ် အများအပြားကို အတင်းအကျပ် ခေါ်ဆောင်နေ၍ တစ်မြို့လုံး ခြောက်ကပ်တိတ်ဆိတ်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် သောကြာနေ့(ဇန်နဝါရီ ၂၄)မှ စပြီး မုံရွာမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ နေရာစုံ ဖြန့်ကျက်ထားပြီး လူငယ်အမျိုးသားများသာမက အမျိုးသမီးများကိုပါ ပေါ်တာဆွဲနေကြောင်း မြို့ပေါ်နေ သတင်းရင်းမြစ်များထံမှ သိရသည်။

“…နေရာစုံမှာ တပ်သားတွေရှိနေတယ်။ ကျားမ လူကြီးလူငယ်မရွေး ဆွဲ တယ်။ ကလေးအမေတောင် မချန်ဘူး။ ကလေးပါ ခေါ်ခဲ့ ထမင်းချက်လိုတယ် ဆိုပြီး ခေါ်သွားတာ” ဟု မြို့ပေါ်နေ ဝန်ထမ်းအမျိုးသမီးတစ်ဦး ၎င်းအတွေ့ ကြုံကို ပြောပြသည်။

ယနေ့ (ဇန်နဝါရီ ၂၇) နံနက်ပိုင်းတွင်ပင် လူဦးရေ ရာဂဏန်းနီးပါးခန့် ပါသွားကြောင်းလည်း မြို့ပေါ်နေ ပြည်သူအချင်းချင်း သတင်းပေးချက်အရ အတည်ပြုနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။ 

လက်ရှိတွင် မုံရွာမြို့နှင့် ကူးသန်းရောင်းဝယ်မှု လုပ်ရသည့် ကျေးရွာများမှ ကုန်ကား၊ စျေးကားများ လည်း မထွက်ရဲကြောင်း ယင်းမာပင်မြို့နယ်မှ ကားသမားတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“သုံးထောင့်ချွန်း (မုံရွာချင်းတွင်းတံတားထိပ်) မှာ ကားကိုရပ်ပြီး ပိုက်ဆံတောင်းတဲ့ စစ်သားက ပြော တယ်။ မင်း ဒီရက်ထဲ မလာနဲ့ဦး။ အဆွဲခံရရင် ကားပါ ဆုံးမယ် ဆိုတော့ ကျွန်တော်လည်း မသွားရဲ တော့ဘူး” ဟု အဆိုပါ ကားသမားက ပြောသည်။

မုံရွာမြို့ စျေးများသည် ဥပုသ်နေ့သာ ပိတ်ရက်ဖြစ်သော်လည်း ယနေ့ တွင် စျေးဝယ်များ မတွေ့ရတော့ ဘဲ ခြောက်ကပ်လျက်ရှိသည်။

“အခုက ကျုပ်တို့ကို အပြင်မထွက်ရဲတော့ဘူး။ မိန်းမလည်း ပေးမထွက်ရဲဘူး။ ဒီကောင်တွေက ဘယ် နေရာမှာမဆိုကို ရှိနေတာ” ဟု ပုဂ္ဂလိကဝန်ထမ်းတစ်ဦးက ယနေ့ နံနက် ၉ နာရီ ဝန်းကျင်တွင် ဆိုသည်။ 

ယနေ့ နံနက်ပိုင်းတွင် ပြင်တော်သာလမ်း နှင့် ဘုရားနီလမ်းထောင့်တဝိုက် စစ်သားများ အချုပ်ကား အပါအဝင် အရပ်ကားများနှင့် ရှိနေကြောင်း ထိုသူက ပြောသည်။ 

ယင်းအပြင် အချင်းချင်း သတင်းပေးချက်အရ မုံရွာကားကြီးဝန်းအနီးတွင် ဆယ်ဘီးကား တစ်စီးနှင့် စောင့်ဖမ်းနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

မုံရွာမြို့ခံတစ်ဦးကလည်း ယနေ့ နံနက် အမျိုးသား၊ အမျိုးသမီးပါမချန် ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း ပြောသည်။ 

“ တစ်မြို့လုံးမထွက်ရဲအောင် ရွေ့လျားပတ်ဆွဲနေတာဗျ။ အမျိုးသမီးတွေရောပါတယ် မြို့တော်ခန်းမ ထဲ ဝင်သွားတဲ့ သံဇကာကား (အချုပ်ကား) ထဲမှာ။ အလုပ်သမား‌ဝန်ထမ်းတွေရှိတဲ့လုပ်ငန်းရှင်တချို့ဆီ ဝန်ထမ်းဦးရေစားရင်းတောင်းထားတာလည်း ရှိတယ်” ဟု ထိုသူက ဆိုသည်။

မုံရွာမြို့ပေါ်ကုန်သည်တစ်ဦး၏ ပြောဆိုချက်အရ ယခု ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ ငွေပေး ရွေး၍ မရသေးကြောင်းနှင့် မိသားစုဝင်များကလည်း သက်ဆိုင်ရာအဖွဲ့စည်းများထံ သွားရောက်တွေ့ဆုံခွင့် မရသလို၊ အများစုကလည်း သွားရောက် မတွေ့ရဲကြကြောင်း သိရသည်။

“ခက်တာက ပါသွားရင်လည်း လိုင်းပေါ်ကို မတင်ရဲတော့ဘူး။ သွားလည်း မထုတ်ရဲကြဘူး။ ခုဟာက စစ်သားစုဆောင်းတာတင် မဟုတ်တော့ဘူး။ ပေါ်တာပါ ဆွဲတာ။ မုံရွာက တကယ်ကို ရမ်းကားခံနေရ ပြီ” ဟု အထက်ပါ ပုဂ္ဂလိကဝန်ထမ်း အမျိုးသားက ဆိုသည်။

စစ်ကိုင်းတိုင်း မြို့တော် မုံရွာသည် စစ်အာဏာသိမ်းပြီးနောက် လူ သောင်းချီ ဆန္ဒပြခဲ့ကြပြီး လက်နက် ကိုင်တော်လှန်ရေးများ အားကောင်းကာ မုံရွာမြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် မုံရွာ-ရေဦးလမ်း ပေါ်တွင် စစ်ကောင်စီ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တည်ရှိသည်။

မုံရွာမြို့ မြို့တော်ခန်းမသည်လည်း စစ်ကြောရေးတွင် နာမည်ကြီးကာ စစ်ကောင်စီက မြို့ပေါ်တွင် လုံခြုံရေး အထူးတင်းကျပ်သည်။

၂၀၂၄ ဒီဇင်ဘာ ၁၅ ရက်က မုံရွာမြို့တောင်ဘက် မြို့အထွက် မုံရွာ-မန္တလေးလမ်းပိုင်း မအူဂိတ်အနီး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကြေးနီစက်ရုံမှ လာသည့်  အစီးရေ ၅၀ ကျော်ပါ ယာဉ်တန်းကို တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။

စစ်ကောင်စီသည် ဇန်နဝါရီ ၂၃ ရက်က ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို အတည်ပြုလိုက်ပြီး ယင်း မတိုင်မီကတည်းက ရန်ကုန်အပါအဝင် နိုင်ငံအနှံ့၌ ပြည်သူ့စစ်မှုထမ်းအတွက် အကျုံးဝင်သော အသက်အပိုင်းအခြားရှိ လူငယ်အများစုကို အတင်းအကျပ်ခေါ်ဆောင်ခြင်း (အရပ်အခေါ် ပေါ်တာ ဆွဲခြင်း) များ  အပြင်းအထန် ပြုလုပ်နေသည်။ 

အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေက ရေးဆွဲခဲ့ပြီး အာဏာရှင်လက်သစ်ဗိုလ်ချုပ်မင်းအောင်လှိုင်က ၂၀၂၄ တွင် အတည်ပြုခဲ့သည့် စစ်မှုထမ်းဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ် အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်သည်။

ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ် ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုး သားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ် ထားသည်။

အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button