စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကြေးနီစက်ရုံမှ လာသည့် အစီးရေ ၅၀ ကျော်ပါ ယာဉ်တန်းကို မုံရွာမြို့အနီး မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များက ပြောကြသည်။
ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက စစ်ကိုင်းမြို့နယ်အခြေစိုက် တပ်မ (၃၃)မှ စစ်သားများ လိုက်ပါလာသည့်၊ ဆီတင်ယာဉ်နှင့်စစ်ကားများပါဝင်သည့် အဆိုပါစစ်ယာဉ်တန်းကို မုံရွာ- မန္တလေး လမ်းပိုင်း မန္တလေးဘက်သို့ သွားပါက မုံရွာမြို့မှအထွက် မအူရွာဂိတ်အနီး ပဒေသာမိုင်း ၁၇ လုံးဖြင့် မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“အထိအခိုက်ကတော့ များမယ်ဗျ။ ကျွန်တော်တို့မျက်မြင် ကားတစ်စီးက ခါထွက်ပြီး လမ်းဘေးချောက်ထဲ ကျသွားတယ်။ ချောက်က တအားအနက်ကြီးမဟုတ်ပေမယ့် ကားတစ်စီး ဘယ်လိုမှ ပြန်မတက်နိုင်ဘူး” ဟု တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမည်ရှိ အဖွဲ့တာဝန်ခံ ဗိုလ်မဲမှောင်က ပြောသည်။
မိုင်းဆွဲပြီး နာရီဝက်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက် တော်လှန်ရေးအဖွဲ့များ ဆုတ်ခွာခဲ့ကြသည်၊ စစ်ကားတစ်စီးပေါ်မှ ကစဉ့်ကလျား ထွက်ပြေးသည့် စစ်သား ၅ ဦးကို မဟာမိတ်တပ်ဖွဲ့တစ်ခုက ဖမ်းဆီး လိုက်သည်ဟု ဗိုလ်မဲမှောင်က ဆိုသည်။
မုံရွာမြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် မုံရွာ-ရေဦးလမ်းပေါ်တွင် စစ်ကောင်စီ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တည်ရှိကာ တိုက်ခိုက်ခံရသည့်နေရာသည် မုံရွာမြို့တောင်ဘက် မြို့အထွက် မုံရွာ-မန္တလေးလမ်းပိုင်းတွင် ဖြစ်သည်။
တိုက်ခိုက်ခံရသည့်နေရာသည် မုံရွာမြို့အထွက် တစ်မိုင်ကျော်အကွာ မုံရွာမြို့ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနအနီး ဖြစ်သည်။ နမခဌာနချုပ်နှင့် အလှမ်းမဝေးသောခရီး ဖြစ်သည်။
တိုက်ခိုက်မှုအတွင်း စစ်သားတချို့ ထိခိုက်မှုတချို့ရှိသည်ဟု စစ်ကိုင်းတိုင်းအခြေအနေများကို စုံစမ်း ဖော်ပြနေသည့် စစ်ကိုင်းကင်းထောက်တမန်အဖွဲ့က ပြောသည်။
“၂ဦးသေတယ်။ ၇ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ကျွန်တော်တို့ ကနဦး စုံစမ်းသိရတယ်။ သေဆုံးနဲ့ ဒဏ်ရာရ စစ်သားတွေကို သူတို့(စစ်ကောင်စီ) ကျန်းမာရေးကားနဲ့ လာတင်ပြီး စစ်ကိုင်းမြို့ဖက်ကို ထွက်ခွာသွားတယ် ”ဟု အဆိုပါအဖွဲ့တာဝန်ခံက ဆိုသည်။
အရှင်ဖမ်းမိသည့်စစ်သား ၅ ဦး၏ အမည် အသက်အရွယ်၊ ရာထူးအဆင့် အသေးစိတ် မသိရ သော်လည်း ၎င်းတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ထံ အပ်နှံလိုက်သည် ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။
ဗိုလ်မဲမှောင်ကလည်း အလားတူ ပြောသည်။
“သူတို့ကို NUG ထံ လွှဲပြောင်းပေးလိုက်ပြီလို့ပဲ ကျွန်တော်တို့ မဟာမိတ်အဖွဲ့တွေဆီက ပြန်ကြားရပါတယ်” ဟု ဗိုလ်မဲမှောင်က ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်အခြေစိုက် တော်လှန်ရေးအဖွဲ့များက လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အာဠာဝကအဖွဲ့၊ ပြည်သူ့ကာကွယ်ရေး ယင်းမာပင်ခရိုင် တပ်မတော် (PDF) အမှတ် (၂၉ ) တပ်ရင်း၊ ဒေါင်းမင်းအဖွဲ့ တို့နှင့် Golden Target Force(GTF)၊ Brave Heart Army (BHA)၊ Royal Gog People Defence Force တို့ ပါဝင်ကြသည်။
စစ်တပ်က မုံရွာနယ်က ထိုတိုက်ခိုက်မှုအကြောင်း သတင်းမထုတ်ပြန်ပေ။
စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် နာရီအနည်းငယ်အကြာတွင် စစ်ကောင်စီ လက်နက်ကိုင်များ ရောက်ရှိလာကာ ယင်းလမ်းပိုင်းတွင် ကင်းပုန်းဝပ်ကြကြောင်း၊ ချောက်ထဲကျနေသည့်ကား ၁ စီး ဆွဲတင်ယူကာ ထိုညနေမှစ၍ အနီးဝန်းကျင်ကျေးရွာများဘက်ကို လက်နက်ကြီး များ ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ယမန်နေ့က ပြောသည်။
“ကင်းတွေ ထပ်တိုးပြီး ကားကိုလာဆွဲတာရှိတယ်။ အနီးရွာတွေကို ပြဿနာရှာတာမျိုးတော့ မကြားသေး ဘူး။ ဒါပေမယ့် ညနေပိုင်းကနေ မနက်ပိုင်းအထိ လက်နက်ကြီးတွေ ရမ်းသမ်းပစ်နေတယ်။ အထိအခိုက်တွေတော့ မသိရသေးဘူး”ဟု အထက်ပါ ဒေသခံ အသက် ၄၀ အရွယ် အမျိုးသားက ပြောသည်။
စစ်တပ်နှင့် တရုတ်အကျိုးစီးပွား ကြေးနီစီမံကိန်း
စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနှင့် တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း လုပ်ကိုင်နေသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် မုံရွာမြို့တစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ်အတွင်း တည်ရှိသည်။
အာဏာသိမ်းပြီးကာလ အစောပိုင်းများတွင် စက်ရုံ လုပ်ငန်းများ ရပ်တန့်သွားသည်။
တဖြည်းဖြည်း အားကောင်းလာသည့် ဆားလင်းကြီးနယ်နှင့် ယင်းမာပင်နယ်တို့မှ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များက စက်ရုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ကြေးနီသယ်ယာဉ်များကို ကြားဖြတ် တိုက်ခိုက်လာသလို စစ်ကောင်စီကလည်း ထိုစီမံကိန်းအနီးတစ်ဝိုက် ကျေးရွာများကို စစ်ကြောင်းထိုး နယ်မြေရှင်းလေ့ရှိရာ ဆားလင်းကြီး-ယင်းမာပင်နယ်မြေအစပ်မှ ဒေသခံ ထောင်ချီ တိမ်းရှောင်ခဲ့ရသည်။
တရုတ်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သော မုံရွာမြို့အနီး ချင်းတွင်းမြစ်တစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ် အတွင်းရှိ လက်ပံတောင်းတောင်၊ ကြေးစင်တောင်၊ စံပယ်တောင် ကြေးနီတူးဖော်ရေးစီမံကိန်းများကို ရပ်တန့်ရန် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက ၂၀၂၂ ဧပြီလအတွင်း သတိပေးစာ ထုတ်ပြန်ခဲ့သည်။
၂၀၂၃ နှစ်ဆန်းတွင် ထိုစက်ရုံ ပြန်လည် လည်ပတ်ရန် ကြိုးပမ်းလာခဲ့ပြီး စစ်ကောင်စီကလည်း ကြေးနီပြားများ သယ်ယူခြင်း၊ ဝန်ထမ်းအင်အား ဖြည့်တင်းခြင်းတို့အတွက် လုံခြုံရေးယူပေးသလို အနီးတဝိုက်ရွာများကိုလည်း စစ်ကြောင်းထိုးကာ နယ်မြေရှင်းလေ့ရှိသည်။
ယခုနှစ် နှစ်ဆန်း မတ်လတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အနီးဝန်းကျင် ကျေးရွာများ အနီး စစ်သား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးကာ နယ်မြေပြန်စိုးမိုးမှုရယူခဲ့ပြီး နှစ်လယ်မှစ၍ ထိုစီမံကိန်းမှ ထွက်သောကြေးနီများကို စစ်ကောင်စီယာဉ်တန်း အစောင့်အရှောက်များဖြင့် ပြန်လည် သယ်ယူလာကြသည်။
အာဏာသိမ်းပြီးစမှစ၍ စစ်တပ်က စစ်ကြောင်းထိုးမှုများအတွင်း စီမံကိန်းအနီးဝန်းကျင်ရှိ ဒေသခံများ လည်း ဖမ်းဆီးသတ်ဖြတ်ခံရမှုများရှိနေသည်။
အဆိုပါစက်ရုံစတင်လည်ပတ်စဉ်ကတည်းက ဒေသခံများ၏ ကန့်ကွက်မှုများ ရင်ဆိုင်ခဲ့ကြရပြီး စစ်တပ် ကလည်း ထိုစဉ်ကတည်းက ဆန္ဒပြသော သံဃာများကို မီးလောင်ဗုံးများသုံးကာ ဖြိုခွင်းခဲ့သည်။
ကြေးနီစီမံကိန်းကို လုပ်ကိုင်နေသော တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီဝမ်ပေါင် လက်အောက်ခံ Myanmar Wanbo နှင့် Myanmar Yangtse ကုမ္ပဏီတို့သည် အာဏာသိမ်းစစ်ကောင်စီကို အကျိုးအမြတ်ရှိစေသည်ဟု ဆိုကာ ၂၀၂၁ ခုနှစ်တွင် အမေရိကန်က ဒဏ်ခတ်အရေးယူထားသည်။
၎င်းတို့နှင့် အကျိုးတူလုပ်ကိုင်နေသော စစ်တပ်လက်အောက်ခံ ဦးပိုင်ကုမ္ပဏီကိုလည်း အမေရိကန်နှင့် ဗြိတိန်တို့က ပိတ်ဆို့အရေးယူထားသည်။