သတင်း

တရုတ်ကြေးနီစီမံကိန်းအနီး နှိပ်စက်သတ်ဖြတ်ခံရသူ ၅ ဦးအထိ ရှိလာ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီး ကျေးရွာများကို နယ်မြေရှင်းလင်းရေးလုပ်နေသည့် စစ်တပ်က တစ်ပတ်အတွင်း အရပ်သား ၅ ဦးကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ 

တရုတ်အစိုးရနှင့် ပူးတွဲလုပ်ကိုင်နေသည့် ထိုစီမံကိန်းလုပ်ငန်းများကို မေ ၅ ရက် နောက်ဆုံးထား ရပ်တန့်ထားရန် ဒေသခံကာကွယ်ရေးအဖွဲ့ ၁၆ ခုက သတိပေးထုတ်ပြန်ပြီးနောက် စီမံကိန်းအနီး ကျေးရွာများကို ဇွန် ၂၁ မှစ၍ နေ့စဉ် စစ်ကြောင်းထိုးနေသည့် စစ်တပ်က မိုးကြိုးပြင်ရွာမှ ဒေသခံ ၂ ဦး၊ တုံရွာမှ ၂ ဦး၊ ဖောင်းကတာရွာမှ ၁ ဦးကို သတ်ဖြတ်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

ဇွန် ၂၅ တွင် အင်အား ၆၀ နီးပါးရှိ စစ်ကောင်စီတပ်က စီမံကိန်းတောင်ဘက် ၂ မိုင်ခန့်အကွာ ဖောင်းကတာရွာအတွင်း ဝင်ရောက်လာပြီး  ၃၄ နှစ်အရွယ် စိုင်းမြတ်စိုးကို ဖမ်းဆီးခဲ့ကြောင်း၊ နောက်တစ်နေ့တွင် သူ၏ ဒဏ်ရာအများအပြားနှင့် ရုပ်အလောင်းကို ရွာအနောက်ဘက်၌ တွေ့ရှိကြကြောင်း ဒေသခံများက ပြောသည်။

ယင်းနေ့ မှာပင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း အဆိုပါကျေးရွာကာကွယ်ရေးအဖွဲ့၏ ခေါင်းဆောင်က ပြောသည်။ 

“သူက ရွာထဲမှာ ပိုက်ဆံအိတ်နဲ့ ဖုန်း ကျန်ခဲ့လို့ ပြန်ယူတာ။ စစ်ကြောင်းနဲ့ တွေ့ပြီး ဖမ်းခံရတာ။ လက်ကောက်ဝတ်မှာ လှီးထားတာ ပြတ်ခါနီးတစ်ခု တွေ့ရတယ်။ ဝမ်းဗိုက်မှာ ဓားကို ထိုးပြီးတော့ မွှေ့သွားတယ်။ လည်ပင်းမှာလည်း တစ်ချက် လှီးထားတယ်” ဟု ကာကွယ်ရေးခေါင်းဆောင်က ပြောသည်။ 

ဇွန် ၂၃ တွင် စစ်တပ်က တုံရွာမှ အသက် ၃၀ ဝန်းကျင်အရွယ် ကိုပေါက်စနှင့် အသက် ၂၀ ဝန်းကျင်အရွယ် ကိုဇွဲနေသာတို့ကို ဖမ်းဆီးသွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဇွန် ၂၇ တွင် ၎င်းတို့နှစ်ဦး၏ ရုပ်အလောင်းများကို ရွာအနီး တွေ့ရှိခဲ့ရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“စစ်တပ်က အဲဒီနေ့က ဖမ်းသွားပြီး သတ်ပြီး ချုံထဲကို ပစ်ထားတာ။ သစ်ခက်တွေနဲ့ အုပ်ထားခဲ့တာ။ အဲဒါကြောင့် ရုတ်တရက် မမြင်ရတာ။ နှစ်လောင်းထပ်ရက်ပဲ” ဟု ထိုအမျိုးသားက ပြောသည်။

ရာသီဥတု ပူပြင်းချိန် လေးရက်ကြာမှ ပြန်လည်တွေ့ရှိရသည့် ရုပ်အလောင်းများမှာ ပျက်စီးနေကြောင်း၊ ယနေ့ (ဇွန် ၂၈) နံနက်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း အထက်ပါ ဒေသခံက ဆက်ပြောသည်။ 

ဇွန် ၂၁ တွင် ဖမ်းဆီးခံရသည့်  မိုးကြိုးပြင် (မြောက်) ရွာမှ အသက် ၅၀ အရွယ် ဦးတင်စိုး၊ အသက် ၄၀ အရွယ် ဦးပွကြီးတို့ နှစ်ဦးမှာ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ ဖြတ်တောက်ခံရပြီး အသတ်ခံရသည်။ 

ကြေးနီစီမံကိန်းအနီး ရွာများကို ဝင်ရောက်စီးနင်းစဉ် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းတို့ကြောင့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ အချို့မှာ စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် အဆက်အသွယ်ပြတ်တောက်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

ဖောင်းကတာရွာကို စီးနင်းစဉ် အသက် ၃၀ ကျော်အရွယ် ညီအစ်ကိုနှစ်ဦး စစ်ကောင်စီတပ်၏ ဖမ်းဆီးနှိပ်စက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရပြီး ဆေးကုသမှုခံယူနေရကြောင်း ထိုရွာခံများက ပြောသည်။ 

ထိုရွာမှ အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦး နွားစာကျွေးရန် ရွာအတွင်း ပြန်ဝင်စဉ် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာရရှိထားကြောင်း ဖောင်းကတာရွာ ဒေသခံကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်က မျက်မြင်တွေ့ခဲ့ရသူတစ်ဦးကို ကိုးကားပြီး ပြောသည်။

စစ်တပ်က ဖောင်းကတာရွာတွင် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး၏ နေအိမ်ကို မွှေနှောက်ကာ တီဗီ၊ ကွန်ပျူတာ၊ ဆိုင်ကယ်အပါအဝင် ပစ္စည်းများကို ဖျက်ဆီးခဲ့သည်၊ ထို့နောက် ကြေးနီစီမံကိန်းဝင်းအတွင်း ပြန်ဝင်ရောက်သွားပြီး ယနေ့ ဇွန် ၂၈ ရက်နံနက်တွင် ကျေးပင်ထူးရွာဘက်သို့ ဝင်ရောက်စီးနင်းနေသည်ဟု ဒေသခံများထံမှ သိရသည်။ 

“ဒီမနက် ၇ နာရီကျော်လောက်ကတည်း စစ်ကြောင်းထိုးလို့ ပြေးနေရတယ်။ ဝမ်ပေါင်ကထွက်တဲ့ စစ်ကြောင်းပဲ။ တုံ (ရွာ) က အလောင်းနှစ်လောင်းသင်္ဂြိုဟ်တော့ စစ်ကြောင်းလာတယ်ဆိုပြီး မြန်မြန်ပြေးရတာ။ ဖောင်းကတာဘက်ကနေ ထိုးပြီး ကျေးပင်ထူးဘက်ကို စရောက်နေပြီ” ဟု စစ်ရှောင်နေရသည့် လက်ပံတောင်းဒေသခံ အခြားအမျိုးသားတစ်ဦးက ပြောသည်။ 

စစ်တပ်၏ နယ်မြေရှင်းလင်း စစ်ကြောင်းထိုးမှုအတွင်း စီမံကိန်းအနီးမှ မိုးကြိုးပြင်ရွာ၊ တုံရွာ၊ တောကျောင်းရွာတို့တွင် မီးရှို့မှုကြောင့် အိမ်ခြေ ၂၀၀ ထက်မနည်း ပျက်စီးခဲ့ရကြောင်း လက်ပံတောင်းဒေသခံများက ပြောသည်။

ဇွန် ၂၂ နှင့် ၂၃ တို့တွင် ဒေသခံကာကွယ်ရေးအဖွဲ့လေးဖွဲ့က ကြေးနီစီမံကိန်းဝင်းအတွင်းရှိ ရဲကင်းစခန်းများနှင့် လျှပ်စစ်ရုံးတို့ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန် ၂၄ ရက် ညပိုင်းတွင် ညောင်ပင်ကြီးလျှပ်စစ်ရုံးခွဲမှ ဝမ်ပေါင်ကုမ္ပဏီကို ဆက်သွယ်ထားသည့် ဓာတ်အားလိုင်း ပင်မမီးတိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများမှာ ဝန်ထမ်းများအသက်လုံခြုံရေးကို အလေးမထားခြင်းဖြစ်ပြီး စီမံကိန်းပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုလည်း ထိခိုက်စေသည့်အတွက် ရှုတ်ချကြောင်း၊ စီမံကိန်းအနေဖြင့် လတ်တလောပဋိပက္ခဖြစ်စဉ်များတွင် ပါဝင်ပတ်သက်လိုခြင်းမရှိကြောင်း မြန်မာဝမ်ပေါင်သတ္တုတူးဖော်ရေးကုမ္ပဏီက ယမန်နေ့ (ဇွန် ၂၇) ညတွင် ထုတ်ပြန်သည်။

အမိမြေတော်လှန်ရေးတပ်ဖွဲ့တာဝန်ခံက ဝမ်ပေါင်ကုမ္ပဏီအနေဖြင့် စစ်ကောင်စီတပ်ကို စီမံကိန်းဝင်းအတွင်း နေရာပေးခြင်း၊ ရိက္ခာထောက်ပံ့ခြင်းတို့ကို ဆက်မလုပ်ရန် လိုအပ်ကြောင်း တုံ့ပြန်ပြောဆိုသည်။ 

“စီမံကိန်းထဲမှာ မြန်မာ့ဦးပိုင်ကုမ္ပဏီလည်း ပါတယ်။ ဦးပိုင်ရဲ့ဝင်ငွေကလည်း ပြည်သူကိုသတ်မဲ့ ကျည်တစ်တောင့်စာကနေမှ စပြီးတော့ သွားတာပဲလေ။ အဲဒါကြောင့် စက်ရုံမလည်ပတ်ဖို့ လိုတယ်။ ပြီးကျရင် စစ်ကြောင်းတွေ လက်မခံဖို့ လိုတယ်” ဟု အဆိုပါ တာဝန်ခံက Myanmar Now ကို ပြောသည်။

ဝန်ထမ်းများ၏ အသက်ဘေးအန္တရာယ်ကို ငဲ့ကွက်ပြီး သတိပေးရုံ တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့၏ တာဝန်ခံက ပြောသည်။

စီမံကိန်းအနီးကျေးရွာများကို တစ်ပတ်နီးပါး နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးနေသည့်အတွက် မိုးကြိုးပြင်၊ တုံရွာ၊ လယ်တီ၊ ဖောင်းကတာ၊ ဆည်တဲ၊ ဇီးတော စသည့် ကျေးရွာ‌ပေါင်း ၁၅ ရွာမှ ဒေသခံ တစ်သောင်းခန့် နီးစပ်ရာကျေးရွာများဘက်သာမက ချင်းတွင်းမြစ်တစ်ဖက်ကမ်း မုံရွာဘက်အထိ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

လက်ပံတောင်းတောင်ဒေသထိုးစစ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ယခုနှစ် ဇန်နဝါရီလအတွင်းက စစ်ကိုင်းတိုင်းအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည့် တကောင်းနီကယ်စက်ရုံကို သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင် ၃ ခုကို ထီးချိုင့်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းခွဲတိုက်ခိုက်မှုအပြီးတွင် တရုတ်စီးပွားရေးလုပ်ငန်းများနှင့် စီမံကိန်းများကို တိုက်ခိုက်ခြင်းမပြုရန် အမျိုးသားညီညွတ်ရေးအစိုးရကို တရုတ်နိုင်ငံဘက်က ဆွေးနွေးပြောဆိုခဲ့ကြောင်း  သိရသည်။  

မုံရွာမြို့တစ်ဖက်ကမ်းရှိ လက်ပံတောင်းတောင်၊ စံပယ်တောင်နှင့် ကြေးစင်တောင်တို့မှ ကြေးနီတူးဖော်ရေးစီမံကိန်းကို တရုတ်နိုင်ငံမှ ဝမ်ပေါင်ကုမ္ပဏီ၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် အမှတ် ( ၁ ) သတ္တုတွင်းဝန်ကြီးဌာနတို့ အကျိုးတူထုတ်လုပ်နေခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button