
ဇန်နဝါရီလ ၂၀ ရက်နေ့ ကျင်းပခဲ့သော ၄၇ ဦးမြောက် အမေရိကန်ပြည်ထောင်စု သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲက ကမ္ဘာနိုင်ငံအများအပြား စိတ်ဝင်တစား အလေးထား စောင့်ကြည့်ခဲ့ရသော ဖြစ်ရပ် ဖြစ်ခဲ့ပါသည်။
အကြောင်းမှာ သမ္မတဖြစ်လာမည့်သူသည် ၄၅ ဦးမြောက် အမေရိကန်သမ္မတဖြစ်ခဲ့သူ ဒေါ်နယ်လ် ဂျေ ထရမ့် ဖြစ်ပြီး၊ ၎င်း၏ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း အမေရိကန်၏ အစဥ်အလာ နိုင်ငံခြားရေးမူဝါဒများမှ ခွဲထွက်ကျင့်သုံးခဲ့မှုကြောင့် ကမ္ဘာ့ရေးရာတွင် မထင်မှတ်သော အံ့အားသင့်မှုနှင့် ဝိဝါဒကွဲပြားမှုများ ပေါ်ပေါက်ခဲ့ပြီး၊ အထင်ရှားဆုံးမှာ အမေရိကန်သမ္မတအဆက်ဆက် မလုပ်ခဲ့သော မြောက်ကိုရီယား ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့မှု ဖြစ်သည်။
ထို့အတူ ထရမ့်ကြောင့် အမေရိကန်ပြည်တွင်းရေး ကသောင်းကနင်း ဖြစ်ခဲ့ရသည်များလည်း ရှိခဲ့သည်။ အထူး သဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃ ရက်နေ့ သမ္မတရွေးကောက်ပွဲ၌ ပြိုင်ဖက် ဒီမိုကရက်သမ္မတ ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်ခဲ့သော်လည်း၊ မဲလိမ်မှုဖြစ်ပွားသည်ဟု စွပ်စွဲပြီး ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ရန် ကြိုးပမ်းသူအဖြစ် အမေရိကန်သမ္မတများအထဲ သမိုင်းတွင်ခဲ့သည်။
ထိုဖြစ်စဥ်တွင် ရွေးကောက်ပွဲမဲရလဒ်များကို လွှတ်တော်အတည်ပြုမည့် ဇန်နဝါရီ ၆ ရက်နေ့တွင် ထရမ့် ထောက်ခံသူများက လွှတ်တော် အဆောက်အဦးကို အကြမ်းဖက်ဝင်ရောက် စီးနင်းခဲ့သည်။ ရာစုနှစ် နှစ်ခု ကျော် အခိုင်အမာတည်တံ့ခဲ့သော အမေရိကန်ဒီမိုကရေစီစနစ်ကို လှုပ်ခါစေခဲ့သည်။ ဒီမိုကရေစီစနစ်၏ အခြေခံ အုတ်မြစ်ကို ဖြိုလှဲရန်ကြိုးပမ်းသည့် လုပ်ရပ်အဖြစ် ထရမ့်ကို ဆန့်ကျင်သူများက ရှုမြင်ခဲ့ကြသည်။
ဒီမိုကရက်သမ္မတ ဘိုင်ဒင်သည် ဇန်နဝါရီ ၆ ရက်နေ့ လွှတ်တော်အကြမ်းဖက်စီးနင်းမှုကို စုံစမ်းစစ်ဆေးပြီး၊ လူပေါင်း ၁၆၀၀ ကျော်ကို အရေးယူခဲ့သည်။ ထရန့်သည် သမ္မတ တစ်ဦးအနေဖြင့် ထိုဖြစ်ရပ်ကို ကာကွယ်တားဆီးရန် တာဝန်ရှိသည်ဟုလည်းကောင်း၊ ၎င်းအား ထောက်ခံသူများကို အားပေး အားမြှောက်ပြုခဲ့သည်ဟုလည်းကောင်း ထရမ့်ကိုဆန့်ကျင်သူများက ယုံကြည်ခဲ့ကြသည်။ အမေရိကန်နိုင်ငံရေး တွင် မည်သည့်ကာလကမျှ မရှိခဲ့ဖူးသော ကွဲပြားမှုများနှင့် တင်းမာမှုများကို တွေ့မြင်ခဲ့ရသည်။
ထိုစဥ်က ထရမ့် အိမ်ဖြူတော်သို့ တစ်ကြော့ပြန် ရောက်ရှိလာလိမ့်မည်ဟု ဝါရှင်တန်နိုင်ငံရေး အသိုင်းအဝိုင်း အကြား စဥ်းစားမိကြလိမ့်မည် မဟုတ်ပါ။ သို့သော် ထရမ့်သည် ပထမသက်တမ်းထက်ပင် အမေရိကန်ပြည်သူများ၏ ထောက်ခံမှုကို ပိုမိုရရှိခဲ့ပြီး၊ ဒုတိယအကြိမ် သမ္မတတာဝန်ထမ်းဆောင်ရန် အိမ်ဖြူတော်သို့ ခြေချခွင့် ရရှိခဲ့ပြီ ဖြစ်သည်။
ကျမ်းသစ္စာကျိန်ဆိုပြီးချင်းချင်း သမ္မတတာဝန်ကို ပထမဆုံးနေ့ ထမ်းဆောင်သည်နှင့် ထရမ့်သည် ဇန်နဝါရီ ၆ ရက်နေ့ လွှတ်တော်စီးနင်းမှုဖြင့် အရေးယူခံထားရသော ၎င်းအားထောက်ခံသူ လူပေါင်း ၁၆၀၀ ထဲမှ ရာဇဝတ်မှု ပြစ်ဒဏ်ကျခံနေရသူ အနည်းငယ်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပြီး၊ ကျန်လူ အားလုံးနီးပါးကို လွတ်ငြိမ်းခွင့်အမိန့် ထုတ်ပြန်၍ ချက်ချင်းလွှတ်ရန် တရားရေးဌာနနှင့် အကျဥ်းထောင်တို့ကို ညွှန်ကြားခဲ့သည်။
ကမ္ဘာကြီးက ရည်ညွန်းကိုးကားစံပြုကြလေ့ရှိသော အမေရိကန်ဒီမိုကရေစီစနစ်၏ ဒီမိုကရက်နှင့် ရီပါပလစ်ကင် ပါတီကြီးနှစ်ရပ်အကြား ဥပဒေဘောင်အတွင်း အားပြိုင်မှုများကို ဥပဒေရေးရာစစ်ပွဲ (Lawfare) အဖြစ် တင်စား သုံးနှုန်းလာကြသည်။
ပြည်တွင်းနိုင်ငံရေး သဘောကွဲလွဲမှုများကို လက်နက်ကိုင်စစ်ပွဲ (Warfare) များဖြင့် ဖြေရှင်းကြရင်း ပြည်တွင်း စစ်နွံထဲမှရုန်းမထွက်နိုင်သော နိုင်ငံအများအပြားရှိနေသည့် ယနေ့ကမ္ဘာကြီးတွင် အမေရိကန်ဒီမိုကရေစီကို “ခံနိုင်ရည်ရှိသော ဒီမိုကရေစီ” (Enduring Democracy) ဟု တင်စားခေါ်ဝေါ်လာကြသည်။
သမ္မတထရမ့်နှင့် မြန်မာနိုင်ငံရေး အဆက်အစပ်
ထရမ့်၏ ပထမအကြိမ် ၄၅ ဦးမြောက် အမေရိကန်သမ္မတသက်တမ်းသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့အထိ ဖြစ်ပြီး၊ ထိုကာလ မြန်မာသည် ရာစုနှစ်တစ်ဝက်ကျော် စစ်အာဏာရှင် အဆက်ဆက်ကြီးစိုးမှုကို အဆုံးသတ်နိုင်ခဲ့ပြီး၊ ပထမဆုံး ရွေးကောက်ခံ အရပ်သားသမ္မတ အုပ်ချုပ်နေသော အရှေ့တောင်အာရှ၏ အသွင်ကူးပြောင်းစ ဒီမိုကရေစီနိုင်ငံငယ်အဖြစ် အလားအလာကောင်းသော အနာဂတ် တစ်ခုကို ပိုင်ဆိုင်ထားခဲ့သည်။
ထိုကာလ မြန်မာ-အမေရိကန်ဆက်ဆံရေးကို ပြန်ပြောင်းဆန်းစစ်ကြည့်လျှင် ထရမ့်မတိုင်မီ သမ္မတ ဘားရက်ခ် အိုဘားမားသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေး ရှိခဲ့ပြီး၊ ခေါင်းဆောင်နှစ်ဦးအကြား အပြန်အလှန်လည်ပတ်မှုများရှိခဲ့သည်။
သက်တမ်းကုန်ခါနီး လပိုင်းအလို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် သမ္မတအိုဘားမားသည် နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာ အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို အိမ်ဖြူတော်တွင် တရားဝင်တွေ့ဆုံဆွေးနွေး ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုကြောင့် ကျန်ရှိနေသော မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့အရေးယူဒဏ်ခတ်ထားမှုများ ရုတ်သိမ်း ပေးခဲ့သည်။
ထိုခရီးစဥ်သည် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရခေါင်းဆောင်တစ်ဦးအနေဖြင့် အမေရိကန်သမ္မတတစ်ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့သော ပထမဆုံးနှင့် နောက်ဆုံးခရီးစဥ် ဖြစ်ခဲ့ပြီး၊ သမ္မတထရမ့် လက်ထက်တွင် မြန်မာ-အမေရိကန်ဆက်ဆံရေးသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ရိုဟင်ဂျာအရေးကြောင့် အေးစက်သွားခဲ့သည်။
၂၀၁၉ ခုနှစ် ဇွန်လိုင်လ ၁၆ ရက်နေ့တွင် ထရမ့်အစိုးရ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo သည် ရိုဟင်ဂျာ အရေးတွင် တာဝန်ရှိသော ထိပ်တန်းစစ်ခေါင်းဆောင်များဖြစ်သည့် မင်းအောင်လှိုင်၊ စိုးဝင်းနှင့် အခြား စစ်ဗိုလ် ချုပ်နှစ်ဦး၊ ၎င်းတို့၏မိသားစုဝင်များကို အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့် ပိတ်ပင်သော အရေးယူမှုကို ပြုလုပ်ခဲ့ သည်။ ယင်းသည် သမ္မတအိုဘားမားလက်ထက် ပြန်လည်ကောင်းမွန်ခဲ့သော မြန်မာ-အမေရိကန်ဆက်ဆံရေး အဆုံးသတ်ခဲ့သည့် လက္ခဏာပင် ဖြစ်သည်။
ထရမ့်အဆင်း၊ မင်းအောင်လှိုင်အတက်
၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်သမ္မတ ရွေးကောက်ပွဲနှင့် မိုင်ထောင်ချီကွာဝေးသော အရှေ့တောင်အာရှဒေသရှိ မြန်မာနိုင်ငံ ရွေးကောက်ပွဲက ၅ ရက်သာ ကွာခြားခဲ့သည်။ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အကြီးအကျယ်ရှုံးနိမ့်ခဲ့သော၊ စစ်တပ်ဖွဲ့စည်းထူထောင်ထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မဲလိမ်မဲခိုးသည်ဟု စွပ်စွဲကာ ရွေးကောက်ပွဲရလဒ်ကို လက်မခံ ငြင်းဆန်ပြီး၊ စစ်တပ်အကြီးအကဲ မင်းအောင်လှိုင်ကို အာဏာသိမ်းရန် တိုက်တွန်းခဲ့သည်။
အသွင်ကူးပြောင်းစ ဒီမိုကရေစီအခြေမခိုင်သေးသော မြန်မာနိုင်ငံမှ ဖြစ်ရပ်သည် ကမ္ဘာ့ဒီမိုကရေစီ ဦးဆောင် နိုင်ငံကြီးဖြစ်သော အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲ အငြင်းပွားမှုနှင့် အချိန်ကာလတစ်ခုတည်း ဆင်တူ ဖြစ်ပွားခဲ့သည်။
ရွေးကောက်ပွဲအငြင်းပွားမှုများကို ဖြေရှင်းရမည့် အခွင့်အာဏာသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲခုံရုံးသို့ အပြည့်အဝအပ်နှင်းထားပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသာ ဖြေရှင်းရမည် ဖြစ်သော်လည်း၊ ကော်မရှင်၏ဖြေရှင်းမှုကို မကျေနပ်နိုင်သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဥပဒေ ချိုးဖောက်၍ လက်နက်အားကိုးဖြင့် အာဏာသိမ်းပြီး ဖြေရှင်းခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီး အသွင်ကူးပြောင်းစ ဒီမိုကရေစီ စနစ် ပြိုလဲချုပ်ငြိမ်းသွားစဉ် အမေရိကန်တွင်လည်း ထရမ့် သမ္မတရာထူးမှ ဆင်းသွားခဲ့ပြီး၊ ဒီမိုကရက်သမ္မတ ဂျိုးဘိုင်ဒင် အိမ်ဖြူတော်သို့ ရောက်ရှိလာသည်မှာ ရက်ပိုင်းမျှသာရှိသေးချိန် ဖြစ်သည်။ ထိုကြောင့် ၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာ နိုင်ငံ၌ စစ်အာဏာသိမ်းမှုနှင့်အတူ ယနေ့အချိန်ထိ ဖြစ်ပျက်ခဲ့မှုများကို သမ္မတထရမ့် မည်မျှသိရှိထားသနည်း ဆိုသည်မှာ မသေချာပါ။
သို့သော် လွန်ခဲ့သော ၄နှစ်လုံးလုံး မြန်မာနိုင်ငံ၏ ဖြစ်ရပ်များက လွန်စွာကြီးကျယ်လှသည်။ အရပ်သားစစ်စစ် သမ္မတဦးဆောင်သော ရွေးကောက်ခံအစိုးရ ၅နှစ်သက်တမ်းအတွင်း တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီ၏ လွတ်လပ် မှု အရသာကို ခံစားခဲ့ရသော မြန်မာပြည်သူများသည် စစ်အာဏာသိမ်းမှု၏ ဆိုးကျိုးကို ရှင်းရှင်းလင်းလင်း သိမြင်ပြီး၊ ဒီမိုကရေစီကို ပြတ်ပြတ်သားသား ကာကွယ်ရန် မနားမနေ ကြိုးပမ်းခဲ့ကြသည်။
စစ်တပ်ကို ငြိမ်းချမ်းစွာဆန္ဒပြကြည့်သော်လည်း မရသည့်အဆုံး စစ်ဗိုလ်ချုပ်များနားလည်သော နည်းလမ်းဖြင့် တုံ့ပြန် မှရမည်ဟု သဘောပေါက်ခဲ့ကြပြီးနောက် မြန်မာပြည်သူများ၏ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့ သည်။ မြန်မာပြည်သူတို့သည် ဒီမိုကရေစီစနစ်ကို ယုံကြည်ခြင်း၊ ထိုစနစ်ကသာလျှင် လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားခြင်းကြောင့်၊ ကမ္ဘာကြီးက ဒီမိုကရေစီကို ကာကွယ်သော တော်လှန်ရေးအဖြစ် စာနာရှုမြင်ခဲ့ကြသည်။
ဤသို့ဖြင့် နိုင်ငံအနှံ့ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရာ အမေရိကန်သမ္မတရွေးကောက်ပွဲ တစ်ကြော့ပြန် ရောက်လာသည်အထိ ၄နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သော ၄နှစ်ကို ပြန်ပြောင်းကြည့်လျှင် ထရမ့် သမ္မတ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပြီးနောက် သမ္မတရာထူးကို လွှဲပြောင်းရယူပြီး ရက်ပိုင်းမျှသာရှိသေးသော ဘိုင်ဒင်သည် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို ချက်ချင်း ကြုံတွေ့ခဲ့ရပြီး၊ ဘိုင်ဒင်၏ နိုင်ငံခြားရေးမူဝါဒကို ပထမဆုံး စမ်းသပ်သော ဖြစ်ရပ် ဖြစ်ခဲ့သည်။
ဘိုင်ဒင်သည် ၎င်း၏အစိုးရ သက်တမ်း ၄နှစ်အတွင်း စစ်အာဏာသိမ်းခေါင်းဆောင်များ၊ ၎င်းတို့၏မိသားစုဝင် များ၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများ၊ စစ်ခေါင်းဆောင်များနှင့်ပူးပေါင်း အကျိုးစီးပွားရှာနေကြသော ခရိုနီ စီးပွားရေးလုပ်ငန်းရှင်များ၊ ၎င်းတို့၏လုပ်ငန်းများကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူပိတ်ဆို့မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။ ထိုလုပ်ရပ်သည် ယခင်အာဏာရှင်ဟောင်း သန်းရွှေ ဦးဆောင်သော စစ်အစိုးရကို လုပ်ခဲ့ဖူးသော နည်းလမ်းဟောင်းများသာ ဖြစ်သည်။
ဘိုင်ဒင်လက်ထက်တွင် Burma Act ကို အမေရိကန်လွှတ်တော် နှစ်ရပ်ပေါင်း ထောက်ခံမှုဖြင့် ပြဋ္ဌာန်းနိုင်ခဲ့ပြီး၊ မြန်မာပြည်သူများ၏ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေမှုကို အသိအမှတ်ပြု ထောက်ခံအားပေးခဲ့သည်။ မြန်မာ့ ဒီမိုကရေစီအရေးကို အမေရိကန်ပါတီကြီးနှစ်ရပ်လုံးက ထောက်ခံအားပေးသော အစဥ်အလာကို ဘိုင်ဒင် လက်ထက်တွင်လည်း တွေ့မြင်ခဲ့ရသည်။
သို့သော် လက်တွေ့ အကောင်အထည်ဖော်မှုအပိုင်း မရှိခဲ့၊ သမ္မတဘိုင်ဒင်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒတွင် မြန်မာ့ အရေးသည် ဦးစားပေးစာရင်းထဲ မပါဝင်ခဲ့ပေ။ ကမ္ဘာ့လုံခြုံရေးအတွက် ပို၍အရေးကြီးသော ယူကရိန်း-ရုရှား စစ်ပွဲနှင့် အစ္စရေး-ဟားမက်စ် စစ်ပွဲများတွင်သာ အမေရိကန်အစိုးရက ထိထိရောက်ရောက် အကူအညီပေးခဲ့ သည်ကို လေ့လာတွေ့ရှိရသည်။
Burma Act တွင် လွှတ်တော်က အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ဘိုင်ဒင် အပြည့်အဝ ကျင့်သုံးခြင်းမရှိဘဲ၊ ရှောင်ရှားခဲ့သည်။ သိသာထင်ရှားမှု အရှိဆုံးအချက်မှာ ဥပဒေက မြန်မာပြည်သူများကို အကူအညီပေးရန် ပြဋ္ဌာန်း ထားသော “လူကိုသေစေနိုင်ခြင်းမရှိသော အထောက်အပံ့” (Nonlethal Assistance) ကို ဘိုင်ဒင်အစိုးရက ကျဥ်းမြှောင်းစွာအဓိပ္ပာယ်ဖွင့်ဆိုခဲ့ခြင်းပင်၊ ဆီးနိတ် ရီပါပလစ်ကန် ခေါင်းဆောင် Mitch McConnell အပါအဝင် လွှတ်တော်အမတ် ၅ဦးက ထိရောက်သော ထောက်ပံ့ခြင်းမရှိဟု ဆိုကာ အိပ်ဖွင့်ပေးစာ ရေးသား ဝေဖန်ခဲ့ဖူးသည်။
ထရမ့်အစိုးရ၏ မြန်မာ့အရေး ကိုင်တွယ်ပုံ ကွဲပြားနိုင်ချေ
ရီပါပလစ်ကန်သမ္မတ ထရမ့်က နိုင်ငံခြားရေးခြားရေးဝန်ကြီးအဖြစ် ဆီးနိတ် ရီပါပလစ်ကန်လွှတ်တော်အမတ် Marco Rubio ကို ခန့်အပ်လိုက်ပြီး၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ကြီးအဖြစ် အောက်လွှတ်တော် ရီပါပလစ်ကန်အမတ် Elise Stefanik ကို ခန့်အပ်ခဲ့သည်။
ထိုရာထူးများသည် အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒကို ပဲ့ကိုင်မောင်းနှင်မည့် ရှေ့တန်းအကျဆုံး၊ အရေး အကြီးဆုံး ရာထူးများဖြစ်ပြီး၊ ၎င်းတို့နှစ်ဦးသည် သမ္မတထရမ့်ခန့်အပ်ထားသော အစိုးရအဖွဲ့ဝင်များအနက် သက်ဆိုင်ရာ ဆီးနိတ်လွှတ်တော် ကော်မတီ၏ အစောဆုံးအတည်ပြုမှု ရရှိခဲ့ကြသူများ ဖြစ်သည်။
ထရမ့်၏ နိုင်ငံခြားရေးမူဝါဒက ရိုးရှင်းလှပြီး၊ မူဝါဒတိုင်းကို တိုင်းတာမည့် ပင်မ စံနှုန်းမှာ “အမေရိက ပထမ” (America First) ဖြစ်ပြီး၊ ထိုစံနှုန်းနှင့်အညီ အမေရိကန်နိုင်ငံနှင့် နိုင်ငံသားများကို ပို၍လုံခြုံသော (Safer)၊ ပို၍ သန်စွမ်းသော (Stronger) နှင့် ပို၍ ကြွယ်ဝသော (More prosperous) အခြေခံပေါ်တွင် တည်ထားသည်။
၁၉၉၂ ခုနှစ် ၄၂ ဦးမြောက် အမေရိကန်သမ္မတ ဘီလ်ကလင်တန် လက်ထက်မှ ၂၀၂၄ ခုနှစ် ၄၆ ဦးမြောက် သမ္မတဘိုင်ဒင်လက်ထက်အထိ မြန်မာအရေးသည် အမေရိကန်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ခဲ့ကြပြီး၊ သမ္မတအမိန့်များဖြင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။
သို့သော် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှ တစ်ကြော့ပြန် အာဏာသိမ်းမှုသည် ယခင်ကာလနှင့်မတူ စစ်တပ်၏ လက်နက်မဲ့ပြည်သူများအပေါ် အလွန်ပြင်းထန်ရက်စက်မှုများကို တွေ့မြင်နေရသော်လည်း၊ သမ္မတဘိုင်ဒင် အစိုးရ၏ မြန်မာအရေးကိုင်တွယ်ပုံမှာ ထိရောက်မှု မရှိခဲ့ဟု ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်မှုများရှိခဲ့သည်။
ယခုတစ်ကြိမ် သမ္မတထရမ့်၏ “အမေရိကား ပထမ” မူဝါဒအောက်တွင် မြန်မာ့အရေး မည်သို့ မူဝါဒပြောင်းလဲ ကိုင်တွယ်မည်နည်း ဆိုသည်ကို လတ်တလော ရှင်းရှင်းလင်းလင်း မသိရှိရသေးပါ။ သို့သော် ထရမ့်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသူ Marco Rubio သည် ဆီးနိတ်လွှတ်တော်အမတ်ဘဝ ကတည်းက မြန်မာ့အရေးနှင့် စိမ်းသူမဟုတ်ပါ။
Marco Rubio သည် သမ္မတအိုဘာမားလက်ထက်တွင် မြန်မာ့နိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြင်းပြင်းထန်ထန်ကိုင်တွယ်ဖြေရှင်းရန် အခြားသော လွှတ်တော်အမတ်များနှင့်အတူ စာရေးသား တောင်းဆိုခဲ့ ဖူးသလို၊ ၂၀၁၃ ခုနှစ်တွင် မြန်မာအရေး ဥပဒေကြမ်းတစ်ခုကို ပူးတွဲအဆိုပြုမှုတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။ ထို့အပြင် ၂၀၂၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော Burma Act တွင်လည်း တတ်ကြွစွာပါဝင်ခဲ့သူ ဖြစ်သည်။
ထရမ့်အစိုးရအဖွဲ့တွင် အရေးကြီးသော အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဖြစ်လာသူ Elise Stefanik သည် မြန်မာ့အရေးနှင့် နီးစပ်သူဟု မကြားဖူးပါ။ သို့သော် ၎င်း၏ ရာထူးကို အတည်ပြုမည့် ဆီးနိတ် ကြားနာပွဲအတွင်း လွှတ်တော်အမတ်များက ကမ္ဘာ့တစ်ဝှမ်း ပဋိပက္ခများနှင့်ပတ်သက်၍ သဘောထားများကို မေးမြန်းရာတွင် Stefanik သည် ထရမ့်အစိုးရတွင် မြန်မာအရေး ပထမဆုံး ထုတ်ဖော်ပြောဆိုသူ ဖြစ်လာသည်။
လွှတ်တော်ကြားနာပွဲအတွင်း ယူကရိန်း-ရုရှားအရေးနှင့် အစ္စရေး-ဟားမက်စ် အရေးတို့က ထိပ်ဆုံးကဖြစ်ခဲ့ပြီး၊ ၎င်းတို့၏ နောက်တွင် ဆူဒန်၊ လက်ဘနွန်၊ ဆီးရီးယား၊ အီရန်၊ ဟေတီ၊ ပစိဖိတ် ကျွန်းနိုင်ငံများနှင့် နောက်ဆုံး မြန်မာ့အရေးလည်း ပါဝင်ခဲ့သည်။
Stefanik က “လူအခွင့်အရေးနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရ ရပ်တည်ဆောင်ရွက်မည့်အထဲ မြန်မာနိုင်ငံမှ ပြည်တွင်းစစ်သည် ထိပ်တန်းဦးစားပေးထားရှိရန် လိုအပ်ပါသည်” ဟု ဖြေဆိုခဲ့သည်။ သို့ဆိုလျှင် ဘိုင်ဒင်အစိုးရ လက်ထက် ထိရောက်စွာ ကိုင်တွယ်နိုင်ခဲ့ခြင်း မရှိခဲ့သော မြန်မာ့အရေးကို သံအမတ်ကြီးပြောသလို ထိပ်တန်း ဦးစားပေးအဖြစ် အမှန်တကယ်ဆောင်ရွက်မည်ဆိုလျှင် ထရမ့်အစိုးရတွင် အခွင့်အလမ်းကောင်းများရှိနေသည်။
ပထမဆုံးအခွင့်အလမ်းမှာ ရီပါပလစ်ကန်ပါတီသည် သမ္မတရွေးကောက်ပွဲတွင် ၎င်းတို့၏ သမ္မတလောင်း ထရမ့် အနိုင်ရရှိရုံမျှမက၊ သမ္မတရွေးကောက်ပွဲနှင့်အပြိုင် ကျင်းပခဲ့သော လွှတ်တော်ရွေးကောက်ပွဲများတွင်လည်း အနိုင်ရခဲ့ပြီး၊ ယခုအခါ လွှတ်တော်နှစ်ရပ်စလုံးတွင် ရီပါပလစ်ကန်ပါတီက အများစုကြီးစိုးထားပြီ ဖြစ်သည်။ ထို့ကြောင့် လွှတ်တော်တွင် ဥပဒေပြဋ္ဌာန်းမှုများကို ပို၍ လွယ်ကူမြန်ဆန် စေနိုင်ပြီး၊ အစိုးရကို ကောင်းစွာပံ့ပိုးနိုင်သော အခြေအနေတွင် ရှိနေပါသည်။
ဒုတိယအခွင့်အလမ်းမှာ ၂၀၂၄ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် အောက်လွှတ်တော်၌ မစ်ရှီဂန်ပြည်နယ် ရီပါပလစ်ကန် လွှတ်တော်အမတ် Bill Huizenga ဦးဆောင်တင်သွင်းခဲ့ပြီး၊ ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ခြင်းမရှိသေးသော BRAVE Burma Act ကို အမြန်ဆုံး အတည်ပြုပြဋ္ဌာန်းနိုင်မည်ဆိုလျှင် Burma Act ထက် ပို၍ ထိရောက်သော ဆောင်ရွက်ချက်များအတွက် ထရမ့်အစိုးရကို လွှတ်တော်က အာဏာအပ်နှင်းနိုင်သော အခွင့်အရေး အဆင်သင့် ရှိနေပါသည်။
ထို့ကြောင့် မြန်မာ့အရေးကို ထိရောက်အောင် လုပ်ဆောင်မည့် နိုင်ငံရေးစိတ်ဆန္ဒ ထရမ့်အစိုးရတွင် ရှိမည်ဆိုပါ က ရီပါဘလစ်ကန်ကြီးစိုးသော လွှတ်တော်နှင့် အစိုးရ နှစ်ဖက်စလုံးတွင် အခွင့်အလမ်းကောင်းများ ရှိနေပါ ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။