သတင်း

စစ်ကိုင်းတိုင်းကို လေတပ်က နေ့စဉ် ဗုံးကြဲ၊ သေဆုံးသူများတွင် ကလေးများ ပါဝင်

မြေပြင် ထိုးစစ်ဆင်နိုင်ခြင်းမရှိသည့် စစ်ကောင်စီက လက်လွှတ်လိုက်ရသည့် ဒေသများကို တိုက်ခိုက်ရာတွင် လေတပ်ကို ပိုသုံးလာရာ စစ်ကိုင်းတိုင်းသည် နေ့စဉ် ဗုံးကြဲခံရသည့်ဒေသ ဖြစ်နေသည်။

စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစု နယ်မြေစိုးမိုးမှုအားကောင်းသည့် နေရာများကို ဇန်နဝါရီလ ဒုတိယပတ်မှစတင်ကာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်လာရာ ကလေးငယ်များ အပါအဝင် ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

တော်လှန်ရေးအင်အားစုများ လနှင့်ချီ ထိန်းချုပ်ထားသည့် ခမ်းပါတ်နှင့် မော်လူးမြို့တို့ကို ဇန်နဝါရီ ၁၆ ရက်နေ့ ညပိုင်းက လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ပြီး နောက်ရက်များတွင် ကလေးမြို့နယ်နှင့် ထီးချိုင့်မြို့ များကိုပါ ဆက်လက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ထီးချိုင့်မြို့မှ ၁၁ မိုင်ခန့်အကွာ၊ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း တုံလုံရွာကို ယမန်နေ့ (ဇန်နဝါရီ ၂၀) နံနက် ၂ နာရီ ဝန်းကျင်တွင် ဗုံးကြဲရာ အသက် ၁၀ နှစ်အရွယ် ယောင်္ကျားလေး ၁ ဦးသေဆုံးပြီး အသက် ၁၁ နှစ် အရွယ် မိန်းကလေး ၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

လေတပ် တိုက်ခိုက်မှုကြောင့် ကလေးများ သေဆုံးသည် ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ တုံ့ပြန်ချက်ကို ရယူ ဖော်ပြနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီက လေတပ် တိုက်ခိုက်မှုများအကြောင်း သတင်းအမှောင်ချထားသည်။

ထီးချိုင့်မြို့ မြို့ပေါ်ရပ်ကွက်များကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး တော်လှန်ရေးအင်အားစုများက  ကျေးရွာအများစုကို  စိုးမိုးထားကြောင်း၊  မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေတပ်က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ရှောင်အရေးကူညီသူ ဒေသခံတစ်ဦးက ပြောသည်။

-တုံလုံရွာမှ ပျက်စီးသွားသည့်နေအိမ်အတွင်းပိုင်း မြင်ကွင်း။ (ဓာတ်ပုံ- ပေးပို့)

ထို့ပြင် ကလေးမြို့နယ်တောင်ဘက်နှင့် မြောက်ဘက်ရှိကျေးရွာများကိုလည်း ဒရုန်းချတိုက်ခိုက်သည်ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုက ပြောသည်။

ဇန်နဝါရီ ၁၉ ရက်နေ့ နံနက်ကလည်း ကလေးမြို့မြောက်ဘက် ကလေး – တမူး လမ်းပေါ်ရှိ ရန်မျိုးအောင် နှင့် စော်ဘွားရွာတို့ကို လေကြောင်းမှ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုနှင့် နီးစပ်သည့် ဒေသခံ နောက်တစ်ဦးက ပြောသည်။

ဇန်နဝါရီ ၁၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ကလေးမြို့တောင်ဘက်ရှိ ကျေးရွာတစ်ရွာကို  လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့ရာ အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦးသေဆုံးပြီး ၄ ဦး

ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကလေး မြို့နယ် စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။ 

“စစ်ကောင်စီနဲ့ အနီးဆုံးမှာဆိုတော့ ရွာထဲမှာ နေထိုင်တာ သိပ်မရှိဘူး။ လက်နက်ကြီးပစ်ပြီးရင် ဒရုန်းနဲ့ တခါတည်းချတာ။ တချို့ကြတော့ အိမ်တွေပေါ်၊ အိမ်ဝန်းထဲ တွေကျတယ်။ တချို့ကြတော့လည်း အပင်အောက်တွေထိုင်နေတော့ ထိခိုက်တာ များသွားတာ”ဟု ၎င်းကဆိုသည်။

၎င်းက ရွာအမည်ကို ထုတ်ဖော်ပြောလိုခြင်း မရှိပေ။ 

ထိုမတိုင်မီက အိန္ဒိယ – မြန်မာ ချစ်ကြည်ရေးလမ်းမပေါ်ရှိ တော်လှန်ရေးအင်အားစုများ လနှင့်ချီ ထိန်းချုပ်ထားသည့် ခမ်းပါတ်မြို့နှင့် မော်လူးမြို့တို့ကို ဇန်နဝါရီ ၁၆ ရက်နေ့ ညပိုင်းတွင် လေတပ်က တိုက်ခိုက်ခဲ့သေးသည်။

ထိုတိုက်ခိုက်မှုကြောင့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် ၁ ဦးနှင့် အသက် ၃ နှစ်အရွယ် မိန်း ကလေးငယ် ၁ ဦး သေဆုံးခဲ့သည်။  ထို့ပြင် ကပ်လျက်ရှိ ကနန်ရွာ ဘုန်းကြီးကျောင်းကိုလည်း  တိုက်ခိုက်ခဲ့ရာ

အဆောက်အဦ ၄ လုံး ထိခိုက်ပျက်စီးခဲ့သည်။ 

ထို့နေ့ညပိုင်းတွင် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်ရှိ မော်လူမြို့ စည်ပင်သာယာရုံးဝန်းကျင်ကို လေတပ်က ဆက်တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

ခမ်းပတ်မြို့ကို ၂၀၂၃ နိုဝင်ဘာတွင် တော်လှန်ရေးအင်အားစုက သိမ်းပိုက်လိုက်ပြီးနောက် ဒီဇင်ဘာတွင် မော်လူးမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

တော်လှန်ရေးအင်အားစု နယ်မြေစိုးမိုးမှုအားကောင်းရာ နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် အမျိုးသား ညီညွတ်ရေးအစိုးရက မြေပြင်အခြေစိုက်ရုံးဖွင့်ပြီး အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်တော့မည်ဟု ထုတ်ပြောထားသည်။

စစ်တပ်အာဏာသိမ်းအပြီးလေးနှစ်အကြာ မြို့ရွာပေါင်း ဆယ်နှင့်ချီလက်လွှတ်ထားရသည့်၊ မြေပြင် စစ် ကြောင်း ထိုးစစ်ဆင်နိုင်ခြင်းမရှိသည့် စစ်တပ်က နိုင်ငံအနှံ့အပြားတွင် လေကြောင်း တိုက်ခိုက်မှုကို ပိုမို အားပြုလာသည်။ 

တော်လှန်ရေးအင်အားစုမှာ စိုးမိုးနယ်မြေ ပိုမိုကျယ်ပြန့်လာသည့်တိုင် လေကြောင်းတိုက်ခိုက်မှုကို ဟန့်တားနိုင်ခြင်း မရှိသေးပေ။

Show More

Related Articles

Back to top button