“ NCA ကို မျက်ကွယ်ပြုတဲ့ ထင်ရာစိုင်း ဆောင်ရွက်ချက်များပဲ ဖြစ်ပါတယ်ဆိုတာကို PPST ကိုယ်စားပြောကြားလိုပါတယ်” ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အဖွဲ့ခေါင်းဆောင်လည်း ဖြစ်သူ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။
ယနေ့ကျင်းပပြီစီးခဲ့သည့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်ဆယ်ဖွဲ့ ခေါင်းဆောင်များ၏ PPST အစည်းအဝေးအပြီးတွင် ဗိုလ်ချုပ်ကြီးယွက်စစ်က စစ်ကောင်စီက ပြည်သူလူထုအား ရက်စက်စွာ ပစ်ခတ်တိုက်ခိုက်ဖြိုခွင်းမှုကို ရည်ညွှန်း၍ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
“အထွေထွေသပိတ်များနဲ့အာဏာဖီဆန်ရေး ပြည်သူလှုပ်ရှားမှုများတွင်ငြိမ်းချမ်းစွာပါဝင်ဆင်နွှဲကြတဲ့ ပြည်သူလူထုများနဲ့ တိုင်းပြည်ဝန်ထမ်းများအား အကြမ်းဖက်နှိမ်နင်းဖြိုခွင်းတိုက်ခိုက်ပစ်သတ်ခဲ့လို့ ပြည်သူအများအပြားသေဆုံးရခြင်း၊ လူထုအရေးတော်ပုံတွင် ပါဝင်ကြတဲ့ ပြည်သူများအား ပုဒ်မအမျိုးမျိုးတပ်၍ မတရားဖမ်းဆီးခြင်း၊ ဘုန်းတော်ကြီးကျောင်း ၊ ဆေးရုံ၊ စာသင်ကျောင်း၊ တက္ကသိုလ်ဝင်းများ၊ အများပြည်သူပိုင်နေရာတို့တွင် စစ်တပ်စေလွှတ်၍ တပ်စွဲနေရာယူစေ၍ ပြည်သူလူထုတို့အား ပစ်ခတ်နှိမ်နင်းစေခြင်း၊ပြည်သူလူထုအတွက် အကျိုးမပြုသော စစ်ကောင်စီအလိုကျ ဥပဒေများအား ထပ်ကာထပ်ကာ ထုတ်ပြန်ခြင်း စသည်တို့ဟာ NCA စာချုပ်ကို ပြောင်ပြောင်တင်းတင်း အတိအလင်း ချိုးဖောက်တဲ့ စစ်ကောင်စီ၏ ကမ္ဘာသိလုပ်ရပ်ဆိုးများပဲဖြစ်ပါတယ်” ဟု ၄င်းက ဆက်ပြောသည်။
မတ်လ ၁၁ရက်မှစ၍ နှစ်ရက်ကြာပြုလုပ်ခဲ့သည့် PPST အစည်းအဝေးတွင် လက်ရှိ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေး အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အပါအဝင် သက်ဆိုင်ရာ Stakeholders အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းပြီး ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း လည်း RCSS ဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် လက်ရှိနိုင်ငံရေးအကျပ်အတည်းနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် ပူးပေါင်းဖြေရှင်းသွားနိုင်ရေးအတွက် အပစ်ရပ်ဆယ်ဖွဲ့ ကိုယ်စားပြုသည့် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ(FRC) ၏ လုပ်ငန်းတာဝန်များကို အတည်ပြုပေးခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်၏ အစည်းအဝေးအပြီး မိန့်ခွန်းတွင် ပါရှိသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲများ နှင့် CDM အာဏာဖီဆန်ရေးလှုပ်ရှားမှု၊ ပြည်သူ့လှုပ်ရှားမှုများကို စစ်ကောင်စီက ရက်စက်စွာ ပစ်ခတ်တိုက်ခိုက် ဖြိုခွင်းနေခြင်းများနှင့် ပြည်သူလူထုများ အား ဥပဒေမဲ့ လိုက်လံဖမ်းဆီးခြင်းများကို အမြန်ဆုံး တားဆီးနိုင်ရေးကိုလည်း အစည်းအဝေး၌ ဆွေးနွေးညှိနှိုင်းပြီး နည်းလမ်းရှာနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။
အပစ်ရပ်ဆယ်ဖွဲ့အနေဖြင့် တပ်မတော်၏ အာဏာသိမ်းမှုလုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ထားပြီး အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများ ရပ်ဆိုင်းထားရန် ဆုံးဖြတ်ထားချိန်တွင် ရွေးကောက်ခံ အမတ်များနှင့် စုဖွဲ့ထားသည့် CRPHနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။