
၂၀၂၅ ခုနှစ် မြန်မာ့နိုင်ငံရေးတွင် စိတ်ဝင်စားစရာအကောင်းဆုံး စောင့်ကြည့်ရမည်မှာ “အာရက္ခပုစ္ဆာ” ဖြစ်ပေလိမ့်မည်။ ရခိုင်ပြည်နယ်သည် အခြားပြည်နယ်များနှင့်မတူ၊ အိမ်နီးချင်းနိုင်ငံကြီးတို့၏ ဖိအားများ ဆုံချက် ဖြစ်လာနေသည်၊ ယင်းမှာ အာရက္ခတပ်တော် (AA) ၏ အပြောင်မြောက်ဆုံး စစ်ရေးစွမ်းရည်ဖြင့် ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါးကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် သိမ်းပိုက်ထိန်းချုပ်လာနိုင်ခြင်းကြောင့် ဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ဘက်အစွန်း ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့ရှိ အခိုင်အမာတည်ဆောက်ထားသော စစ်ကောင်စီ၏ တစ်ခုတည်းသော ခံတပ်စခန်းမှသည် တောင်ဖက်အစွန်ဆုံး ဂွမြို့အထိ၊ ပြည်နယ်တစ်ခုလုံးရှိ စစ်တပ်များကို အမိန့်ပေးကွပ်ကဲရသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် အမ်းမြို့၊ ပြည်နယ်အတွင်းရှိ ခြေမြန်တပ်ရင်းများကို ကွပ်ကဲမှုပေးရသော အမှတ် ၅ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၅) နှင့် တောင်ကုတ်မြို့များကို AA ၏ တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင် အောင်နိုင်ခဲ့ခြင်းမျိုး ပြည်တွင်းစစ်သမိုင်းတွင် မရှိဖူး၊ မကြုံ ဖူးသော ဖြစ်စဥ်တစ်ခု ဖြစ်သည်။
ယခုအခါ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုတွင် မြိုတော် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်ကျွန်း တို့တွင်သာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားများ ကျန်ရှိပြီး၊ ကျန် ၁၄ မြို့သည် AA ၏ ထိန်းချုပ်မှုအောက်ကျရောက်သွားပြီ ဖြစ်သည်။
ထိုအခြေအနေတွင် AA သည် ပြည်နယ်တစ်ခုလုံး လွတ်မြောက်ပြီး၊ “အာရက္ခအိပ်မက်” ကို လက်တွေ့အကောင် အထည်ဖော်နိုင်ရန် စစ်တွေနှင့် ကျောက်ဖြူကို အပြီးသတ်ထိုးစစ်ဆင်ခြင်း မပြုသေးဘဲ ဒီဇင်ဘာလ ၂၉ ရက်နေ့ တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ထိုကြေညာချက်တွင် “လက်ရှိ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိပါကြောင်း” AA က ထုတ်ဖော် ပြောဆိုလာပါသည်။
ထို့အပြင် ကြေညာချက်တွင် “လွန်ခဲ့သောနှစ်ကာလများ၌လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တတ်ကြွသော ဦးဆောင်မှုအောက်တွင် တရုတ်-မြန်မာနယ်စပ်ဒေသတည်ငြိမ်ရေး၊ အကြမ်းဖက်မှုများ ပပျောက်ရေး၊ အွန်လိုင်း လောင်းကစား (ကျားဖျင်) တိုက်ဖျက်ရေး စသည့် ကဏ္ဍရပ်များတွင် မိမိတို့အဖွဲ့အစည်းသာမက ကိုးကန့်၊ တအာင်း အဖွဲ့အစည်းများနှင့်အတူ ‘ဟိုက်ဂင်သဘောတူညီချက်’ ရရှိသည်အထိ မိမိတို့သည် စိတ်အားထက်သန်စွာဖြင့် တတ်တတ်ကြွကြွ ပူးပေါင်းပါဝင်ခဲ့ပါသည်” ဟု အထူးသတိပြုစရာကောင်းသော ဖော်ပြချက်ကိုပါ ထည့်သွင်းထားသည်။
“တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တတ်ကြွသော ဦးဆောင်မှုအောက်တွင်” ဟု သုံးနှုန်းခဲ့ခြင်း၊ “အွန်လိုင်းလောင်း ကစား (ကျားဖျင်) တိုက်ဖျက်ရေး” ကို ထည့်သွင်းဖော်ပြထားခြင်းက အမှတ်တမဲ့မဟုတ်ပါ။ ညီနောင်မဟာမိတ် ၃ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ကို တရုတ်အစိုးရ “မီးစိမ်းပြ” ခဲ့သည်ဟူသော ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ခဲ့မှုများကို AA ၏ ကြေညာချက်က ပါးပါးနပ်နပ် ထပ်မံအတည်ပြုထားသည်။
AA ကြေညာချက် မထွက်ပေါ်လာမီ ညီနောင်မဟာမိတ် ၃ဖွဲ့ထဲမှ ကိုးကန့် MNDAA နှင့် တအာင်း TNLA တို့က အလားတူ ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့ပြီး၊ ကြေညာချက်အားလုံးတွင် တူညီသောအချက်မှာ တရုတ် နိုင်ငံ၏ အခန်းကဏ္ဍကို အထူးအလေးပေး ရည်ညွှန်းဖော်ပြခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ကြေညာချက်များ၏ နောက်ကွယ်တွင် တရုတ်နိုင်ငံ၏ ဖိအားပေးမှုများ ရှိနေပြီး၊ ညီနောင်မဟာမိတ် ၃ဖွဲ့ထဲမှ ခေါင်းဆောင်အချို့၏ ဖွင့်ဟပြောဆိုမှုများလည်း ရှိခဲ့သည်။
သို့သော် AA ကြေညာချက်၏ ထူးခြားချက်မှာ ထိုးစစ်များကို ရပ်တန့်မည်ဟု ဖော်ပြထားခြင်း မရှိသလို၊ ကိုယ့် ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ကိုင်စွဲထားမည်ဟုလည်း ဖော်ပြမထားခြင်းပင်။ ယင်းသည် စစ်အောင်နိုင်သော စစ်သူကြီးက စစ်ရှုံးနေသော ရန်သူကို စစ်ရေးနှင့် ဆက်လက်ဖြေရှင်းပြီး အလုံးစုံခြေမှုန်းခံမည်လား၊ နိုင်ငံရေးအရ ဖြေရှင်း မည်လားဟု ရာဇသံပေး ဖိတ်ခေါ်လိုက်ဘိသကဲ့သို့ ရှိသည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဟိုက်ဂင်သဘောတူညီချက် နှစ်ပတ်လည်အချိန်တွင် ညီနောင်မဟာမိတ် ၃ဖွဲ့ နှင့် စစ်ကောင်စီအကြား တရုတ်အစိုးရ၏ ကြားဝင်စွက်ဖက်မှုကြောင့် ဟိုက်ဂင် ဒုတိယပိုင်း ထွက်ပေါ်လာ မည်လား၊ ယခုတစ်ကြိမ် သဘောတူညီချက်တွင် တရုတ်အစိုးရသည် ရခိုင်ဒေသပါ အကြုံးဝင်ရန် ကြိုးပမ်းလာ မည်လား စောင့်ကြည့်ရပေလိမ့်မည်။
သို့တည်းမဟုတ် တရုတ်နယ်စပ်နှင့် ကွာဝေးသော ရခိုင်ပြည်နယ်အထိ တရုတ်အစိုးရ၏ အလွန်အမင်း ဩဇာ လွှမ်းမိုးလာမှုများကြောင့် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်များ ပိတ်ဆို့ဟန့်တား ကန့်သတ်ထိန်းချုပ်ခံလာရသဖြင့် ၂၀၂၅ ခုနှစ်တွင် AA သည် ရခိုင်ပြည်နယ်မှ စစ်ကောင်စီနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ဖယ်ရှားမည့် အပြင်းထန်ဆုံး ထိုးစစ်များ ဆက်လက်ဆင်နွှဲပြီး “အာရက္ခအိပ်မက်” ကို လက်တွေ့အကောင်အထည် မည်လား စောင့်ကြည့်ရမည့် နှစ် ဖြစ်သည်။
ရခိုင်ပြည်နယ်၏ ပဲ့ကိုင်ရှင်အသစ် နှင့် အိမ်နီးချင်းနိုင်ငံများ ဆက်ဆံရေး
ဤနေရာတွင် “အာရက္ခပုစ္ဆာ” သည် အိမ်နီးချင်းနိုင်ငံများအတွက် ခက်ခဲသောပုစ္ဆာ ဖြစ်လာပါလိမ့်မည်။ အကြောင်းမှာ ရခိုင်ပြည်နယ်သည် နယ်နိမိတ်ထိစပ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့ သော ရိုဟင်ဂျာလူမျိုးများအရေး ဖြေရှင်းရမည့် အလွန်အကဲဆတ်သော ပြဿနာ၏ ဗဟိုချက်ဖြစ်နေသည်။
ထိုအကြောင်းကြောင့်ပင် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တရားစွဲအရာရှိ Karim A.A. Khan KC က ၂၀၁၉ ခုနှစ် ကတည်းက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် ခုံရုံးသို့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် လျှောက်ထားသည့်အဆင့်အထိ ခရီးရောက်လာပြီ ဖြစ်သည်။ အကယ်၍ ICC ဖမ်းဝရမ်းထွက်လာခဲ့လျှင် ဘင်္ဂလားဒေ့ရှ်အစိုးရက မင်းအောင်လှိုင်နှင့် ဆက်ပြီး ဆက်ဆံမည်လား။
သို့တည်းမဟုတ် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ၂၇၁ ကီလိုမီတာရှည်လျားသော နယ်စပ်ဒေသ တစ်ခုလုံးကို ထိန်းချုပ်စိုးမိုးထားပြီး၊ ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး၏ မြေပြင်အုပ်ချုပ်ရေး ပဲ့ကိုင်ရှင်အသစ် ဖြစ်လာသော AA နှင့် ဆက်ဆံပြီး နယ်စပ်ဒေသအရေးကိစ္စများကို ဖြေရှင်းဆောင်ရွက်မည်လား စောင့်ကြည့် ရပေလိမ့်မည်။
ထို့အပြင် ရခိုင်သည် အိမ်နီးချင်းအင်အားကြီး အိန္ဒိယနှင့် တရုတ်တို့၏ အကျိုးစီးပွားများဆုံချက် ဖြစ်နေပြီး၊ ဒေသတွင်း ပထဝီနိုင်ငံရေးတွင် အရေးပါသော အင်ဒို-ပစ္စဖိတ် မဟာဗျူဟာမြောက်မူဝါဒများ၏ အစိတ်အပိုင်းအဖြစ် ပါဝင်နေသည်။ စစ်တွေမြို့သည် အိန္ဒိယအစိုးရ၏ အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါး အကုန်ကျခံ ရင်းနှီးမြှုပ်နှံထားသော ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan Multi-Model Transit Transport Project – KMTTP) ဗဟိုချက် ဖြစ်သည်။ ထိုစီမံကိန်းသည် ပြီးစီးလုနီးဖြစ်နေသည်၊ ၂၀၂၃ ခုနှစ် မေလ ၄ရက်နေ့တွင် တည် ဆောက်ပြီးစီးနေပြီ ဖြစ်သော စစ်တွေဆိပ်ကမ်းသို့ ကောလ်ကတ္တားဆိပ်ကမ်းမှ ဘိလပ်မြေများ တင်ဆောင် လာသော MV ITT Lion အိန္ဒိယကုန်တင်သင်္ဘောသည် ရေမိုင် ၅၃၉ ကီလိုမီတာ ကွာဝေးသော ခရီးကို စတင်ထွက်ခွာခြင်းဖြင့် ဘင်္ဂလားပင်လယ်အော်ဖြတ်ကျော် နှစ်နိုင်ငံကုန်သွယ်ရေးကို စတင်ခဲ့သည်။
ရင်းမြစ်။ ။ Kaladan Multimodal Transit Transport project (KMTTP)
သို့သော် ထိုစီမံကိန်း၏ အဓိကအစိတ်အပိုင်းဖြစ်သော အိန္ဒိယအစိုးရကပင် တည်ဆောက်ပြီးစီးခဲ့သော ပလက်ဝ ဆိပ်ကမ်းနှင့် စစ်တွေဆိပ်ကမ်းအကြား ရေမိုင် ၁၅၈ ကီလိုမီတာကွာဝေးသော ကုလားတန်းမြစ်တွင်း သယ်ယူ ပို့ဆောင်ရေးကဏ္ဍတစ်ခုလုံးသာမက ပလက်ဝမှ အိန္ဒိယနိုင်ငံအရှေ့မြောက်နယ်စပ် မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်မည့် ၁၁၀ ကီလိုမီတာရှည်သော ပလက်ဝ-အိန္ဒိယနပ်စပ် အဝေးပြေးလမ်းမ စီမံကိန်း တစ်ခုလုံးသည် AA ၏ ထိန်းချုပ်မှုအောက် လုံးလုံးလျားလျား ကျရောက်သွားပြီ ဖြစ်သည်။
ထို့ကြောင့် KMTTP စီမံကိန်း၏ မူလရည်ရွယ်ချက်ဖြစ်သော အိန္ဒိယအရှေ့မြောက် ကုန်းတွင်းပိတ် မီဇိုရမ်နှင့် အခြားပြည်နယ်များ ကုလားတန်မြစ်ကြောင်းကို အသုံးပြုပြီး ပင်လယ်ထွက်ပေါက်ရရှိရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအခွင့်အလမ်းသစ်များ ရရှိရေး ကြိုးပမ်းချက်များ မရေမရာဖြစ်သွားပြီ ဖြစ်သည်။
ထို့အတူ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းမ (China-Myanmar Economic Corridor – CMEC) စီမံကိန်းဖြင့် တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ရရှိရေးကြိုးပမ်းမှုတွင် ဗဟိုချက်ဖြစ်သော ကျောက်ဖြူမြို့သည် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသော်လည်း၊ CMEC လမ်းကြောင်းတစ်လျှောက် ညီနောင် မဟာမိတ် ၃ဖွဲ့ သိမ်းပိုက်ထားသော မြို့များ အများအပြားရှိနေပြီး စီမံကိန်းတစ်ခုလုံး၏ အနာဂတ်မှာ မရေမရာ ဖြစ်သွားပြီ ဖြစ်သည်။
တရုတ်အစိုးရသည် အရှေ့အလယ်ပိုင်းမှ ဝယ်ယူသော ရေနံစိမ်းကို မြန်မာနိုင်ငံမှ ဖြတ်သန်းပြီး ယူနန် ပြည်နယ်သို့ တင်ပို့ရန် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် ရေနံလှောင်ကန်ကြီးများနှင့် ရေနံတင်သင်္ဘောကြီး များ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းတို့ကို တည်ဆောက်ထားပြီး၊ ကျောက်ဖြူမြို့မှ ယူနန်ပြည်နယ်သို့ ကီလို မီတာ ၇၀၀ ကျော်ရှည် လျားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ထား ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့များကို တင်ပို့နေသည်မှာ ဆယ်စုနှစ် တစ်ခုခန့်ရှိနေပြီ ဖြစ်သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီပြီး၊ တရုတ်အစိုးရ၏ ပိုးလမ်းမရပ်ဝန်းနှင့် လမ်းကြောင်း (Belt and Road Initiative – BRI) စီမံကိန်း၏ အရေးကြီးဆုံး မဟာဗျူဟာ အကျိုးစီးပွား ဖြစ်သည်။
ထို့အပြင် ကျောက်ဖြူမြို့တွင် တည်ဆောက်ရန် ပြင်ဆင်နေသည့် ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိသော ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းသည် တရုတ်အစိုးရ ကာလရှည်ကြာ အိပ်မက် မက်ခဲ့သော၊ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရရှိမည့် လက်လွှတ်ဆုံးရှုံးမခံနိုင်သော စီမံကိန်းကြီး ဖြစ်သည်။
ထိုအခြေအနေတွင် ရခိုင်ပြည်နယ်၏ (မာန်အောင်ကျွန်း မပါဝင်) ကုန်းမြေနယ်နိမိတ် တစ်ခုလုံးတွင် စစ်တွေ နှင့် ကျောက်ဖြူမြို့များမှ လွဲလျှင်၊ ကျန်မြို့များအားလုံးကို AA က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီ၊ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ လုံးဝပျက်သုဥ်းသွားပြီ ဖြစ်သည်။ ထိုမြို့နှစ်မြို့နှင့် အခြား ဒေသများချိတ်ဆက်ထားသော ကုန်လမ်းဆက်သွယ်ရေး ကွန်ရက်တစ်ခုလုံးကို AA က ဝိုင်းပတ်ပိတ်ဆို့ ထားသဖြင့် ယခုအခါ ထိုမြို့များတွင် လေကြောင်းနှင့် ပင်လယ်ထွက်ပေါက်များသာ ရှိတော့သည်။
AA သည် ထိုနှစ်မြို့ကို ထိုးစစ်မဆင်သေးဘဲ ချန်လှပ်ထားခဲ့ရသည့် အကြောင်းရင်းမှာ အထက်တွင် ဖော်ပြခဲ့ သော အိမ်နီးချင်း အင်အားကြီး တရုတ်နှင့် အိန္ဒိယတို့က ထိုမြို့များတွင် ပထဝီနိုင်ငံရေး အကျိုးစီးပွားများ ကြီးကြီး မားမား ရှိနေကြပြီး၊ ၎င်းတို့၏ အကျိုးစီးပွားကာကွယ်ရေး အကြောင်းပြချက်ဖြင့် ကြားဝင်စွက်ဖက်နေသောကြောင့် ဖြစ်သည်။
ထိုအချက်ကို ကောင်းစွာသိမြင်ထားသော AA ခေါင်းဆောင်များက ကြေညာချက်တွင် “အာရက္ခဒေသအတွက် အကျိုးဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော မည်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြုကြိုဆိုပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြသော သူများ၏ လုံခြုံရေး၊ အသက်အန္တရာယ်တို့ကို မိမိတို့အနေဖြင့် အထူးဂရုစိုက် ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်သည်” ဟု အာမခံထားသည်။
သို့သော် AA ၏ အာမခံချက်ကို ထိုအိမ်နီးချင်းနိုင်ငံကြီး နှစ်ခု မည်မျှယုံကြည်လက်ခံကြ မည်နည်း။ ရခိုင်တွင် စစ်ကောင်စီ စစ်ရှုံးနိမ့်ခြင်းကြောင့် ၎င်းတို့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများ၏ ကံကြမ္မာအပေါ် တရုတ်နှင့် အိန္ဒိယ အစိုးရတို့ စိုးရိမ်သောကရောက်နေပုံကို အထင်အရှား တွေ့လာရသည်။
AA ၏ နိုင်ငံရေးရည်မှန်းချက်ကို အိမ်နီးချင်းနိုင်ငံများ ဟန့်တားနိုင်သလား
AA ၏ နိုင်ငံရေးရည်မှန်းချက်မှာ ရခိုင် “ဒေသတစ်ခုလုံး ဖိနှိပ်အုပ်ချုပ်သူတို့ လက်အောက်မှ လွတ်မြောက်ရေး” ဖြစ်ပြီး၊ နောက်ဆုံးထုတ်ပြန်ခဲ့သော ကြေညာချက် ပထမဆုံးအပိုဒ်တွင် ရှင်းလင်းစွာ ဖော်ပြထားသည်။ ထို ရည်မှန်းချက် အောင်မြင်ရရှိရန်မှာ စစ်တွေနှင့် ကျောက်ဖြူမြို့များသည် AA ၏ ထိန်းချုပ်မှုအောက် မဖြစ်မနေ ရောက်ရှိရန် လိုအပ်သည်။
သို့သော် AA သည် ၎င်းတို့၏ ရည်မှန်းချက် ပြည့်မြောက်လုနီး အချိန်တွင် အိမ်နီးချင်းနိုင်ငံများ၏ ဖိအားများကို ၎င်း၏ညီနောင်အဖွဲ့များဖြစ်သော MNDAA နှင့် TNLA ကဲ့သို့ ပိုမိုရင်ဆိုင်လာရသည်။ စင်စစ် ထိုဖိအားများ ဖြစ်ပေါ် လာစေရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်တက်ကြွကြွ ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သတိပြုရန် လိုအပ်သည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အိမ်နီးချင်း ထိုင်းနိုင်ငံက ကမကထပြုပြီး အိမ်ရှင်အဖြစ် ကျင်းပခဲ့သော မြန်မာနှင့် အိမ်နီးချင်း ၅နိုင်ငံ အလွတ်သဘော အစည်းအဝေးသည် ယခင်က မရှိဖူးခဲ့သော အစည်းအဝေးအမျိုးအစား ဖြစ်ပြီး၊ မြန်မာ့ပြဿနာကို အိမ်နီးချင်း ၅နိုင်ငံက အဓိကဆွေးနွေးသော အစည်းအဝေးဖြစ်သည်။ ထိုအချက်က အိမ်နီးချင်းများ ၎င်းတို့၏အကျိုးစီးပွားများအရေး မဖုံးမဖိနိုင်သော စိုးရိမ်သောကကို အထင်အရှား တွေ့မြင်ရ သည်။
အဆိုပါ အလွတ်သဘော ဆွေးနွေးပွဲတွင် နယ်စပ်ဒေသလုံခြုံရေးကိစ္စကို အလေးထား ဆွေးနွေးခဲ့ကြပြီး၊ ထိုင်း အစိုးရက ၆ နိုင်ငံ အလွတ်သဘော တွေ့ဆုံဆွေးနွေးခြင်း အချက်များ ခေါင်းစဥ်ဖြင့် သတင်းထုတ်ပြန်ခဲ့သည်၊ “မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများအကြား တိုက်ရိုက် ပုံမှန် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ အရေးကြီးမှု နှင့် လိုအပ်ချက်ကို အိမ်နီးချင်းနိုင်ငံအားလုံးက သဘောတူခဲ့ကြသည်” ဟူသော ဖော်ပြထားသည်။ ထိုဆွေးနွေးပွဲသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေး ပုဂ္ဂိုလ် Md. Touhid Hossain လည်း တက်ရောက်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ရောက်ရှိပြီး Md. Touhid Hossain က “နယ်စပ်ဒေသဟာ ခင်ဗျားတို့ (စစ်ကောင်စီ) ထိန်းချုပ်မှုအောက်မှာ လုံးဝ မရှိတော့ဘူး။ အခု နိုင်ငံအဆင့် အဖွဲ့အစည်းမဟုတ်တဲ့ (Non-state Actor) Arakan Army က ထိန်းချုပ်ထားတယ်။ နိုင်ငံတစ်ခု (ဘင်္ဂလားဒေ့ရှ်) အနေနဲ့ ကျွန်တော်တို့ သူတို့နဲ့ မဆက်ဆံနိုင် ပါဘူး။ ရခိုင်နဲ့ နယ်စပ်ဒေသ ဆက်စပ်နေတဲ့ ပြဿနာရပ်တွေကို ကိုင်တွယ်ဖြေရှင်းမယ့် နည်းလမ်း မြန်မာဖက် က ရှာရမယ်လို့ မြန်မာကို ကျွန်တော်ပြောခဲ့တယ်” ဟု BSS News သို့ ပြောကြားခဲ့သည်။
Md. Touhid Hossain ၏ ပြောဆိုချက်နှင့် ထိုင်းအစိုးရ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသော စစ်ကောင်စီနှင့် တိုက်ရိုက်ပုံမှန်ဆွေးနွေးရန် အရေးကြီးမှုနှင့် လိုအပ်ချက်ကို ဆက်စပ်ကြည့်မည်ဆိုလျှင်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ ထိုင်းနိုင်ငံတို့သည် မြန်မာနှင့်ထိစပ်နေသော နယ်စပ်ဒေသအများစုကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားလိုက်ပြီဖြစ်၍၊ နယ်စပ်ကုန်သွယ်ရေး အပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေး မည်သို့ရှေ့ဆက်ရမည်မသိ အကျပ်အတည်းတွေ့နေကြသည်။
ထိုအကျပ်အတည်းကို အခွင့်ကောင်းယူလျက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ၎င်း၏လက်ထဲတွင်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် ချုပ်ဆိုထားသည့် ရင်းနှီးမြှုပ်နှံမှုစာချုပ်များအရ ထိုနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ လုံခြုံ ရေးကို အကာအကွယ်ပေးရမည့် မြန်မာနိုင်ငံ၏တာဝန်ရှိမှုကို ထိုနိုင်ငံများက စစ်ကောင်စီအား မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ (State Sovereignty) ကို ကျင့်သုံးသော အစိုးရအဖြစ် အသိအမှတ်ပြုဆက်ဆံရေးနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ပြန်ပေးဆွဲငွေညှစ်သကဲ့သို့ လုပ်ဆောင်လာခြင်း ဖြစ်သည်။
ထိုနိုင်ငံများနှင့် ထိစပ်နေသော နယ်စပ်ဒေသများကို စိုးမိုးထိန်းချုပ်ထားသော AA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများကို တိုက်ရိုက်မဆက်ဆံရေး၊ အသိအမှတ်မပြုရေး၊ ကုန်သွယ်မှု မပြုရေး စသည့် ဖိအားများ အိမ်နီးချင်းနိုင်ငံများသို့ ပေးနေခြင်း ဖြစ်သည်။
ထိုနိုင်ငံများထဲတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားပြီး၊ ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ရရှိရေးသည် တရုတ်အတွက် လက်လွှတ်၍မရသော မဟာဗျူဟာ အကျိုးစီးပွားဖြစ်သဖြင့် ရခိုင်ပြည်နယ်၏ကံကြမ္မာကို တရုတ်အစိုးရ၏ အမျိုးသားအကျိုးစီးပွားနှင့် တိုက်ရိုက် ချိတ်ဆက်လာပြီး၊ AA ကို စတင်ဖိအားပေးလာခြင်း ဖြစ်သည်။
အိမ်နီးချင်းတို့ ရွေးချယ်ရမည့် အာရက္ခပုစ္ဆာ ဖြေရှင်းချက်
ရခိုင်ပြည်နယ်ကို AA စိုးမိုးထိန်းချုပ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော “အာရက္ခပုစ္ဆာ” ကို ခြုံငုံသုံးသပ်ချက် ရလျှင် AA ၏ နိုင်ငံရေးရည်မှန်းချက် အောင်မြင်ရရှိရေးအတွက် ပံ့ပိုးမည်လား၊ ဟန့်တားမည်လား ဆိုသည့် ရွေးချယ်မှုကို အိမ်နီးချင်းနိုင်ငံများ ရင်ဆိုင်နေရပြီ ဖြစ်သည်။ ယင်းသည် ရခိုင်ပြည်နယ်အတွင်းရှိ ၎င်းတို့၏ အကျိုးစီးပွားများနှင့် လောင်းကြေးထပ် ကစားရမည့် အခင်းအကျင်းတစ်ခု ဖြစ်လာပြီး၊ ၂၀၂၅ ခုနှစ်တွင် ပို၍ ရှင်းလင်းစွာ တွေ့မြင်လာရမည် ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် AA ကို အသိအမှတ်ပြု ဆက်ဆံခြင်း မရှိပါက နယ်စပ်ဒေသ လုံခြုံရေးနှင့် ရိုဟင်ဂျာ လူမျိုးများအရေးကို လက်တွေ့ကျကျ ဖြေရှင်းနိုင်မည် မဟုတ်ပါ။ ထိုအချက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနထက်၊ ဒေသလုံခြုံရေးတာဝန်ယူရသော ပြည်ထဲရေးဝန်ကြီးဌာနက ပို၍ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။
ထို့ကြောင့် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် အငြိမ်းစား ဒုတိယဗိုလ်ချုပ် ကြီး Jahangir Alam Chowdhury က ဘင်္ဂလားဒေ့ရှ်အစိုးရသည် စစ်ကောင်စီနှင့် AA နှစ်ဖက်စလုံးနှင့် ထိတွေ့ ဆက်ဆံနေပါသည်ဟု The Telegraph India သတင်းစာသို့ ပြောကြားခဲ့ပြီး၊ ယင်းသည် နိုင်ငံခြားရေးဝန်ကြီး ဌာန အကြံပေးပုဂ္ဂိုလ် Md. Touhid Hossain ၏ သံတမန်လုပ်ထုံးလုပ်နည်းအရ ပြောဆိုချက်နှင့် ကွဲပြားခြားနားသော လက်တွေ့အကျိုးစီးပွားကိုကြည့် မူဝါဒ ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်ကဲ့သို့ပင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အာဏာပိုင်များသည် မီဇိုရမ်-ပလက်ဝ အဝေးပြေးလမ်းမ စီမံကိန်း ဆက်လက်ဖောက်လုပ်နိုင်ရေး AA နှင့် ထိတွေ့ဆက်ဆံမှုများ ယခင်လပိုင်းများက ပြုလုပ်ခဲ့ပြီး၊ မြေပြင် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့သည့်သတင်းအား AA ဖက်က လွန်ခဲ့သော လပိုင်းအတွင်း ထုတ်ပြန်ခဲ့သည်ကို သတိပြုမိသည်။
ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်ခြင်း မရှိသော်လည်း၊ ထိုဒေသတွင် မဟာဗျူဟာအကျိုးစီးပွားများ ကြီးကြီး မားမား ရှိနေသော တရုတ်နိုင်ငံသည် စစ်ကောင်စီကို ကူညီပြီး၊ AA ၏ ရည်မှန်းချက်များကို ဟန့်တားမည်လား။ သို့တည်းမဟုတ် မြေပြင်ပကတိအခြေအနေကို လက်ခံပြီး၊ ကျောက်ဖြူမြို့က ၎င်းတို့၏ စီမံကိန်း အကျိုးစီးပွား များ စိတ်ချလုံခြုံရေးနှင့် မပျက်စီးရေးအတွက် AA လက်ခံနိုင်သော နိုင်ငံရေးနည်းလမ်းအရ ထွက်ပေါက်ရှာရန် စစ်ကောင်စီကို ဖိအားပေးမည်လား၊ တရုတ်အစိုးရသည် အာရက္ခပုစ္ဆာ ဖြေရှင်းနိုင်မည်လား မဝေးလှတော့သည့် အချိန်ကာလတွင် အထင်အရှားတွေ့မြင်လာရတော့မည် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။