
မဟာချိုင်၊ ထိုင်းနိုင်ငံ – လွန်ခဲ့တဲ့ ၂၅ နှစ်ကာလ အသေးစိတ်အဖြစ်အပျက်တွေကို သဲသဲကွဲကွဲ ရှင်းရှင်းလင်းလင်း မမှတ်မိတော့ပေမဲ့ မသန်းသန်းအေးဟာ အဲဒီတုန်းက အသက် ၁၈ နှစ် ပြည့်ပြီးဖြစ်လို့ ပထမဆုံး မဲပေးခွင့်ရခဲ့ပြီး စိတ်လှုပ်ရှားခဲ့ရတာကိုတော့ ကောင်းကောင်း သတိရနေပါသေးတယ်။ ဘယ်သူ့ကိုမဲပေးခဲ့တယ်ဆိုတာတော့ သိပ်မမှတ်မိဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီက ကိုယ်စားလှယ်ကိုပဲ မဲပေးခဲ့တာဖြစ်ဖို့ များပါတယ်။ မွန်ပြည်နယ် မြို့လေးတစ်မြို့မှာ မဲပေးခဲ့တုန်းက မဲပုံးထဲ မဲပြားလေးထည့်ခဲ့ရတာကို သူက အခုထိ မြင်ယောင်နေပါသေးတယ်။
မသန်းသန်းအေး ထိုင်းနိုင်ငံမှာ လာအလုပ်လုပ်နေတာ အခုဆိုရင် နှစ် ၂ဝ နီးပါးရှိသွားပါပြီ။ “မဲပေးဖို့ ပြန်ချင်တယ်။ အရမ်းစိတ်အား ထက်သန်ပါတယ်။ ဒေါ်စုကိုပဲ မဲပေးမှာပေါ့။ ကောင်းတဲ့သူရရင် ကိုယ့်နိုင်ငံအတွက် ကောင်းတာပေါ့။ ကိုယ့်နိုင်ငံကောင်းစားရင် ကိုယ်လည်း ကောင်းစားတာပေါ့” လို့ သူက ရယ်မောရင်း ပြောပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတွေ အောက်တိုဘာ ၁၇ မှာ ကြိုတင်မဲပေးကြတဲ့ထဲ မသန်းသန်းအေး ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ သူ့လိုပဲ မဲမပေးနိုင်တဲ့သူတွေ သိန်းနဲ့ချီပြီး ရှိနေပါတယ်။
ဘန်ကောက်မြို့က မြန်မာသံရုံးမှာ မဲပေးဖို့ စာရင်းပေးထားသူ အရေအတွက်က ၃,ဝဝဝ လောက်ပဲရှိတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ကို Myanmar Now က ဖုန်းဆက် မေးမြန်းရာမှာ ဘန်ကောက်မြို့ မြန်မာသံရုံးအထိလာပြီးမဲပေးနိုင်ဖို့ မှတ်ပုံတင်ထားသူ အရေအတွက်ဟာ ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့ အရေအတွက်ထက် အများကြီး နည်းလွန်းနေတယ်လို့ ဆိုပါတယ်။
အခုလို အရေအတွက် အင်မတန်နည်းရတဲ့ အကြောင်းတွေထဲမှာ မဲစာရင်းပေးရမယ့် လုပ်ငန်းစဉ်တွေကို မသိတာ၊ အစိုးရအရာရှိတွေကို မယုံကြည်တာ၊ အလုပ် မအားတာ၊ ခရီးသွားလာခွင့် ကန့်သတ်ခံထားရတာ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
တက်ကြွလှုပ်ရှားသူတွေနဲ့ အလုပ်သမားတွေကတော့ သာမန်မြန်မာပြည်သူတွေဟာ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုပဲ မဲပေးကြမယ်၊ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲပေးကြမှာ မဟုတ်ဘူးဆိုတာ သိလို့ အစိုးရအနေနဲ့ အခုလို အခြေအနေမျိုးတွေကို ဖြစ်အောင် တမင်လုပ်ဆောင်တာဖြစ်ကြောင်း ပြောကြပါတယ်။
မသန်းသန်းအေးရဲ့ နံဘေးမှာ ထိုင်နေတဲ့ မမိုးစက်အေးက “အစိုးရက သိတယ်လေ။ ကျွန်မတို့ အားလုံးကို မဲပေးခွင့်ပြုလိုက်ရင် NLD ကိုပဲ မဲတွေပုံပေးကြမယ်ဆိုတာ” လို့ ပြောပါတယ်။
မဲပေးခွင့်မရခြင်း
မြန်မာအာဏာပိုင်တွေကတော့ နိုဝင်ဘာ ၈ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးနိုင်ရေး မှတ်ပုံတင်ရမယ့် အစီအစဉ်တွေ ပြုလုပ်ဖို့ တိုက်တွန်းနှိုးဆော်ခဲ့တယ်လို့ ဆိုပါတယ်။
“ကြိုတင်မဲပေးဖို့ကို လွန်ခဲ့တဲ့ ၄ လ ကတည်းက ကြေညာခဲ့တာပါ။ နိုင်ငံခြား မြန်မာသံရုံးတွေထဲမှာ ကျွန်တော်တို့သံရုံးက ကြေညာတာ ပထမဆုံးပါ။ သူတို့မဲပေးနိုင်အောင် ကူညီဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတာမှန်ပေမဲ့ ရွေးကောက်ပွဲ မဲပေးရေးနဲ့ ပတ်သက်လို့ သူတို့ဘက်ကလည်း စည်းကမ်းဥပဒေတွေကို လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်” လို့ သံအမတ်ကြီး ဦးဝင်းမောင်က ဆိုပါတယ်။
ရွေးကောက်ပွဲထက် သူတို့အလုပ်ကိုပဲ စိတ်ဝင်စားတယ်လို့ အရင်တုန်းက ပြောထားခဲ့တဲ့သူတွေက ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ စိတ်ပြောင်းသွားကြပြီး မဲပေးဖို့ သံရုံးကို အကူအညီတောင်းလာကြကြောင်း သံအမတ်ကြီးက ပြောပါတယ်။
“မဲပေးဖို့အတွက်စာရင်းပေးရမယ့် နောက်ဆုံးရက်ကို တစ်လ တိုးပေးလိုက်ပါတယ်။ အခု သတ်မှတ်ရက်လွန်သွားလို့ ကျွန်တော်တို့လည်း ဘာမှ လုပ်ပေးလို့မရပါဘူး” လို့ သံအမတ်ကြီးက ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက သံရုံး ၄၄ ခုက ရရှိတဲ့ အချက်အလက်များအရ နိုဝင်ဘာ ရွေးကောက်ပွဲမှာ မဲပေးဖို့ ၃၇ နိုင်ငံကနေ စာရင်းပေးထားသူ ၃၅,ဝဝဝ ရှိကြောင်း ပြောပါတယ်။
မြို့တော်ဘန်ကောက်အနီး စမွတ်စခွန်ခရိုင်တစ်ခုတည်းမှာပဲ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာပြည်သားအလုပ်သမား ငါးသိန်းခန့်ရှိကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက်မှ ကိုစိုင်းစိုင်းက ပြောပါတယ်။
အစိုးရရဲ့ခွင့်ပြုချက်နဲ့ ပြည်ပမှာ သွားရောက် အလုပ်လုပ်ကိုင်နေသူများသာ မဲပေးခွင့်ရှိမယ် ဆိုတဲ့ သတ်မှတ်ချက်ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ မဲပေးခွင့်မရကြောင်း သူက ပြောပါတယ်။
ယခုအခါ မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပေမယ့် ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေသူ မြန်မာပြည်သားအများစုဟာ တရားမဝင် ရောက်ရှိလာသူများဖြစ်လို့ မဲပေးခွင့် ရသူစာရင်းထဲမှာ မပါတာဖြစ်တယ်လို့ သူက ဆိုပါတယ်။
သံအမတ်ကြီးဦးဝင်းမောင်ကတော့ သံရုံးဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ပုံစာမှာ ဖြည့်သွင်းပြီး မဲပေးခွင့် ရရေးအတွက် လာရောက်စာရင်းပေးနိုင်တယ်လို့ ဆိုပါတယ်။
“ပုံစံ ၁၅ ဖြည့်ပြီး ပို့ပေးတဲ့သူတိုင်းကို ကျွန်တော်တို့ တင်ပေးပါတယ်” လို့ သံအမတ်ကြီးက ပြောပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတချို့က သူတို့အနေနဲ့ ဝက်ဘ်ဆိုက်မသုံးနိုင်သလို သံရုံးကိုလည်း လျှောက်လွှာသွားမတင်နိုင်တာကြောင့် တာဝန်ရှိသူ အဆင့်ဆင့်ကနေ ပို့ပေးရတယ်လို့ ပြောပါတယ်။
ဘာလုပ်ရမှန်းမသိတဲ့ အခြေအနေ
ထိုင်းနိုင်ငံမှာ မဲပေးခွင့်မရသူတွေအတွက်ကတော့ မြန်မာနိုင်ငံကို ပြန်ပေးရုံပါပဲ။ ဒီနေရာမှာလည်း အခက်အခဲတွေရှိနေပါတယ်။ အလုပ်ရှင်တွေကလည်း သူတို့ကို ခွင့်ပေးဖို့ မလွယ်ပါဘူး။
“မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ရွေးကောက်ပွဲနဲ့ မဲပေးခွင့်က သူတို့ဘဝမှာ ပထမဆုံးအကြိမ်ပါပဲ။ သူတို့ Facebook က သတင်းတွေကို ဖတ်ရတော့ သူတို့စိတ်ဝင်စားပြီး မဲပေးချင်လာတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူးဖြစ်နေတယ်” လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကွန်ရက်က စိုင်းစိုင်းက ပြောပါတယ်။
“စက်ရုံတွေကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထောင်နဲ့ချီပြီး ခန့်ထားတာကြောင့် အိမ်ပြန်ဖို့ ခွင့်မပေးနိုင်ဘူး။ ပြန်ခွင့်ပေးလိုက်ရင် စက်ရုံတွေကို ပိတ်မှဖြစ်မယ်”
အလုပ်ကနေ သုံးရက်ဆက်တိုက်ပျက်မယ်ဆိုရင် အလုပ်ရှင်တွေက အလုပ်ဖြုတ်ပစ်တာတွေလည်း ရှိတယ်လို့ သူကဆိုပါတယ်။
ဒီလိုအေခြေအနေကြောင့် မဟာချိုင်ဒေသ တာယာစက်ရုံတစ်ရုံမှာ ရခိုင်ပြည်နယ်က လာပြီး အလုပ်လုပ်နေတဲ့ အသက် ၃၃ နှစ်အရွယ် စိုးစိုးထွန်းအတွက် အိမ်ပြန် မဲပေးဖို့ မဖြစ်နိုင်တော့ပါဘူး။
“ကျွန်တော် လွယ်လွယ်ကူကူသွားလို့ရမယ်ဆိုရင်တော့ ပြန်ပြီးမဲပေးချင်ပါတယ်။ ဒါပေမယ့် ၁ဝ ရက်လောက်တော့ အချိန်ယူရလိမ့်မယ်။ ကျွန်တော်က ရန်ကုန်ကိုအရင်ပြန်ပြီးမှ ရခိုင်ဘက်ကို ပြန်တက်ရမှာ” လို့ သူက ဆိုပါတယ်။
မြန်မာအလုပ်သမားတွေ အိမ်ပြန်မဲပေးရေးအတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေကို ထုတ်ပေးဖို့ အဆင်သင့်ပဲလို့ မြန်မာသံရုံးက ပြောပါတယ်။
အလုပ်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ သံရုံးထောက်ခံစာတွေ ရပြီ ဆိုရင်တောင်မှ ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ရင်း ပြန်ရောက်တဲ့အခါ မဲစာရင်းထဲ ကိုယ့်နာမည်ပါမှ မဲပေးခွင့်ရမှာပါ။ Myanmar Now က သွားရောက်မေးမြန်းခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမားအများစုကတော့ မဲစာရင်း မစစ်ရသေးဘူးလို့ ဆိုပါတယ်။
မဲပေးခွင့်မရခြင်းဟာ အခွင့်အရေးဆုံးရှုံးခြင်းပဲဆိုတာကို အလုပ်သမားတွေ သိနေကြတယ်လို့ စိုင်းစိုင်းက မှတ်ချက်ချပါတယ်။
“အမတ်လောင်းတိုင်းက ၉၉ မဲစီ ရထားကြပြီ ဆိုပါစို့၊ ကျွန်တော့်မဲကြောင့် အမတ်လောင်းတစ်ယောက်က မဲအရေအတွက် ၁ဝဝ ရတဲ့သူ ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့ မဲတွေက အပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်မယ်ဆိုတာ နားလည်ထားပါတယ်” လို့ စိုင်းစိုင်းက ပြောလိုက်ပါတယ်။