ပဲခူးတိုင်းအရှေ့ခြမ်း၊ ဖြူးမြို့နယ်အတွင်း ဟိန္ဒူဘုရားကျောင်းတစ်ကျောင်း ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရသောကြောင့် ဒေသခံ ၇ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ တောင်ပိုင်းစစ်ဒေသက ယနေ့ (ဇန်နဝါရီ ၂) တွင် သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၃၁ ရက်နေ့က စစ်တောင်းမြစ် အနောက်ဘက်ကမ်း ဇေယျဝတီမြို့အရှေ့ဘက် ၄ မိုင်ကျော်ခန့်အကွာ ရန်းနဂါးကျေးရွာ ဟိန္ဒူဘုရားကျောင်းကို စစ်ကောင်စီတပ်က တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုနေရာသည် ဇေယျဝတီ- ဂျေပူ-ရန်းနဂါး-သစ်ချောက်ခင် ရွာချင်းဆက်လမ်း လမ်းဆုံဖြစ်၍ ဈေးရောင်းဈေးဝယ်ပြုလုပ်နေကြချိန် ဗုံးသီး ၂လုံးဖြင့် တိုက်ခိုက်ခံရသည်၊ အရပ် သားနေရာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသော စစ်ကောင်စီတပ်အား အပြင်းအထန်ရှုံ့ချ ကြောင်း တောင်ပိုင်း စစ်ဒေသ ထုတ်ပြန်ချက်က ဆိုသည်။
တော်လှန်ရေး ထောက်ပို့ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Myanmar Hindu Union ကလည်း ထိုဖြစ်ရပ်အကြောင်း ယနေ့ ထုတ်ပြန်ရာ သေဆုံးသူများမှာ Niyarlit ( ၄၅ နှစ်)၊ Sunil ( ၃၅ နှစ်), Devdutt (၅၅ နှစ်)၊ Nan Kumar (၄၅ နှစ်)၊ Gauthinder (၃၂ နှစ်)၊ Chhotelal (၃၅ နှစ်)၊ ကို ဇော်မျိုးဦး (၄၄ နှစ်) တို့ ဖြစ်ကြသည်၊ Nan Kumar (၄၅ နှစ်)၊ Aramprakash ( ၅၀ နှစ်)၊ Kapurchand အပါအဝင် ၄ ဦး ဒဏ်ရာရသည်ဟု ဖော်ပြထားသည်။
ဘာသာရေးအဆောက်အအုံ၊ အင်အားနည်း သော လူနည်းစုတို့ကို တိုက်ခိုက်မှု ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ ဟိန္ဒူအသိုက်အဝန်းသည် ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှု များကို ကာလကြာရှည် ရင်ဆိုင်ခဲ့ရသည်၊ ယခုတိုက်ခိုက်မှုသည် ကျောင်း၊ ဆေးရုံ၊ ဘာသာရေး ဆိုင်ရာ အဖွဲ့အစည်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေမှုတွင် ပါဝင်သည်ဟု ဖော်ပြ ထားသည်။
ထိုရွာသည် ဟိန္ဒူဘာသာဝင်အများစု နေထိုင်သောရွာဖြစ်ပြီး သေဆုံးသူများအရပ်သားများသာ ဖြစ်သည်ဟု Myanmar Hindu Union ဥက္ကဋ္ဌ ကိုမင်းဟိန်းက Myanmar Now ကို ပြောသည်။
“ အင်မတန် ဝမ်းနည်းဖို့ကောင်းပါတယ်။ သူတို့(သေဆုံးသူ)တွေက ရိုးရိုးသားသားတွေပါ။ ဘာမှ မသိတဲ့သူတွေကို ဒီလိုမျိုးလုပ်တဲ့အတွက် ပိုဆိုးတယ်။ ပါးစပ်က ပြောစရာစကားတောင်မရှိဘူး”ဟု ၎င်းက ဆိုသည်။
“ အခုကတော့ ကျွန်တော်တို့ Statement ထုတ်တယ်။ အပြင်မှာနေတဲ့ ဟိန္ဒူဘာသာကိုးကွယ်တဲ့ လူနည်းစုက တတ်နိုင်သလောက်တော့ လက်လှမ်းမီသလောက် ကူညီပေးဖို့တော့ စီစဉ်ထားပါတယ် “
နွေဦးတော်လှန်ရေးတွင် ဟိန္ဒူဘာသာဝင်များ ပုံစံမျိုးစုံနှင့် ပါဝင်နေပြီး လူနည်းစု ဟိန္ဒူဘာသာဝင်များ အပေါ် စစ်တပ်က အမြဲဖိနှိပ်မှုများ ရှိနေကာ ယခု ဟိန္ဒူဘုရားကျောင်းတိုက်ခိုက်ခံရမှုသည် စစ်ကောင်စီလက်အောက်ခံ မြို့ရွာပေါ်တွင် ဖြစ်ပျက်သော ဆိုးဝါးသည့်လုပ်ရပ်ဟု ကိုမင်းဟိန်းက မှတ်ချက်ပြုသည်။
ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး အိန္ဒိယအစိုးရကို စာပို့ရန် စီစဉ်နေပြီး အဖွဲ့အစည်းတချို့နှင့် ဆက်သွယ်၍ ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းက ဆက်ပြောသည်။
အဝေးရောက်နေသော ရန်းနဂါးရွာခံအမျိုးသားတစ်ဦးက ထိုတိုက်ခိုက်မှုကြောင့် ဒေသခံတို့ ဘေးလွတ်ရာ တိမ်းရှောင်သွားပြီဖြစ်ကြောင်းပြောသည်။
“အဲ့ဒီနေ့က နေ့ခင်း ၁၂ နာရီဝန်းကျင်လောက်က ဖြစ်မယ်။ ကျွန်တော့်ဆီကို (ရွာခံ) သူငယ်ချင်း တစ်ယောက် ၁ နာရီလောက်က ဖုန်းဆက်ပြီး ပြောပြတယ်။ သေဆုံးသူတွေအကုန်လုံးက ရွာခံ အမျိုး သားတွေချည်းပဲ။ ရွာမှာက (တိမ်းရှောင်နေကြလို့) ဘယ်သူမှမရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီကလည်း ရန်းနဂါးရွာ ဘုရား ကျောင်း ဗုံးကြဲခံရမှုမှ သေဆုံးရသူများ၊ ဒဏ်ရာရသူများ၊ ကျန်ရစ်သူမိသားစုဝင်များ၊ စစ်တပ်၏ ကျုးလွန်မှုကိုခံစားရသူ တစ်ဦးချင်းနှင့်အတူ ရပ်တည်ကြောင်း ထုတ်ပြန်ထားသည်။
အဖွဲ့အစည်းများ၊ ဒေသခံများ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း ဘုရားကျောင်း ဗုံးထိမှုသတင်းကို ထုတ်ပြန်ခြင်း မရှိသေးပေ။
ထိုနေရာသည် တော်လှန်ရေးတပ်ဖွဲ့များ ကြီးစိုးလှုပ်ရှားသော စစ်တောင်းမြစ်အရှေ့ဘက်ကမ်း နှင့် အလှမ်းမဝေးဘဲ နယ်မြေပိုင်းခြားထားသော စစ်တောင်းတံတားနှင့် ၁၁ မိုင်ခန့်သာ ကွာဝေးသည်။
ထိုတံတားမှအကျော် စစ်တောင်းမြစ်အရှေ့ဘက် ကပ်လျက် ကျေးရွာတချို့တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် တောင်ပိုင်းစစ်ဒေသ PDF များ လှုပ်ရှားသည်။
ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကလည်း ယမန်နေ့က ထုတ်ပြန်ထားရာတွင် ဘုရားကျောင်း တိုက်ခိုက်ခံရသည်နေ့ မွန်းတည့် ၁ နာရီခန့်တွင် PDF က ဟာစနာပူအနောက်ရွာနှင့် ကုလားဂျူးရွာအတွင်းသို့ နယ်မြေရှင်းလင်းရေး ဝင်ရောက် လုပ်ကိုင်နေစဉ် ကြူအင်းအရှေ့ရွာထိပ်ရှိ စစ်တပ် ကင်းပုန်းများနှင့် ၁၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးခဲ့ပြီး ၎င်းတို့ဘက်မှ ရဲဘော်တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖြူးပကဖက ထုတ်ပြန်ထားသည်။
ထိုဘုရားကျောင်း၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ ပတ္တာကျေးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ထိုအနီးနားတိုက်ပွဲဖြစ်မှုများ ရှိတတ်ကြောင်း ဆိုသည်။
“ အရင်နေ့တွေကဖြစ်တယ်လေ။ မနေ့ကလည်းဖြစ်တော့ဖြစ်တယ်။ နည်းနည်းတော့ ကျဲ (ပါး) သွား တယ်။ လက်နက်ကြီးလည်း ပစ်တယ်။ နှောခင်(ကျေးရွာ) တို့ သရက်ကုန်း(ကျေးရွာ) တို့ အဲ့ဘက်ကနေ ပတ်ပစ်နေတာပဲ။ ကျွန်မတို့ရွာတော့ မပါပါဘူး။ ရွာကလူတွေကတော့ ကြောက်တော့ ပြေးတာပေါ့” ဟု ၎င်းက ပြောသည်။
ဒီဇင်ဘာလအတွင်း ဇေယျဝတီမြို့နှင့် ဖြူးမြို့နယ်အတွင်း တိုက်ပွဲများရှိခဲ့ကြောင်း ဖြူးပကဖ၏ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။