စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ အခိုင်အမာ ခြေကုပ်စခန်းတစ်ခု မကြာခဏ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စွန့်လွှတ်လိုက်သည်ဟု တော်လှန်ရေးအင်အားစုများက ဇန်နဝါရီ ၂ ရက်နေ့တွင် ပြောသည်။
ဒီဇင်ဘာ ၂၇ ရက်နေ့က ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် စစ်ကြောင်းတစ်ခု ကူတော်စခန်းသို့ ရောက်ရှိလာသည်၊ ၃၁ ရက်နေ့တွင် ထိုစခန်းတွင် ရှိနေသူ အားလုံး ထွက်ခွာသွားသည်ဟု ဆိုသည်။
ခြံစည်းရိုးသုံးထပ်ကာရံပြီး ဘန်ကာ၊ ကတုတ်ကျင်းများဖြင့် အခိုင်အမာတည်ဆောက်ထားသည့် ကူတော်ရွာ စခန်းမှာ ဘုတလင်မြို့ မြောက်ဘက်တွင်ရှိပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် မိုင် ၂၀ ကျော်သာ ကွာဝေးသည်။
ကူတော်ရွာစခန်းကို ၂၀၂၁ နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးအင်အားစုက စီးနင်းတိုက်ခိုက်ခဲ့သေးသည်။ ထို့နောက် စစ်တပ်က နေရာပြန်ယူပြီး ရွာတောင်ဘက်အဝင်တွင် စခန်းသစ်ကို ပြန်တည်ဆောက်ကာ အင်အားဖြည့်တင်းထားခြင်းဖြစ်သည်။
“ပတ်ပတ်လည်ကိုတော့ သံဆူးကြိုးတွေနဲ့ သုံးတန်းလေးတန်းလောက် တန်းပြီးတော့ ခတ်ထားတယ်။ စခန်းပတ်ချာလည်ငုံပြီးကာထားတာ ခြံစည်းရိုး နှစ်ထပ်ကာထားတယ်” ဟု ဘုတလင်မြို့နယ်မှ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကိုမိုးသောက်ကပြောသည်။
“ကတုတ်ကျင်း၊ ဘန်ကာ တွေဆိုတာလည်း အုတ်တွေ၊ ဘိလပ်မြေတွေနဲ့အခိုင်အမာ လုပ်ထားတာ။ အမိုးတွေမှာလည်း ဒရုန်းဒဏ်ခံနိုင်အောင် စလစ်ပြင်လောင်းပြီးလုပ်ထားတာ”
ဒေသတွင်းလှုပ်ရှားသော တော်လှန်ရေးအင်အားစုတစ်ခုဖြစ်သည့် ဘုတလင်ရွေ့လျားစစ်ကြောင်း (Budalin Mobile Team) အဖွဲ့ ဇန်နဝါရီ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့်ဓာတ်ပုံများတွင် သွပ်ဆူးကြိုး သုံးထပ်ကာရံကာ ထိုစခန်းကို ဘန်ကာ၊ ကတုတ်ကျင်း၊ မျှော်စင်များဖြင့် အခိုင်အမာတည်ဆောက်ထားသည်ကို တွေ့ရသည်။
တော်လှန်ရေးအင်အားစုက ထိုစခန်းကို မကြာခဏ တိုက်ခိုက်လေ့ရှိရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းပြင်ထွက်လေ့မရှိဘဲ ဘုတလင်မှ စစ်ကူစစ်ကြောင်းများ ရောက်ရှိချိန်မှသာ အနီးဝန်းကျင်သို့ စစ်ကြောင်းထိုးစီးနင်းလေ့ရှိသည်ဟု သိရသည်။
“ဘုတလင်ကနေ ရိက္ခာလာရှာပေးတာတို့၊ အင်အားလာဖြည့်တာ၊ လက်နက်ခဲယမ်းလာပို့တာတို့ မရှိမချင်း သူတို့ အပြင်ထွက်တာမျိုးမလုပ်ရဲဘူး။ သူတို့က အမြဲတမ်းခြံစည်းရိုးထဲ အောင်းနေတာ အပြင် မထွက်ရဲဘူး”ဟု ကိုမိုးသောက်က ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလက ကူတော်ရွာသို့ စစ်ကူလာပို့သည့် စစ်ကောင်စီ စစ်ကြောင်းအပြန်တွင် တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားဆယ်နှင့်ချီ သေဆုံးပြီး ၄၀ ကျော် ဖမ်းဆီးရမိခဲ့သည်။
စစ်ကြောင်းတစ်ခုလုံး ဖွဲ့စည်းပုံပျက်ကာ အထိနာခဲ့သည့် စစ်တပ်သည် ရက်ပိုင်းအတွင်း ဘုတလင်မြို့နယ် အတွင်း စစ်ကြောင်းထိုးချိန်တွင် ဆယ်နှင့်ချီသည့် အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး စီးနင်းခဲ့သည်။
ထိုစစ်ကြောင်းသည် ရွာစဉ်လှည့်စစ်ကြောင်းထိုး မီးရှို့ခြင်း၊ သက်ကြီးရွယ်အိုများပါမချန် အရပ် သားများကို ကိုယ်လက် အင်္ဂါဖြတ် တောက်သတ်ဖြတ်ကာ လက်တုံ့ပြန်ခဲ့သည်။
အောက်တိုဘာ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့ထိ ဆယ်ရက်တာအတွင်း မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာ ၁၇ ရွာကိုစီးနင်းပြီး ကလေး သူငယ်၊ သက်ကြီးရွယ်အိုအပါအဝင်အရပ်သား ၂၄ ဦးထက်မနည်း သတ်ဖြတ်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့နောက် နှစ်လကျော်အကြာ ဒီဇင်ဘာလကုန်ပိုင်းတွင် မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခ မှ ဘုတလင်နယ်ထဲ တကျော့ ပြန်စစ်ကြောင်းထိုးလာခဲ့သည်။
စစ်ကြောင်းထိုးလာရာ လမ်းတလျှောက် ကျေးရွာများကို စီးနင်းစဉ် တွေ့ရသည့်ခရီးသွားများအပါအဝင် ဒေသခံ ၁၅၀ ကျော်ကို စစ်ကြောင်းထိုးရာတွင် ဓားစာခံအဖြစ် အသုံးပြုခဲ့သည်ဟုလည်း ဒေသတွင်း တော်လှန်ရေး အင်အားစုက ဆိုသည်။
စစ်တပ်ကမူ ထိုမြို့နယ်တွင် ဒေသခံတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်း မရှိကြောင်း ဒီဇင်ဘာ ၂၆ ရက်နေ့က ၎င်းတို့၏ သတင်းထုတ်ပြန်ရေးစာမျက်နှာတွင် ဖော်ပြခဲ့သည်။
ကူတော်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ခေါ်ထုတ်ခဲ့သည့် ထိုစစ်ကြောင်းသည် ဒီဇင်ဘာ ၃၁ ရက်နေ့ က ဘုတလင်မြို့ပေါ်သို့ ပြန်လည်ရောက်ရှိသွားပြီး ဓားစာခံများကို အသုတ်လိုက်ပြန်လွှတ်ပေးနေသည်ဟု ဆိုသည်။ ပြန်လွတ်မြောက်လာသည့် ဓားစာခံအရေအတွက်မသိရသေးပေ။
ထိုစစ်ကောင်စီစစ်ကြောင်းသည် ကူတော်ရွာမှ ပြန်ဆုတ်လာချိန်တွင် ဓားစာခံများအနက် အမျိုးသား တစ်ဦးကို တက်လှိုင်းရွာအနီးတွင် ပစ်သတ်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုက ဆိုသည်။ သတ်ဖြတ်ခံရသူနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် ဆက်သွယ် မေးမြန်းနေဆဲဖြစ်သည်။
စစ်ကောင်စီတပ်သည် မြို့ပေါ်ရပ်ကွက်များတွင်သာ ခြေကုပ်ယူနိုင်သည့် အခြေအနေဖြစ်သည်။
“(စစ်တပ်က) ဘုတလင်မြို့တစ်ခုပဲရှိတော့တယ်။ ကျန်တာမရှိတော့ဘူး”ဟု ဘုတလင်မြို့နယ် အခြေစိုက်လှုပ်ရှားသည့် တော်လှန်ရေးတပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကူတော်ရွာ၊ ကပ်လျက်ရှိ ရွာမွန်ရွာတို့မှ ဒေသခံများမှာ စစ်တပ်ရန်ကြောင့် ကာလရှည်ကြာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။
စစ်တပ်ကစခန်းစွန့်သွားပြီဖြစ်သော်လည်း မိုင်းနှင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တို့ကြောင့် ဒေသခံတို့ ပြန်လည်နေထိုင်နိုင်ဖွယ်မရှိသေးဟု တော်လှန်ရေးအင်အားစုက ဆိုသည်။
နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်သည် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း မှစတင်ကာ ဆယ်နှင့်ချီသည့် စစ်စခန်းများ၊ မြို့များအပါအဝင် လားရှိုးအခြေစိုက် အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)၊ အမ်းအခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တို့ကို လက်လွှတ် ဆုံးရှုံးခဲ့ရသည်။ နိုင်ငံတဝန်း မြို့နယ် ၃၃၀ အနက် ၄၄ ရာခိုင်နှုန်း ဖြစ်သည့် ၁၄၅ မြို့နယ်သာ အပြည့်အဝ ထိန်းချုပ်ထား နိုင် ကြောင်း ဒီဇင်ဘာလကုန်ပိုင်းကထုတ်ပြန်သည့် စစ်ကောင်စီ၏ သန်းခေါင်စာရင်းအစီရင်ခံစာတွင် ဝန်ခံထား သည်။