အပစ်ရပ်ပြီး နိုင်ငံရေးအရဆွေးနွေးမည်ဟု ကြေညာထားသည့် ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ကို ယမန်နေ့ (ဇန်နဝါရီ ၁) ညပိုင်းတွင် လေတပ်က ဗုံး ၂ လုံး ကြဲခဲ့ရာ အဆောက်အဦတချို့ပျက်စီးသွားကြောင်း မြို့ခံများထံက သိရသည်။
ရပ်ကွက် (၃) ရှိ သိန္နီဟိုတယ်အနီး ဗုံးကျခြင်း ဖြစ်သည်ဟု သိန္နီမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“ညအချိန်ကြီးဆိုတော့ ကျွန်တော်တို့က အိပ်နေတာ အသံပဲကြားလိုက်တယ်၊ နှစ်ချက်။ ညဉ့်နက်နေတော့ သွားမကြည့်ရဲဘူး“ ဟု ၎င်းက ဆိုသည်။
“ဒီမနက် သိရတာက လူထိခိုက်မှုမရှိဘူး၊ အိမ်တွေတော့ တစ်လုံးကတော့ တော်တော်လေးကို ပျက်စီးသွားတယ်၊ ဟိုတယ်လည်း မထိလိုက်ဘူး”
ဟိုတယ်အနီး နေထိုင်သော ဒေသခံတို့မှာ ယခင်ကပင် စစ်ဘေးတိမ်းရှောင်နေကြသည်ဟု သိရသည်။
နေအိမ်တစ်လုံးမှာ ဗုံးတိုက်ရိုက်ထိမှန်ခဲ့သဖြင့် ပြိုကျသွားသည်၊ ဗုံးစထိမှန် ပျက်စီးသည့် နေအိမ် အများအပြားရှိသည်ဟု MNDAA နှင့် နီးစပ်သည့် လားရှိုးမြို့ပြန်လည်ထူထောင်ရေး facebook စာမျက်နှာ ရုပ်သံတွင် တွေ့ရသည်။
MNDAA သိမ်းပိုက်ထားသည့် ဒေသများတွင် ဟိုတယ်များ ပစ်မှတ်ထားခံနေရသည်မှာ သိန္နီတစ်မြို့တည်း မဟုတ်ပေ။
၂၀၂၄ ဇူလိုင်လလယ်တွင် လေတပ်က တရုတ်မြန်မာနယ်စပ် လောက်ကိုင်မြို့ရှိ ဖူလီလိုက်ဟိုတယ် အနီးတဝိုက်ကို တိုက်ခိုက်ခဲ့သည်ဟု MNDAA အဖွဲ့က Myanmar Now ကို ထိုစဉ်က အတည်ပြုခဲ့သည်။
ထိုစဉ်က ဟိုတယ်ရှေ့ရှိ နေအိမ်တချို့ ထိခိုက်သွားသည်ဟု MNDAA က ပြောသည်။
လေတပ်ရန်ကြောင့် ပုန်းခိုကျင်း တူးခြင်း
၂၀၂၁ တွင် အာဏာသိမ်းပြီး အကြမ်းဖက် ပစ်ခတ်သဖြင့် နိုင်ငံအနှံ့လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာရာ စစ်ကောင်စီတပ်က စစ်မျက်နှာများစွာ ဖွင့်ထားရသည်။
လေတပ်ကို ပိုမိုအားပြု အသုံးချလာသည့် စစ်ကောင်စီက တော်လှန်ရေးအင်အားစုလှုပ်ရှားနယ်မြေ များကို နေ့စဉ် လိုက်လံ ဗုံးကြဲလျက်ရှိသည်။
နိုဝင်ဘာ ၂၄ ရက်နေ့တွင် လားရှိုးမြို့နယ်ရှိ နမ့်ပေါင်ရွာနှင့် သံလွင်စံပြကျေးရွာရှိ စာသင်ကျောင်းကို တိုက်ခိုက်ခဲ့သည်၊ ထို့နောက် ကိုးကန့်အထူးဒေသ (၁) နယ်မြေတွင် လေကြောင်းတိုက်ခိုက်မှု ၃၈ ရက် ကြာ ရပ်တန့်နေပြီးနောက် သိန္နီမြို့ကို ဗုံးကြဲမှုဖြစ်သည်ဟု ဖော်ပြထားသည်။
သိန္နီမြို့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း MNDAA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး ကိုးကန့် အထူးဒေသ (၁) အတွင်း ထည့်သွင်းထားခြင်းဖြစ်သည်။
ယနေ့နံနက်တွင် သိန္နီမြို့၌ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေပြီး ဈေးများလည်း ဖွင့်လှစ်သည်ဟု မြို့ခံတချို့က ပြောသည်။
ဇူလိုင် ၁၈ ရက်နေ့ကလည်း သိန္နီမြို့မဈေးကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁၀ ဦး ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။
ယနေ့အထိ အဆိုပါ မြို့မဈေးကို MNDAA က ပြန်လည်ဖွင့်လှစ်ခွင့် မပြုသည့်အတွက် မြို့လယ် လမ်းမ ကြီးပေါ်တွင် ခင်းကျင်းရောင်းချနေရသည်ဟု မြို့ခံများက ဆိုကြသည်။
သိန္နီမြို့တွင် တိုက်ပွဲများ ပြီးဆုံးသွားသည်မှာ တစ်နှစ်ခန့်ရှိလာပြီဖြစ်သော်လည်း လေကြောင်းရန်ကြောင့် ဒေသခံအများစု နေရပ်ပြန်နိုင်ခြင်းမရှိသေးဟု အထက်ပါ မြို့ခံ အမျိုးသားက ပြောသည်။
“ကြောက်တဲ့သူတွေကတော့ ကြောက်ကြတာပဲ၊ မပြန်လာရဲသေးဘူး၊ ဒီမှာနေတဲ့သူတွေကလည်း ကျီးလန့်စာစားပဲ၊ လေကြောင်းကိုပဲ ကြောက်နေရတာ” ဟု ထိုဒေသခံက ဆိုသည်။
“ပုန်းခိုကျင်းတွေကတော့ တူးတဲ့သူလည်း တူးထားကြတယ်။ တချို့လည်း ဒီအတိုင်းနေနေကြတာပဲ၊ ကံဆိုး ကံကောင်းပေါ့”
မကြာသေးမီ လများအတွင်း တိုက်ပွဲများ ရပ်တန့်ပြီး စစ်ကောင်စီနှင့် နိုင်ငံရေး အရ ဆွေးနွေးရန် အသင့်ရှိကြောင်း MNDAA က ဒီဇင်ဘာလဆန်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီတပ်က ယနေ့အထိ လူသိရှင်ကြား အကြောင်းပြန်ခြင်းမရှိသေးပေ။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ခဲ့သည့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့တို့၏ “ ၁၀၂၇ စစ်ဆင်ရေးအတွင်း” MNDAA က ကိုးကန့်ဒေသတစ်ခုလုံးသာမက သိန္နီမြို့နှင့် ပြည်နယ်မြို့တော် လားရှိုးမြို့ကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။
MNDAA ၏ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအာင်းတပ် (TNLA)၊ အာရက္ခတပ်တော် (AA) တို့ကလည်း စစ်ရေးထက် နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် အသင့်ရှိကြောင်း အသီးသီးထုတ်ပြန်ထားသည်။
သို့သော်လည်း ရှမ်းမြောက်ဒေသတစ်ခုလုံးနီးပါး၊ ရခိုင်ဒေသတစ်ခုလုံးနီးပါး လက်လွှတ်လိုက်ရသော စစ်ကောင်စီက တရုတ်ဝန်ကြီးချုပ်နှင့် ကူမင်း၌ တွေ့ဆုံစဉ်ကသာ ဆွေးနွေးလိုကြောင်း လေသံပစ်ခဲ့သည်။
တကယ့်လက်တွေ့တွင်မူ နှစ်ကုန်ခါနီးနှင့် နှစ်သစ်ကူးကာလများတွင် လေကြောင်းတိုက်ခိုက်မှုများဖြင့်သာ လက်တုံ့ပြန်နေသည်။
ဗုံးကြဲမှုဖြစ်စဉ်များကို စစ်တပ်က သတင်းအမှောင်ချထားပြီး သတင်းထောက်များက ဆက်သွယ်မေးမြန်းလျင်လည်း ပြန်လည် ဖြေကြားလေ့မရှိပေ။ကရင်နီ၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်တောင်ပိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းများသို့ စစ်ကောင်စီလေတပ် က ၂၀၂၄ ဒီဇင်ဘာ ၃၁ ညနေတွင် ဗုံးကြဲတိုက်ခိုက်ခဲ့မှုအတွင်း ကလေးများအပါအဝင် ၁၆ ဦး ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရသွားကြသည်။
ယမန်နေ့ ဇန်နဝါရီ ၁ ရက်အတွင်း စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက် ခိုက်မှုများ ရှိသည် ဟု ကြားသိရပြီး အသေးစိတ်မသိရသေးပေ။