
တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ မြို့မဈေးကို ယမန်နေ့ (ဇူလိုင် ၁၈ ရက်) မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရသွားသည်ဟု သိရသည်။
ဗုံးကြဲခံရပြီးနောက် ဈေးအတွင်း ကယ်ဆယ်ရေးကို ကိုးကန့်တပ် (MNDAA)က ပြုလုပ်ခဲ့ပြီး သေဆုံးသူ ၅ ဦးနှင့် ဒဏ်ရာရသူ ၇ ဦးရှိသည်ဟု MNDAA အဖွဲ့၏ ဦးစီးဌာနမှူး ရန်က ပြောသည်။ ဈေးအဆောက်အအုံများလည်း ပျက်စီးသည်ဟု သူက ဆိုသည်။
“(ကယ်ဆယ်ရေး) အားလုံးပြီးသွားပြီ သေတဲ့ဟာက ၅ ယောက်ပဲ၊ နာမည်တွေဘာတွေတော့ မသိပါဘူး” ဟု ပြောသည်။
စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပထမတစ်ကြိမ် ဗုံးကြဲခဲ့ရာ ဈေးအနောက်ဘက်လမ်းသို့ ကျရောက်ပေါက်ကွဲသည်၊ မိနစ်အနည်းငယ်အကြာတွင် နောက်တစ်ကြိမ် ထပ်မံကြဲချခဲ့ရာ ဈေးအတွင်း ကျရောက်ပေါက်ကွဲသည်ဟု သိန္နီမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဗုံးထိတဲ့နေရာက ဆိုင်ခန်း ပြိုသွားပြီးတော့ လူပိတယ်ပေါ့။ နောက်ပြီးတော့ ဈေးအတွင်းပိုင်းမှာလည်း တစ်လုံးကျတယ်ဆိုတော့ အဲဒီမှာလည်း လူတော်တော်ထိတယ်”
မြို့မဈေး ဗုံးကြဲမှုတွင် ဈေးအတွင်း လျှပ်စစ်ပစ္စည်းဆိုင်နှင့် ဖုန်းပြင်ဆိုင်ဖွင့်ထားသူ မိတ်ဆွေတစ်ဦးလည်း သေဆုံးခဲ့သည်ဟု အထက်ပါ မြို့ခံအမျိုးသားက ပြောသည်။
“ကျွန်တော့်အသိတစ်ယောက်လည်း ဆုံးသွားပြီ ဒီမနက်ပဲ ဆုံးသွားတယ်။ ဆေးရုံရောက်မှ ဆုံးသွားတာ။ သူက ဈေးမှာ ဖုန်းပြင်တာတို့ လျှပ်စစ်ပစ္စည်းတွေ ဘာတွေ ဆိုလာပြားတွေ ရောင်းတာပေါ့”
ဗုံးကြဲချသည့်အချိန်တွင် ဈေးဖွင့်ထားဆဲဖြစ်ပြီး အချို့ဆိုင်ခန်းများက ညနေဆိုင်ပိတ်ရန် ပြင်ဆင်နေကြချိန်ဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။
ဒေသတွင်း သတင်းဌာနအချို့တွင် သေဆုံးသူအရေအတွက်မှာ ၁၀ ဦးထက်မနည်း ရှိသည်ဟု ဖော်ပြကြသည်။
လားရှိုးအခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) သို့ Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် မြေပြင်သတင်းရယူရာတွင် ဖုန်းလိုင်းအခက်အခဲများကြောင့် သေဆုံးသူစာရင်းကို အတည်ပြုရန် ခက်ခဲနေသည်ဟု TWO မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။
သိန္နီမြို့ကို ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း MNDAA ဦးဆောင်သည့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီး ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
MNDAA တပ်များ လားရှိုးမြို့ကို ထိုးစစ်ဆင်နေသည့် ဇူလိုင် ၃ ရက်မှ စတင်ကာ စစ်ကောင်စီတပ်က MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နှင့် လောက်ကိုင်မြို့တို့ကို ဗုံးကြဲတိုက်ခိုက်ပြီး လက်တုံ့ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်က ကိုးကန့်ဒေသ၏ မြိုတော် လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဟိုတယ်နှင့် လူနေအိမ်အချို့ ပျက်စီးခဲ့ပြီး ဒေသခံတစ်ဦး သေဆုံးခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်ကလည်း သိန္နီမြို့တောင်ဘက်ရှိ အမှတ် (၁) အထက်တန်းကျောင်းကို နံနက် ၁ နာရီခွဲခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုမရှိသော်လည်း စာသင်ဆောင်များ ပျက်စီးသွားခဲ့သည်။
သိန္နီမြို့ကို ဗုံးကြဲတိုက်ခိုက်မှု ၄ ကြိမ်ခန့်ရှိနေပြီဖြစ်ပြီး မြို့ခံများ ထိတ်လန့်နေရသည်ဟု ဒေသခံများက ပြောသည်။
ကိုးကန့်တပ် (MNDAA) နှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်နေသည့် လားရှိုးမြို့သိမ်းတိုက်ပွဲမှာလည်း အရှိန်မြင့်နေဆဲဖြစ်သည်။ မြို့အရှေ့ဘက်ရှိ ခမရ (၅၀၇) ရှိရာ ရပ်ကွက် (၅) နှင့် မြို့အနောက်ဘက် ရန်တိုင်းအောင်ဘုရားအနီးရှိ တပ်တွင် တိုက်ပွဲများပြင်းထန်နေသည်။
၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယလှိုင်းအဖြစ် မန္တလေးတိုင်း မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးမြို့နယ်တို့နှင့် ရှမ်းပြည်နယ် နောင်ချို၊ ကျောက်မဲ လားရှိုးတို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး တအာင်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA) နှင့် MDY-PDF တို့ ဦးဆောင်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည်။