ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်တောင်ပိုင်း၊ မွန်ပြည်နယ် ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းများသို့ စစ်ကောင်စီလေတပ်က ၂၀၂၄ ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးရက် ညနေပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အများအပြား သေဆုံး၊ ဒဏ်ရာရသွားသည်။
လွိုင်ကော်မြို့အရှေ့ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီလေတပ်က ၂၀၂၄ ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးရက် ညနေပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်တစ်ဦးအပါဝင် ၃ ဦး သေဆုံးသွားသည်။
ဆင်စခန်းဟုခေါ်သည့် ထိုစခန်းကို ညနေ ၄ နာရီဝန်းကျင်တွင် လေကြောင်းမှ နှစ်ကြိမ်တိုက်ခိုက်ရာ ၃၈ နှစ်အရွယ် အမျိုးသမီးနေရာတွင်ပင် သေဆုံးသည်။ အသက် ၅၂ နှစ်အရွယ်အမျိုးသမီးနှင့် ၃ နှစ်အရွယ် ကလေးငယ်တို့မှာ ဆေးရုံ ကုသစဉ် သေဆုံးသွားကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဗညားခွန်အောင်က ပြောသည်။
“အဲ့ဒီနေရာက ကျွန်တော်တို့ ဒေသအခေါ် ဆင်စခန်းလို့ခေါ်တာပေါ့။ ဆင်စခန်းဆိုပေမယ့် တစ်နေရာထဲမှာ နေတာမဟုတ်ဘူး။ ပြန့်ကြဲပြီးတော့မှ စခန်းအသေးအသေးတွေနဲ့ အများကြီးဖွဲ့ထားတာပေါ့နော်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ထိခိုက်ဒဏ်ရာရသူ ၃ ဦးရှိပြီး တစ်ဦးမှာ ဦးခေါင်းကို ဗုံးစထိမှန်ထားသည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ အတွင်း စစ်ဘေးရှောင်စခန်းများ၊ စစ်ဘေးရှောင်များနေထိုင်သည့် နေရာနှင့် ကျေးရွာများကို ပိုမိုပစ်မှတ်ထားတိုက်ခိုက်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောသည်။
“ဒါကို ကြည့်ခြင်းအားဖြင့် တော်လှန်ရေးကာလမှာပေါ့နော် ပြည်သူတွေ ပိုပြီးတော့မှ ဒုက္ခအခက်အခဲရောက်အောင် ကျပ်တည်းမှုတွေရှိအောင် လုပ်ပြီးတော့မှ ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား စိတ်ဝမ်းကွဲမှုတွေဖြစ်ပေါ်အောင်လုပ်ဖို့အတွက် ဒီလိုမျိုး ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်တယ်” ဟု သူက ပြောသည်။
ယမန်နေ့ည နှစ်သစ်ကူးရန် မိနစ်ပိုင်းအလိုတွင်လည်း ည ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်အခြမ်းရှိ စစ်ဘေးရှောင်နှင့် ဒေသခံများနေထိုင်သည့် နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ထိုတိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရသူ မရှိပေ။
ထို့ပြင် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ရှိ သားကြင်ရွာကိုလည်း ဒီဇင်ဘာ ၃၁ ရက်ညက ဗုံးကြဲခဲ့ရာ ကလေးငယ်များအပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးသွားသည်ဟု ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
“စုစုပေါင်း ၅ ဦးဆုံးခဲ့တယ် မိန်းကလေးတစ်ဦး၊ ယောက်ကျားလေး ၄ ဦးပေါ့ဗျာ၊ တစ်အိမ်ထဲမှာတင် မိသားစုဝင် ၄ ဦးပေါ့။ ၁၄၊ ၁၂ နှစ်ဝန်းကျင် ကလေးနှစ်ဦးနဲ့ အဖေနဲ့အမေပေါ့ဗျာ မိသားစုဝင်လေးဦးပေါ့။ နောက်တစ်ဦးကတော့ နောက်တစ်အိမ်က ၅ နှစ်ကျော်ကျော်ဝန်းကျင် ကလေးသူငယ်တစ်ဦး” ဟု အဆိုပါ အမျိုးသားက ပြောသည်။
အိမ်ခြေ စုစုပေါင်း ၈ လုံးပျက်စီးပြီး နွား ၈ ကောင် သေဆုံးသည်ဟုလည်း သူက ဆိုသည်။
သားကြင်ရွာသည် အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ရွာတစ်ရွာဖြစ်ပြီး ငါန်းဇွန်မြို့နယ်သည် ပြည်သူ့ကာကွယ်ရေးတပ် ပေါင်းစုံရှိသည့် မြို့နယ်ဖြစ်ပြီး တော်လှန်ရေးအားကောင်းသည့် မြို့နယ် တစ်မြို့နယ်ဖြစ်သည်။
PNLO/PNLA ဌာနချုပ်နှင့် KNU ထိန်းချုပ်နယ်မြေများ တိုက်ခိုက်ခံရမှု
ဒီဇင်ဘာ ၃၁ ရက် မနက် ၁၁ နာရီခန့်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ် ဗန်းမက်ရွာရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) ဌာနချုပ်ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို ဗုံး ၄ လုံးကြဲချတိုက်ခိုက်မှုကြောင့် PNLO/PNLA ဌာနချုပ်ဝန်းအတွင်း အများပြည်သူကို ကျန်းမာရေးဝန်ဆောင်မှု ပေးနေသည့် ဆေးခန်းထိခိုက်ပျက်စီးခဲ့ကြောင်း PNLO/PNLA ပြောခွင့်ရ ခွန်ရိန်းယံက Myanmar Now ကို ပြောဆိုထားသည်။
၂၀၂၄ ဒီဇင်ဘာ ၃၀ ရက်တွင်လည်း ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ဒူးသထူ(သထုံ)ခရိုင်နှင့် မူတြော်(ဖာပွန်)ခရိုင်အတွင်း ကရင်နှစ်သစ်ကူးအခမ်းအနားကျင်းပနေစဉ် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KNUက ထုတ်ပြန်သည်။ ထိုတိုက်ခိုက်မှုသည် ရည်ရွယ်ချက်ရှိရှိဖြင့် စော်ကားခြင်းဟု ကရင်အမျိုးသားအစည်းအရုံး KNUက သတင်းထုတ်ပြန်ခဲ့သည်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကြသောင်းဆိပ် အနောက်ရွာနှင့် ပျဉ်းမပင် ဆိပ်အနောရွာတို့ကို ဒီဇင်ဘာလ ၃၀ ရက်နေ့လယ်ပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုလည်း ယနေ့ မွန်းလွဲပိုင်းတွင် KNU ထပ်မံထုတ်ပြန်သည်။
ဒီဇင်ဘာ ၂၆ ရက်မှ ၃၁ ရက်အထိ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်းရှိ KNU ထိန်းချုပ်နယ်မြေများသို့လည်း လေကြောင်းတိုက်ခိုက်မှုများ စစ်ကောင်စီလေတပ်က ပြုလုပ်ရာ လူတစ်ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရကာ နေအိမ်များလည်း ပျက်စီးခဲ့သည်ဟု KNU က ထပ်မံထုတ်ပြန်သည်။
AA ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ် တိုက်ခိုက်ခံရမှု
အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရွာကိုလည်း စစ်ကောင်စီလေတပ်က ယမန်နေ့(ဒီဇင်ဘာ ၃၁)က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၅ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရသွားသည်။
မွန်းလွဲ ၁ နာရီခွဲခန့်က ထိုကျေးရွာရှိ အထက်တန်းကျောင်းနှင့်ဘုန်းကြီး ကျောင်းတို့ကို စစ်ကောင်စီလေတပ်က ဗုံး ၄ ကြိမ် ကြဲချခဲ့ခြင်းဖြစ်သည်။ အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၂ ဦး သေဆုံးသွားပြီး ရဟန်းတစ်ပါးအပါအဝင် လူ ၁၀ ဦး ဒဏ်ရာရရှိသွားသည်ဟု ပုဏ္ဏားကျွန်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသွားသူများမှာ ဒေါ်မသာလှ (၇၆ နှစ်)၊ မဦးဆန်းနွယ်(၂၅ နှစ်)၊ ကိုမျိုးဇော်ထွန်း(၁၈ နှစ်)၊ ဦးလှဖြူ (၄၈ နှစ်)နှင့် မောင်မျိုးဟိန်းအောင်(၉ နှစ်)တို့ဖြစ်သည်။ ဗုံးကြဲခံရသည့် ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တွေ၏ မြောက်ဘက်တွင် ရှိပြီး AA ၏ ထိန်းချုပ်မှုအောက် တွင်ရှိသော ဒေသ ဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်ကလည်း သံတွဲမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ၁ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရသွားသည်။ ထို့ပြင် ဒီဇင်ဘာ ၂၆ က ဂွမြို့နယ်၊ ကုလားပြင်တိုက်နယ်၊ ကူးတို့လေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ၅ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိသွားသည်။
လက်ရှိတွင် ကျောက်ဖြူ၊ စစ်တွေနှင့်မာန်အောင်မြို့တို့သာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးပေ။ သို့သော် လည်း ထိုမြို့များကိုလည်း AA ကဝိုင်းရံပိတ်ဆို့ထားသဖြင့် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်သည်ဟု ဒေသခံများကဆိုသည်။
AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင် ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော်၊ မင်းပြား၊ မြောက် ဦး၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွ နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို သိမ်းပိုက်ထားသည်။
နှစ်သစ်ကူးကာလ ဒီဇင်ဘာ ၃၀၊ ၃၁ ရက် နှစ်ရက်တည်းတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လတ်တလောတွင် သေဆုံးသူစုစုပေါင်း ၁၄ ဦးနှင့် ၂၀ ဦး ဒဏ်ရာရသွားသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဒီဇင်ဘာ ၃၀ ရက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ သဝဏ်လွှာတွင်မူ ငြိမ်းချမ်းရေးကို အလေးထားပြီး ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးအဖြေရှာမည်ဟု ပါရှိသည်။
သို့သော် စစ်ခေါင်းဆောင်၏ ထိုပြောဆိုမှုသည် ယုံကြည်နိုင်စရာမရှိသလို ၎င်းတို့နှင့်တည်ဆောက်မည့် ငြိမ်းချမ်းရေးမှာလည်း မဖြစ်နိုင်ကြောင်း KNU ပြောခွင့်ရ ဖဒိုစောတောနီးက ပြောသည်။
စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ရခိုင်ပြည်နယ် အမ်းအခြေစိုက်အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ကို ဆုံးရှုံးထားသည်။ နိုင်ငံအနှံ့တွင် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် နယ်မြေများကိုလည်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။