သတင်း

ကမာရွတ်သတင်းဌာနကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်း

ရန်ကုန်မြို့ရှိ ကမာရွတ်သတင်းဌာနကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ယနေ့ (မတ် ၉) နေ့လယ်ပိုင်း အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့သည်။ 

ကမာရွတ်မြို့နယ် စံရိပ်ငြိမ် ၆ လမ်းရှိ ကမာရွတ်သတင်းဌာနကို စစ်ကောင်စီ၏ လက်နက်ကိုင်များက ဝင်ရောက်စီးနင်းပြီးနောက် ကမာရွတ်သတင်းဌာန တွဲဖက်တည်ထောင်သူ ကိုဟန်သာငြိမ်းနှင့် အယ်ဒီတာချုပ် ကိုနေသန်မောင်တို့ကို စစ်တပ်က ဖမ်းဆီးသွားကြောင်း မိသားစုဝင်များက အတည်ပြုသည်။ 

“စစ်ကား ၈ စီးလောက်နဲ့ တံခါးတွေကို ရိုက်ချိုးပြီး ဝင်သွားတာ။ ၂နာရီလောက် ရှာဖွေတယ်။ ပစ္စည်းတွေကိုလည်း အကုန် စစ်ကားတွေပေါ် တင်သွားတယ်” ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။ 

အာဏာသိမ်း စစ်ကောင်စီသည် ပြီးခဲ့သည့်သီတင်းပတ်များမှစ၍ သတင်းမီဒီယာများကို ဆက်တိုက်ဖိအားပေး ခြိမ်းခြောက်ခဲ့ပြီးနောက် သတင်းဌာနရုံးခန်းများကိုပင် အကြမ်းဖက်ဝင်ရောက်စီးနင်းမှုများ ပြုလာသည်။

ယမန်နေ့ (မတ် ၈) တွင်လည်း ပန်းဘဲတန်းမြို့နယ် ကုန်ဈေးတန်းလမ်းရှိ Myanmar Now သတင်းဌာနရုံးခန်းကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့သည်။ ထိုသို့ဝင်ရောက်စီးနင်းစဉ် Myanmar Now သတင်းဌာနမှ မည်သည်တစ်ဦးတစ်ယောက်မျှ ဖမ်းဆီးခံခဲ့ရခြင်း မရှိသော်လည်း ရုံးခန်းပိုင် ပစ္စည်းအချို့ ယူဆောင်သွားခြင်းခံခဲ့ရသည်။ 

စစ်ကောင်စီသည် ပြည်တွင်းအခြေစိုက် သတင်းမီဒီယာ ၅ ခုကိုလည်း ထုတ်ဝေခွင့် ပိတ်သိမ်းကြောင်း ယမန်နေ့တွင် ကြေညာခဲ့သည်။ ထုတ်ဝေခွင့် ရပ်ဆိုင်းခံရသော ပြည်တွင်းအခြေစိုက် မီဒီယာ ၅ ခုမှာ Mizzima၊ 7 Day၊ DVB၊ Khit Thit Media နှင့် Myanmar Now တို့ဖြစ်ပြီး ၎င်းမီဒီယာများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသား၊ ထုတ်လွှင့်၊ ဖော်ပြခြင်းမပြုရဟု စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ 

အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ သတင်းမီဒီယာများအနေဖြင့် ‘စစ်အစိုးရ’၊ အာဏာသိမ်းစစ်တပ်၊ စစ်ကောင်စီ’ စသည့် အသုံးအနှုန်များ မသုံးနှုန်းရန်နှင့် ထိုသို့ သုံးနှုန်းပါက ထုတ်ဝေခွင့်ပိတ်မည်ဟု စစ်ကောင်စီက သတိပေးစာများ ပေးပို့ကာ ခြိမ်းခြောက်ခဲ့သည်။

စစ်ကောင်စီက ထုတ်ဝေခွင့်ရပ်ဆိုင်းလိုက်သော်လည်း ပိတ်ပင်ခံခဲ့ရသော သတင်းမီဒီယာများသည် ပုံမှန်အတိုင်း သတင်းလုပ်ငန်းများ လည်ပတ်လျက်ရှိကာ သတင်းများ အဆက်မပြတ်တင်ဆက်နေဆဲ ဖြစ်သည်။ 

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် သတင်းထောက် ၃၀ ဦးကျော်ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူအချို့ရှိသော်သော်လည်း သတင်းထောက် ၁၀ ဦးခန့်ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားကာ နိုင်ငံတော်တည်ငြိမ်မှုပျက်ပြားရန် လှုံ့ဆော်ခြင်းဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)ဖြင့်လည်း စစ်ကောင်စီက အမှုဖွင့်အရေးယူထားသည်။ 

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်အရေးယူခံထားရသော သတင်းထောက်များတွင် Myanmar Now သတင်းဌာနမှ မကေဇွန်နွေးလည်း အပါအဝင်ဖြစ်ပြီး ၎င်းသည် တာဝန်ဝတ္တရားအတိုင်း သတင်းလုပ်ငန်းလုပ်ကိုင်နေစဉ် ဖေဖော်ဝါရီ ၂၇ ရက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

 

Show More

Related Articles

Back to top button