ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်အပြီး နိုင်ငံရေးဆွေးနွေးပွဲစရန် အသင့်ဖြစ်ပြီဟု အာရက္ခတပ်တော် (AA) ၏ ထုတ်ဖော်ပြောဆိုမှုသည် နိုင်ငံရေးအရ အသာစီးရရန် ပြင်ဆင်မှုဖြစ်သည်ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက Myanmar Now သို့ ပြောသည်။
ပြည်နယ်တောင်ဘက်အစွန်ဆုံး ဂွမြို့ အပါအဝင် ရခိုင် ၁၄ မြို့၊ ချင်းပြည်နယ် ပလက်၀မြို့တို့ကို သိမ်းထားသော AA က ပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်း လမ်းများဖြင့် ဖြေရှင်းရန် အသင့်ရှိသည်ဟု ယမန်နေ့(ဒီဇင်ဘာ ၂၉) တွင် ထုတ်ပြန်ကြေညာသည်။
ရခိုင်ပြည်နယ်အတွင်း AAက စစ်တွေ၊ ကျောက်ဖြူ နှင့် မာန်အောင်မြို့များကို သိမ်းယူရန် ကြိုးစားနေသည်။ AA က ထိုမြို့များတွင် ထိုးစစ်ဆင်ခြင်းမရှိသည့်တိုင် ဝိုင်းပတ်ပိတ်ဆို့ ထားပြီးဖြစ်သည်ဟု AA နှင့် နီးစပ်သည့် ဦးဖေသန်းက ဆိုသည်။
“စစ်ရေးရည်မှန်းချက် အတိုင်းအတာတစ်ခုအထိ သူ့ (AA) အနေနဲ့ အောင်မြင်မှုရတယ်လို့ ယူဆတယ်။ အဲဒီလိုအခြေအနေကို အားပြုပြီးတော့ နိုင်ငံရေးအားဖြင့် ဆွေးနွေးရင် ရလဒ်ကောင်းတွေ ရနိုင်တယ်လို့ယူဆလို့ ဒီကြေညာချက်ဟာ အချိန်ကိုက်ထွက်လာတာလို့ ယူဆပါတယ်” ဟု သူက ပြောသည်။
တရုတ်နိုင်ငံ၏ ဦးဆောင်မှုအောက်တွင် နယ်စပ်တည်ငြိမ်ရေး၊ အကြမ်းဖက်မှုပပျောက်ရေး၊ အွန်လိုင်းလောင်းကစား (ကျားဖျန့်) တိုက်ဖျက်ရေးအစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းပါဝင်ခဲ့သည်ဟု AA ၏ ကြေညာချက်က ဆိုသည်။
AA ၏ မဟာမိတ်ဖြစ်သော တအာင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA တို့သည်လည်း တရုတ်နိုင်ငံ၏ ကြားဝင်ပါဝင်မှုဖြင့် နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးရန် ဆန္ဒရှိသည်ဟု မကြာသေးမီလပိုင်းက အသီးသီးထုတ်ပြန်ထားသည်။
AA က ဆွေးနွေးရန် ကမ်းလှမ်းသော်လည်း စစ်ကောင်စီဘက်က နှုတ်ဆိတ်နေဆဲဖြစ်သလို TNLA နှင့် MNDAA တို့၏ ထုတ်ပြန်ချက်များကိုလည်း လူသိရှင်ကြား တုံ့ပြန်ခြင်းမရှိသေးပေ။
AA သည် MNDAA နှင့် TNLA တို့ကဲ့သို့ တရုတ်နိုင်ငံ၏ ဖိအား များစွာမရှိခဲ့သော်လည်း ယခုနိုင်ငံရေးဆွေးနွေးရန် ပြောဆိုမှုသည် တရုတ်နိုင်ငံ၏ ချဉ်းကပ်မှု ပါနိုင်သည်ဟု ဦးဖေသန်းက ဆိုသည်။
“တရုတ်ရဲ့ အကျိုးစီးပွားတွေဟာ ရခိုင်မှာရှိတယ်။ တစ်နည်းအားဖြင့် အဲဒီ ရင်းနှီးမြှုပ်နှံမှု အကုန်လုံးနီး ပါးကို ULA/AA က ထိန်းသိမ်းစောင့်ရှောက်ထားတဲ့၊ လက်ထဲမှာရယူထားတဲ့ အခြေအနေလည်းရှိတယ်။ ဒီတော့ ULA/AA ကို တရုတ်ဘက်ကလည်း အားကိုးမှာပေါ့။ AA ဘက်ကလည်း တရုတ်ရဲ့အကျိုးစီးပွား တွေကို ကာကွယ်မယ်ဆိုတဲ့သဘောမျိုး ကြေညာချက်မှာ တွေ့ရတယ်” ဟု ဦးဖေသန်းက ပြောသည်။
စစ်ကောင်စီတပ် ဆက်လက် တင်းခံနေမည်ဆိုပါက နိုင်ငံရေးဆွေးနွေးပွဲ အစပြုနိုင်ဖွယ် မရှိဟု သူက သုံးသပ်သည်။
“တစ်ဖက်သတ်ပြောဆိုမှုတွေ၊ တောင်းဆိုမှုတွေ ဥပမာ- လက်နက်ချဖို့၊ ပါတီဖွဲ့ပြီးတော့ ပါတီစုံစနစ်မှာ ယှဉ်ပြိုင်ဖို့ အဲ့လို တုံ့ပြန်မှုတွေက တစ်ဖက်က လက်ခံနိုင်စရာအကြောင်း မရှိဘူး”
AA က နိုင်ငံရေးဆွေးနွေးမည်ဆိုပါက မြန်မာ့ခေတ်သစ်သမိုင်းတွင် စစ်ရေးအောင်မြင်မှုအကြီးမားဆုံး ရရှိထားသည်ဟူသော အားသာချက် ရှိနေသည်၊ အပေါ်စီးမှ နေနိုင်သည်ဟု
မြန်မာ့အရေး ဆောင်းပါးများရေးသားနေသူ David Mathieson က သုံးသပ်သည်။
“အရေးကြီးတဲ့ မေးခွန်းက AA ဟာ တခြား စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဘယ်လောက်အတိုင်းအတာထိ ဆက်လက်လုပ်ဆောင်မလဲ ဆိုတာပါ။ တခြား တော်လှန်ရေး အင်အားစုတွေနဲ့ AA ရဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်မှုတွေဟာ အခုဆိုရင် အလွန် နက်နက်နဲနဲ ဆက်စပ်နေတာမို့၊ လုံးဝ ခွဲခြားပစ်လို့ မဖြစ်နိုင်တဲ့ အခြေအနေမျိုးကို ရောက်နေပါပြီ။ AA ရဲ့ မဟာဗျူဟာက မူလရည်ရွယ်ချက်အတိုင်းပဲ မြန်မာစစ်အာဏာရှင်စနစ်ကို အဆုံးသတ်စေဖို့ ဆိုတာ ပိုဖြစ်နိုင်ခြေ များပါတယ်” ဟု သူက ပြောသည်။
ကြေညာချက်တွင် တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး ထည့်သွင်း ဖော်ပြလိုက်ခြင်းကြောင့် တရုတ် အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ဆွေးနွေးနိုင်သော အဖွဲ့အစည်းဖြစ်ကြောင်း လေးလေးနက်နက် အသိပေးလိုက်ခြင်းဖြစ်သည်ဟု သူက ယူဆသည်။
“ဒါပေမယ့် တရုတ်နိုင်ငံရဲ့ (ကြားဝင်မှုကို) လက်ခံညွှန်းဆိုတာဟာ၊ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ကနေစပြီး၊ ကုလသမဂ္ဂ၊ ဖင်လန်၊ နော်ဝေနဲ့ ဆွစ်ဇာလန်တို့ SAC နဲ့ တိတ်တဆိတ် ဆက်ဆံမှုတွေအထိ တခြား သံတမန်ရေးရာ ကြိုးပမ်းမှုတွေ လုံးဝ ကျရှုံးသွားပြီဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။ အနောက်နိုင်ငံတွေဟာ အခုဆိုရင် မြန်မာ့တော်လှန်ရေးနဲ့ ပတ်သတ်ပြီး ဘေးထိုင်ကြည့်သူတွေ ဖြစ်နေပါပြီ” ဟု David Mathieson က သုံးသပ်သည်။
စစ်ကောင်စီက MNDAA, TNLA နှင့် AA တို့ကို အကြမ်းဖက် အဖွဲ့များဖြစ်သည်ဟု ၂၀၂၄၊ စက်တင်ဘာ ၂ ရက်တွင် ကြေညာထားသည်။
ထိုသို့သော အခြေအနေများ ပြောင်းလဲခြင်း မရှိလျှင် ဆွေးနွေးမှု အဆင်မပြေနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။
“ငြိမ်းချမ်းရေးတွေ့ဆုံမှုတွေက ဖြစ်မှာပါ။ ဒါပေမယ့် ဟန်ပြပါပဲ။ လက်တွေ့မှာ မအောင်မြင်ပါဘူး။
ရှမ်းမြောက်မှာ လုပ်ခဲ့တဲ့ အစည်းအဝေးတွေကြည့်ရင် သိသာပါတယ်။ MNDAA, TNLA နဲ့ စစ်ကောင်စီ ဆွေးနွေးပွဲတွေ ဘာအကျိုးအမြတ်မှ မရပါဘူး၊ ဘာဆုံးဖြတ်ချက်မှမချပါဘူး” ဟု သူက ဆိုသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကမူ MNDAA, TNLA နှင့် AA တို့သည် ငြိမ်းချမ်းရေးကိုလိုလားကြောင်း ပြတ်သားသည့် လုပ်ဆောင်ချက် ပြနိုင်မှသာ ဆွေးနွေးမည်ဟု တရုတ်ဝန်ကြီးချုပ်နှင့် နိုဝင်ဘာ ၆ ရက်က ကူမင်းမြို့၌ တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။
ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်ထားသည်ဟုလည်း စစ်ခေါင်းဆောင်က ပြောဆိုထားသည်။
သို့သော် အာဏာသိမ်းပြီးနောက် ၂၀၁၅ ခုနှစ်အတွင်း ချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA ကို ဖောက်ဖျက်ကာ စစ်ပွဲများဖြစ်စေခဲ့ခြင်း၊ ယင်း၏ လက်ဦးဆရာ အာဏာရှင်များစိတ်ကြိုက် ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ကာ အာဏာသိမ်းခဲ့ခြင်း၊ နောက်ကြောင်းပြန်မလှည့်(အာဏာမသိမ်း)ပါဟု အကြိမ်ကြိမ် ကတိပေးခဲ့သော်လည်း အာဏာသိမ်းယူပြီး သက်တမ်းအကြိမ်ကြိမ်တိုးကာ အာဏာသက်ရှည်စေခြင်း၊ ယင်းကိုယ်တိုင် သဘောတူခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက်ပါ အကြမ်းဖက်မှုများရပ်ရန်၊ သက်ဆိုင်ရာအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးခြင်း စသည့်အချက်များကို မလိုက်နာသည့် လုပ်ရပ်များကြောင့် ငြိမ်းချမ်းရေးတံခါး ဖွင့်ထားပါသည်ဟူသော စစ်ခေါင်းဆောင်၏ စကားသည် ယုံကြည်ရန်မထိုက်ဟု နိုင်ငံရေးလေ့လာသူများက ယုံကြည်ကြသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် စစ်ရေးအရ အအောင်မြင်ဆုံးသော တော်လှန်ရေးတပ် AA ၏ ထုတ်ပြန်ချက်တွင် ယင်းတို့၏ အောင်မြင်မှုသည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအတွက်လည်း အထောက်အကူပြုလိမ်မည်ဟု ပါရှိသည်။
“လူမျိုးပေါင်းစုံ လွတ်မြောက်ရေးကို အဓိကရည်ရွယ်ပြီး အဖိနှိပ်ခံမြန်မာပြည်သူလူထု တစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက်လည်း တိုက်ရိုက်အထောက်အကူပြုမည်” ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြသည်။
ယခုအခါ ရခိုင်တစ်ပြည်နယ်လုံးနီးပါးကို AA က ထိန်းချုပ်ထားနိုင်လာခြင်းကြောင့် စစ်ကောင်စီ စွန့်လွှတ်လိုက်ရသည်မှာ နယ်မြေထိန်းချုပ်နိုင်မှုနှင့် စစ်စခန်းများသာမဟုတ်ဘဲ နှစ်စဉ် ဒေါ်လာသန်းနှင့်ချီ ဝင်ငွေရနေသည့် ဘီလျံချီ စီးပွားရေးလုပ်ငန်းများလည်း ပါဝင်သည်။
ရခိုင်ပြည်နယ်တွင် တရုတ်စီမံကိန်းများသာမက အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံတို့၏ ရင်းနှီးမြှုပ်နှံ မှုများပါ ရှိသည့်အပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်များစခန်းများလည်း ရှိသည်။
AA ထုတ်ပြန်ချက်တွင်မူ ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုသော မည်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှုံမှုများကို အကာအကွယ်ပေးမည်ဟုဖော်ပြသည်။
ဤအတောအတွင်း ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ လေတပ်၊ ရေတပ်တိုက်ခိုက်မှု ရှိသလို စစ်ကူအင်အား ဖြည့်တင်းနေသည်ဟု AA၏ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက Myanmar Now သို့ ယမန်နေ့က ပြောသည်။
“အကြမ်းဖက်စစ်ကောင်စီဘက်က စစ်ကူအင်အားတွေ ထပ်ဖြည့်ပြီးတော့ ဂွမြို့အနီးတဝိုက်ကို ပြန်လည် ဝင်ရောက်ဖို့ ကြိုးစားနေတာတွေရှိတဲ့အတွက်ကြောင့် တချို့နေရာတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြီးတော့ ပြင်းထန်နေတာတွေရှိပါတယ် ” ဟု သူက ဆိုသည်။