၂၀၂၄ ခုနှစ် ကုန်ဆုံးလာချိန်တွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တိုင်းရင်းသား လူမျိုးပေါင်းစုံ လက်နက်ကိုင် တော်လှန်ရေး မည်မျှခရီးရောက်ခဲ့ပြီကို ပြန်လည်ဆန်းစစ်သုံးသပ်ရန်နှင့် ၂၀၂၅ ခုနှစ် စစ်ရေး၊ နိုင်ငံရေး လားရာကို လှမ်းမျှော်ကြည့်ရန် အချိန်ကောင်း ဖြစ်ပါသည်။
ဤနှစ်အတွက် အထူးခြားဆုံးအချက်မှာ နှစ်ပေါင်း ၆၅ နှစ်အတွင်း ပထမဆုံးအကြိမ် စစ်တပ်ပြိုလဲလာခြင်း ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ စစ်တပ် ပြိုလဲလာခြင်း၏ အဓိက အကြောင်းတရားမှာ ပြည်တွင်းစစ်သမိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ရှားရှားပါးပါး မဟာဗျူဟာမြောက် ပူးပေါင်းစစ်ဆင်နိုင်မှုများကြောင့် ဖြစ်သည်။
အကယ်၍ ၂၀၂၅ ခုနှစ်ထဲတွင် တိုင်းရင်းသားတော်လှန်ရေးတပ်အားလုံး နိုင်ငံအနှံ့ တစ်ပြိုင်နက် ညီညွတ်စွာ ထိုးစစ်ဆင်ပါက မြန်မာ့မြေပေါ်တွင် စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းပြီး၊ သမိုင်းနိဒါန်းသစ် ရေးထိုးနိုင်မည် ဖြစ်သလို၊ အရှေ့တောင်အာရှဒေသက ဒုတိယ ဆီးရီးယားနိုင်ငံ ဖြစ်လာနိုင်ပါသည်။
၂၀၂၄ ခုနှစ် အကြို – ၁၀၂၇ စစ်ဆင်ရေးဖြင့် စစ်တပ်ကို မဟာဗျူဟာအငိုက်ဖမ်းနိုင်ခဲ့ခြင်း
စင်စစ် ၂၀၂၄ ခုနှစ် စစ်ရေးအောင်ပွဲများက ၂၀၂၃ ခုနှစ် ဆောင်းဦး၏ နေ့တစ်နေ့တွင် မြစ်ဖျားခံပါသည်။ ထိုနေ့ အောက်တိုဘာလ ၂၇ ရက်ကို အစွဲပြု၍ အမည်ပေးထားသော “၁၀၂၇ စစ်ဆင်ရေး” သည် နိုင်ငံအရှေ့မြောက် ဒေသ မြန်မာ-တရုတ် နယ်စပ်အနီး ချင်းရွှေဟော်နယ်စပ်မြို့၏ တိတ်ဆိတ်ငြိမ်သက်သော အာရုံတက်ချိန်တွင် မိုးကြိုးမုန်တိုင်းလျှပ်ပျက်သကဲ့သို့ ရုတ်ချည်းပေါ်ပေါက်လာခဲ့ခြင်းမှ စတင်ခဲ့သည်။
ထိုနေ့သည် မြန်မာနိုင်ငံ ပြည်တွင်းစစ်သမိုင်း၏ ကြီးမားသော အချိုးအကွေ့ ဖြစ်ခဲ့သည်။ သို့သော် နယ်စပ်မြို့ငယ်လေးတစ်ခုက ရဲကင်းစခန်းနှင့် စစ်တပ်စခန်းတချို့ကို ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင် ထူထောင်ခဲ့သော မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်သည့် သတင်းကို မိုင်ပေါင်းရာချီ ကွာလှမ်းသော နေပြည်တော်မှ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လွဲမှားစွာ တွက်ချက်ခဲ့ပြီး၊ အချိန်အများကြီးနှောင်းမှ အခြေအနေမှန်ကို သိရှိခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်များ အခြေစိုက်လှုပ်ရှားရာ နိုင်ငံ၏နယ်စပ်ဒေသများသည် မကြာခဏ တိုက်ပွဲ ဖြစ်ပွားတတ်သော ဓလေ့၊ ဆယ်စုနှစ်များစွာ မကြာခဏ အလစ်အငိုက် ခြုံခိုတိုက်ခိုက်ခံရမှုများနှင့် အသားကျနေခဲ့သော စစ်တပ်၊ ချင်းရွှေဟော်တိုက်ပွဲကို သာမန်အနှောက်အယှက်ပေးရုံ တိုက်ပွဲငယ်တစ်ခု အဖြစ် ယူဆခဲ့သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ၎င်း၏တပ်ဖွဲ့များ အလွယ်တကူ တန်ပြန်ခြေမှုန်းလျှင် ရန်သူတို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားလိမ့်မည်ဟု ပေါ့ပေါ့တန်တန် တွက်ဆခဲ့သည်။
ထို့အပြင် ကိုးကန့်စစ်ဘုရင်အဖြစ် ထင်ရှားသော ဖုန်ကြားရှင်နှင့် MNDAA ကို ၂၀၀၉ ခုနှစ် နှင့် ၂၀၁၅ ခုနှစ် စစ်ပွဲများတွင် နှစ်ကြိမ်တိုင်တိုင် အပြတ်အသတ်ခြေမှုန်းပြီး ကိုးကန့်မြေပေါ်မှမောင်းထုတ်နိုင်ခဲ့သော မင်းအောင်လှိုင်သည် MNDAA ၏ တတိယအကြိမ် တိုက်ခိုက်လာခြင်းကို အထင်အမြင်သေးစွာ မှားယွင်းတွက်ချက်မိကြောင်း သိရှိချိန်တွင် အခြေအနေက သွေးထွက်လွန် နောက်ကျသွားခဲ့လေပြီ။
စင်စစ် MNDAA တစ်ဖွဲ့တည်း မဟုတ်သလို၊ ချင်းရွှေဟော် တစ်နေရာတည်း တိုက်ခိုက်ခြင်း မဟုတ်ပါ။ ညီနောင် မဟာမိတ် ၃ဖွဲ့ (ကိုးကန့် MNDAA၊ တအာင်း TNLA နှင့် အာရက္ခ တပ်တော် AA) ပူးပေါင်းပြီး ကိုးကန့်ဒေသအပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၏ မူဆယ်-လားရှိုး မဟာဗျူဟာလမ်းမကြီးကို ကောင်းစွာထိန်းချုပ်နိုင်သော ကွက်ခိုင်နှင့် သိန္နီမြို့များကိုပါ တစ်ပြိုင်နက် ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။
စစ်ဆင်ရေး ပထမနေ့ဖြစ်သော ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာပင် ညီနောင်မဟာမိတ် ၃ဖွဲ့ သည် “၁၀၂၇ စစ်ဆင်ရေး” (Operation 1027) အမည်ဖြင့် “မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး” နိုင်ငံရေး ရည်မှန်းချက်ကို ဖော်ပြလျက် “စစ်ကောင်စီနှင့် ပြည်သူ့စစ် အဖွဲ့ များကို နှိမ်နှင်းရေး” စစ်ကြေညာခဲ့ကြသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများ ဆန့်ကျင် ဆန္ဒပြချိန်တွင်သာမက စစ်တပ်ကို လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန် ကြိုးပမ်းလာချိန်တွင်ပါ မည်သည့်သဘောထားမျှ ထုတ်ပြန်ခဲ့ခြင်း မရှိသလို၊ ထိုဖြစ်စဥ်များနှင့် ကင်းရှင်းလေသယောင် ပြုမူနေထိုင်ခဲ့သော ညီနောင်မဟာမိတ် ၃ဖွဲ့၏ ပိရိသေသပ်သော “မဟာဗျူဟာအငိုက်ဖမ်းခြင်း” (Strategic Ambush) ကို စစ်ကောင်စီ ခံလိုက်ရသည်။
အမှန်အားဖြင့် ညီနောင်မဟာမိတ် ၃ဖွဲ့ထက် စစ်တပ်၏ စစ်အင်အားက အဆပေါင်းများစွာ သာလွန်သည်။ သို့သော် အာဏာရှင်တို့ ကျဆုံးရခြင်းမှာ ရန်သူအင်အားကို မယှဥ်နိုင်ခြင်းထက် အာဏာရှင်၏ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခြင်းနှင့် ရန်သူကို အထင်သေးခြင်း “အတွင်းရန်” (The enemy within) ကြောင့် ဖြစ်သည်။ “၁၀၂၇ စစ်ဆင်ရေး” က မင်းအောင်လှိုင်ကို အရည်အချင်းကင်းမဲ့သော စစ်ဦးစီးချုပ်တစ်ဦးအဖြစ် မှတ်ကျောက်တင်ခဲ့ပြီ ဖြစ်သည်။
စစ်ပွဲတို့၏ ဝိသေသလက္ခဏာအတိုင်း ကနဦး နာရီ၊ နေ့ရက်များသည် ရန်သူကို မဟာဗျူဟာတန်ပြန်ထိုးစစ် ဆင်နွှဲရန် အရေးအကြီးဆုံး အချိန်ကာလဖြစ်ပြီး၊ စစ်တပ်သည် ထိုသို့လုံးဝဆင်နွှဲနိုင်ခြင်းမရှိဘဲ စစ်မျက်နှာ တိုင်းတွင် ဆက်တိုက်စစ်ဦးကျိုးလျက် ခံစစ်၊ ဆုတ်စစ်နှင့် မလွတ်မြောက်နိုင်သည့်အခြေအနေတွင် လက်နက်ချ အညံ့ခံခြင်းတို့ကို စစ်တပ်ပြိုလဲလာခြင်းအဖြစ် မြင်တွေ့ခဲ့ရသည်။
၂၀၂၄ ခုနှစ် နှစ်သစ်အကြို ရောက်လာသည့်အခါ တရုတ်-မြန်မာဆက်ဆံရေး အခြေခံအုတ်မြစ်ကို ကိုင်လှုပ်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” အဖြစ် ပကတိရုပ်သွင် ပေါ်ထွက်လာပါသည်။ တရုတ်အစိုးရသည် ကိုးကန့်ဒေသတွင် အခြေစိုက်ပြီး တရုတ်နိုင်ငံကို ဒုက္ခပေးနေသော ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နှင်းရေးအတွက် “၁၀၂၇ စစ်ဆင်ရေး” ကို မီးစိမ်းပြ အသုံးချခဲ့ရာမှ၊ ညီနောင်မဟာမိတ် ၃ဖွဲ့၏ စစ်ရေးရည်မှန်းချက်များသည် ၎င်းတို့ လိုလားချက်ထက် များစွာကျော်လွန်လာသောအခါ ဟန့်တားရန် ပြင်ဆင်လာပါသည်။
ထိုအခြင်းအရာက ပြသနေသည်မှာ တရုတ်အစိုးရသည် မြန်မာ-တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ၎င်းတို့၏အကျိုးစီးပွားအတွက် နယ်ရုပ်များအဖြစ် အသုံးချရန်သာ စိတ်ဝင်စားခြင်း ဖြစ်သည်။ ထိုအဖွဲ့များက မင်းအောင်လှိုင်စစ်တပ်ကို အောင်နိုင်လာသည့်အခါ တရုတ်ခေါင်းဆောင်များ၏ ဇာတိရုပ် ပေါ်ထွက်လာပါတော့သည်။
၂၀၂၄ ခုနှစ် အဖွင့် – လောက်ကိုင်ကျဆုံးခြင်း၊ တရုတ်စွက်ဖက်မှုနှင့် ဟိုက်ဂင်ဆွေးနွေးပွဲ
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် “၁၀၂၇ စစ်ဆင်ရေး” ၏ ဇာတ်ရှိန်အမြင့်ဆုံး နေ့ရက် ဖြစ်ခဲ့သည်။ ထိုနေ့သည် ဗြိတိသျှကိုလိုနီလက်အောက်မှ မြန်မာနိုင်ငံ လွတ်မြောက်ခဲ့သော လွတ်လပ်ရေးနေ့ ဖြစ်၍ နေပြည်တော်တွင် မင်းအောင်လှိုင် လွတ်လပ်ရေးအောင်ပွဲ အခမ်းအနား ကျင်းပနေချိန် ဖြစ်သည်။
သမိုင်း၏ လှည့်စားချက်များလား ထင်ရသည်။ နေပြည်တော်နှင့် မိုင်ပေါင်းများစွာ ဝေးကွာသော မြန်မာ-တရုတ် နယ်စပ် ကိုးကန့်ဒေသမြို့တော် လောက်ကိုင်တွင် ဆန့်ကျင်ဖက် ဖြစ်စဥ်တစ်ခု တစ်ပြိုင်နက် ဖြစ်ပွားခဲ့သည်။ ဗိုလ်မှူးချုပ် ၆ဦး ဦးစီးသော စစ်သည်အင်အား ၂,၅၀၀ ကျော် ပါဝင်သည့် ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒစက) တစ်ခုလုံး လက်နက်ချအခမ်းအနားနှင့်အတူ လောက်ကိုင်ကျဆုံးခြင်း သို့မဟုတ် ကိုးကန့်လူမျိုးတို့ စစ်တပ်လက်အောက်မှ လွတ်မြောက်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ် နှစ်သစ်ကူးပွဲ အဖြစ် ကျင်းပလျက်ရှိသည်။
ဒစက-လောက်ကိုင်သည် MNDAA ကို ရင်ဆိုင်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ခြင်းမဟုတ်၊ ကျည်တစ်တောင့် မပစ် ဖောက်လိုက်ရဘဲ MNDAA ထံ လက်နက်ချခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်သည် စစ်တပ်သမိုင်းတွင် ရှက်စရာ အကောင်းဆုံး ဖြစ်ရပ်နှင့် အစဥ်အလာမရှိခဲ့ဖူးသော အကြီးမားဆုံးလက်နက်ချမှုကြီး ဖြစ်ခဲ့သည်။
နောက်ပိုင်း MNDAA က ပြန်လွှတ်ပေးခဲ့သော လက်နက်ချ ဗိုလ်မှူးချုပ်များကို မင်းအောင်လှိုင် က စစ်တရားရုံး တင်ပြီး၊ သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ သို့သော် စစ်တပ်၏ အကြီးအကဲတစ်ဦးအနေဖြင့် ၎င်း၏တာဝန်ရှိမှုကို မျက်နှာပြောင်တိုက် ဖုံးကွယ်ခဲ့သည်။ စစ်တပ်တွင် အရည်အချင်းကင်းမဲ့သော စစ်ဦးစီးချုပ် တစ်ဦးအတွက် ပြစ်ဒဏ် မရှိလေရော့သလား။
“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း စစ်နယ်ဝန်းတစ်ခွင်လုံးရှိ ကွမ်းလုံ အခြေချ စစ်ဗျူဟာနှင့် ဒစက-လောက်ကိုင်ကဲ့သို အဓိက စစ်ဗျူဟာကွပ်ကဲမှုဌာနချုပ်များ အပါအဝင် ရာနှင့်ချီသော ရှေ့တန်းတပ်စခန်းများနှင့် နောက်တန်းအခြေစိုက် တပ်စခန်းများအားလုံး ကျဆုံးခြင်း၊ ထောင်နှင့်ချီသော စစ်သည်များ စခန်းစွန့်ခွာထွက်ပြေးခြင်း၊ လက်နက်ချအညံ့ခံခြင်း စသည့် ဖြစ်ရပ်များကို စစ်တပ်ပြိုလဲနိုင်ခြေ ညွှန်ပြ နေသော ရှေ့ပြေးလက္ခဏာများ အဖြစ် Myanmar Now က နှစ်ဆန်းပိုင်းတွင် မှတ်တမ်းပြုစု ရေးသားခဲ့ပါသည်။
၂လကျော် ကြာမြင့်ခဲ့သော စစ်ဆင်ရေးကာလအတွင်း ချင်းရွှေဟော်၊ ကွမ်းလုံ၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မုန်းကိုး၊ ပန်ဆိုင်း (ကြူကုတ်) စသည့် ကိုးကန့်ဒေသတစ်ခုလုံးနှင့် မူဆယ်-လားရှိုး အဓိက ကုန်သွယ်လမ်းမ ကြီးပေါ်ရှိ ကွတ်ခိုင်၊ သိန္နီနှင့် နမ့်ဖက်ကာ ကဲ့သို့ မြို့များအပြင်၊ ပလောင်လူမျိုးများ၏ နယ်မြေများဖြစ်သော နမ့်ခမ်း၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့ စသည် မြို့များစွာကို ညီနောင်မဟာမိတ် ၃ဖွဲ့ က သိမ်းပိုက် နိုင်ခဲ့သည်။
စစ်တပ်၏ မကြုံစဖူး အကြီးအကျယ် စစ်ရှုံးခြင်းက တရုတ်အစိုးရ ခေါင်းဆောင်များကိုပါ အံ့ဩတုန်လှုပ် စေခဲ့ဟန်တူပြီး၊ “ဟိုက်ဂင်” အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို အလျင်အမြန် ဖိအားပေး ဆောင်ရွက် ခဲ့ရသည်။ တရုတ်၏ ကြားဝင်စွက်ဖက်မှုသာ မပြုလုပ်ခဲ့ပါက ထိုစဥ်ကတည်းက စစ်တပ်ပြိုလဲမှုကို ပို၍လျင်မြန်စွာ မြင်တွေ့ရနိုင်ပါသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၉နာရီတွင် နှစ်ဖက်တပ်များ ရောက်သည့်နေရာတွင် အပစ်အခတ် ရပ်စဲရေး “ဟိုက်ဂင်သဘောတူညီချက်” ပေါ်ထွက်လာခဲ့ပြီး၊ ရှမ်းမြောက်ဒေသတွင် “၁၀၂၇ စစ်ဆင်ရေး” ရပ်တန့်သွား ခဲ့သည်။ စစ်တပ်ပြိုလဲမသွားစေရန် တော်လှန်ရေးကို အရှိန်တန့်စေမည့် တရုတ်စွက်ဖက်မှုအန္တရာယ် ကို ၂၀၂၄ ခုနှစ် အဖွင့်ကာလ ကတည်းက Myanmar Now က သုံးသပ်ရေးသားခဲ့သည်။ သို့သော် တရုတ်၏ စွက်ဖက်မှုကို နှစ်လယ်ပိုင်းနှင့် နှစ်ကုန်ပိုင်းတွင် ပို၍အန္တရယ်ကြီးစွာ မြင်တွေ့လာရသည်။
မြန်မာ့မြေပေါ်တွင် စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းရေး ပြင်းပြင်းပြပြ လိုလားတောင်းတခဲ့ကြသော ပြည်သူများသည် တရုတ်စွက်ဖက်မှု အန္တရာယ်ကိုပါ ကြုံတွေ့လာရပြီး၊ မည်မျှ ခံစားထိရှမည်ကို အထူး မေးစရာလိုမည် မထင်ပါ။ သို့သော် ဟိုက်ဂင်သဘောတူညီချက်ကို လက်ခံခဲ့သော MNDAA နှင့် TNLA ကို အပြစ်မတင်ခဲ့ကြပါ။ ၎င်းတို့ စွမ်းဆောင်နိုင်သမျှ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး လုပ်ဆောင်ခဲ့ကြသည်ဟု သဘောထားခဲ့ကြသည်။
မြန်မာပြည်သူတို့သည် စစ်ကိုလိုလား၍ မဟုတ်၊ စစ်အာဏာရှင်စနစ် တည်မြဲနေသမျှ လူ့ဂုဏ်သိက္ခာ အဆင့် အတန်းမဲ့စွာ ရှင်သန်နေရသော စစ်ကျွန်ဘဝကို အဆုံးသတ်ချင်၍ အခြားနည်းလမ်းကို ရွေးချယ်ခွင့်မရှိသည့် အဆုံးတွင် စစ်ရေးနည်းလမ်းကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ဆန္ဒနှင့် လိုလားချက်များ ကို တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ လစ်လျှူရှုလိမ့်မည်မဟုတ် ဟု မျှော်လင့်ခဲ့ကြသည်။
“ဟိုက်ဂင်သဘောတူညီချက်” တွင် အကြုံးမဝင်သော AA သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်း က ရခိုင်စစ်မျက်နှာတွင် စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” ကို ၂၀၂၄ ခုနှစ် တစ်နှစ်ပတ်လုံး စစ်ရပ်နားခြင်း မရှိဘဲ ထိုးစစ်ဆင်ခဲ့သည်။ ထိုအချိန်မှစ၍ စစ်ရေးအောင်မြင်မှုများ ဆက်တိုက်ရရှိခဲ့သော AA သည် ၂၀၂၄ ခုနှစ် ကုန်ဆုံးခါနီး ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းတည့်ချိန်တွင် စစ်တပ်၏ ရခိုင်ပြည်နယ် စစ်ဌာနချုပ်ဖြစ်သော အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် (နပခ) ကို အောင်မြင်စွာ သိမ်းပိုက်လိုက်ခြင်းဖြင့် “အာရက္ခအိမ်မက်” အကောင်အထည်ဖော်ရန် လွန်စွာနီးကပ်လာသည်ကို တွေ့မြင်လာရသည်။
မြန်မာ-တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအထဲ KIA (ကချင်လွတ်မြောက်ရေး တပ်မတော်) က တမူထူးခြားသည်။ မြန်မာ-တရုတ်နယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့များထဲတွင် ကချင် လူမျိုးများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို မွေးဖွားပေးခဲ့သော “ပင်လုံစာချုပ်” ၏ ပဲ့ကိုင်ရှင်များထဲ တွင် ပါဝင်သည်။ ထို့ကြောင့် ပြည်ထောင်စုအရေး အလေးထားသော KIA သည် တရုတ်အစိုးရဖိအားပေး သည့်ကြားမှ စစ်အာဏာသိမ်းချိန်ကတည်းက NUG နှင့် ပွင့်လင်းသော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက် မှုများ ထားရှိခဲ့သလို၊ PDF များကို လေ့ကျင့်လက်နက်တပ်ဆင်ပေးခဲ့ပြီး၊ နွေဦးတော်လှန်ရေးကို အပြည့်အဝထောက်ခံ ကူညီခဲ့သည်။
ဟိုင်ဂင်သဘောတူညီချက်ကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် “၁၀၂၇ စစ်ဆင်ရေး” ရပ်တန့်သွားချိန်တွင် KIA သည် စစ်တပ်ကို စစ်နားခွင့်မပေးဘဲ၊ မတ်လ ၇ ရက်နေ့တွင် “၀၃၀၇ စစ်ဆင်ရေး” ကို စတင်ခဲ့သည်။ စစ်တပ်သည် တစ်နေရာတွင် စစ်နားခွင့်ရလျှင် စစ်ရေးအားနည်းသော အခြားဒေသများကို ပိုမိုရက်စက်စွာ စစ်ဆင်တော့မည်ကို အတွေ့အကြုံအရ KIA ခေါင်းဆောင်များ သိရှိထားခဲ့သည်။ ထို့ကြောင့် “၁၀၂၇ စစ်ဆင်ရေး” နှင့် ဟန်ချက်ညီရန် “၀၃၀၇ စစ်ဆင်ရေး” ကို ဖော်ဆောင်ပြီး ကချင်ပြည်နယ်ရှိ စစ်တပ် အခြေစိုက်စခန်းများစွာကို တပြိုက်နက်ထဲထိုးစစ်ဆင်ခဲ့ရာ ယနေ့အချိန်တွင် ကချင်ပြည်နယ်၏ ဒုတိယ မြို့တော် ဗန်းမော်ကို အပြင်းအထန် ထိုးစစ်ဆင်နေပြီ ဖြစ်သည်။
“၁၀၂၇ စစ်ဆင်ရေး” ဤမျှ မြန်မြန်ဆန်ဆန် အရှိန်အဟုန်ပြင်းပြင်း ထိုးစစ်ဆင် အောင်မြင်ခဲ့ခြင်းက ညီနောင် မဟာမိတ် ၃ဖွဲ့ ၏ စစ်ရေးမဟာဗျူဟာနှင့် ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်နိုင်သော စစ်ရေးစွမ်းရည် တို့ကြောင့် ဖြစ်သည်။ သို့သော် “၁၀၂၇ စစ်ဆင်ရေး” အောင်မြင်မှုများကို သုံးသပ်သည့်အခါ ထိုစစ်ဆင်ရေးမတိုင်မီ ကနဦး အကြောင်းချင်းရာများ၏ ဆက်နွဲပံ့ပိုးမှုများကို ချန်လှပ်ထားလျှင် မပြည့်စုံဟု ယူဆပါသည်။
နွေဦးတော်လှန်ရေးနှင့်အတူ စစ်တပ်ကို လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲရန် နိုင်ငံအနှံ့ ပေါက်ဖွားလာသော ရာနှင့်ချီသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) များ၏ ပျောက်ကြားစစ်ဖြင့် နေ့စဥ်တိုက်ခိုက်နေမှုကို ၂၀၂၂-၂၀၂၃ ခုနှစ် ၂နှစ်လုံးလုံး ရင်ဆိုင်ခဲ့ရသော စစ်တပ်သည် လုံးဝအနားမရဘဲ စစ်ပန်းနေချိန်တွင် “၁၀၂၇ စစ်ဆင်ရေး” ကို အချိန်ကိုက် ဖော်ဆောင်ခဲ့ခြင်းက စစ်ရေးအောင်မြင်မှု၏ အဓိကသော့ချက်တစ်ခု ဖြစ်သည်။ အကယ်၍ စစ်အာဏာသိမ်းမှုမရှိဘဲ တိုင်းပြည်က ပုံမှန်အခြေအနေတွင် ထိုစစ်ဆင်ရေးကို ဖော်ဆောင်ခဲ့လျှင် ရလဒ်တစ်မျိုး ဖြစ်နိုင်ပါသည်။
အကြောင်းမှာ ညီနောင်မဟာမိတ် ၃ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ထိုးစစ်ကို စစ်ကူစေလွှတ်ခုခံရန် စစ်တပ်တွင် စစ်သည်အင်အားမရှိခြင်း၊ စစ်တပ်၏ အဓိကထောက်ပံ့ရေးလမ်းကြောင်းများကို PDF တော်လှန်ရေးတပ်ဖွဲ့ များ က နေရာအနှံ့ ပိတ်ဆို့ဖြတ်တောက်ထားနိုင်ခြင်း နှင့် ညီနောင်မဟာမိတ် ၃ဖွဲ့၏ အမိန့်ပေးစနစ်အောက် တွင် PDF တပ်ဖွဲ့များစွာ စနစ်တကျပူးပေါင်း တိုက်ခိုက်နိုင်ခဲ့ခြင်း စသည့် အချက်များကို စစ်အောင်နိုင်ခြင်း အကြောင်းချင်းရာများအဖြစ် ထည့်သွင်းသုံးသပ် မှ ပြည်စုံပါလိမ့်မည်။
၂၀၂၄ ခုနှစ် အဖွင့် စစ်တပ်၏ စစ်ရှုံးနိမ့်မှုများနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ အောင်ပွဲများကို မယုံကြည်နိုင် ဖွယ် တွေ့မြင်နေရသော နိုင်ငံတကာအသိုက်အဝန်းအတွက် ထိုဖြစ်စဥ်များသည် နိဒါန်းမျှသာဖြစ်ကြောင်း နှစ်လယ် နှင့် နှစ်ကုန်ပိုင်း စစ်တပ်၏ ပိုမိုကြီးကျယ်သော စစ်ရေးရှုံးနိမ့်မှုများ ထွက်ပေါ်လာသောအခါ သိမြင်သဘော ပေါက်လာကြသည်။
၂၀၂၄ ခုနှစ် နှစ်လယ် – လားရှိုး-ရမခ ကျဆုံးခြင်း၊ စစ်တပ်ပြိုလဲခြင်းနှင့် တရုတ်ဖိအားပြင်းထန်လာခြင်း
စစ်တပ် ပြိုလဲလာသည့် အရိပ်လက္ခဏာများ မြင်တွေ့ရသောအခါ “စစ်တပ်ပြိုလဲခြင်း = နိုင်ငံပြိုကွဲခြင်း” အဖြစ် ညီမျှခြင်းချ သုံးသပ်နားလည်ခဲ့ကြသူများအထဲ တရုတ်နိုင်ငံသာမက အနောက်နိုင်ငံကြီးများပင် ပါဝင်နေသည် ကို အံ့ဩစွာ တွေ့မြင်လာရသည်။
လက်ရှိဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခကို ရပ်တန့်ပြီး၊ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် စေ့စပ်ဆွေးနွေးရန် တရုတ်အစိုးရက ပွင့်လင်းစွာ ရပ်တည်ပြောဆို လုပ်ကိုင်သော်လည်း၊ စစ်အာဏာသိမ်းမှုကို လက်မခံဘဲ၊ မင်းအောင်လှိုင်၏လုပ်ရပ်များကို ကျယ်လောင်စွာဆန့်ကျင်ဝေဖန်ခဲ့သော အနောက်နိုင်ငံများသည် စစ်တပ်ပြို လဲမှာကို မလိုလားဘဲ စစ်တပ်နှင့် ဆွေးနွေးညှိနှိုင်းရန် တိုးတိုးကြိတ်ကြိတ် ဖြစ်စေချင်သောဆန္ဒများ ရှိနေကြ သည်ကို တွေ့လာရသည်။
ထိုအခြေအနေသည် NUG နှင့် တော်လှန်ရေးအင်အားစုများ ရည်မှန်းထားသော စစ်အာဏာရှင်စနစ်အလွန် “ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်” တည်ဆောက်ရေးအပေါ် အနောက်နိုင်ငံများ သံသယဝင်နေခြင်းကို ပြသနေ ပြီး၊ ယင်းသည် မြန်မာ့နိုင်ငံရေး “ပါရာဒိုင်းအရွေ့” အပေါ် နိုင်ငံတကာအသိုက်အဝန်း တာဝန်ပျက်ကွက်မှု ကြီး ဖြစ်သည်။
မြန်မာ့ပဋိပက္ခ လားရာကို နိုင်ငံတကာအသိုက်အဝန်း၏ တွက်ချက်မှုများက မြန်မာ့ပြဿနာကို ကောင်းစွာ နားမလည်ခြင်း အဖြစ် လေ့လာတွေ့ရှိခဲ့ရသည်။ ဟိုက်ဂင်သဘောတူညီချက်ကို MNDAA နှင့် TNLA တို့ သဘော တူလက်ခံမှုကို မြင်တွေ့လိုက်ချိန်တွင် မြန်မာ့အရေးကျွမ်းကျင်သူ ဟု ကိုယ့်ကိုယ်ကို သတ်မှတ်ကြ သူ (Self-claimed Myanmar Experts) များက တော်လှန်ရေး နောက်ပြန်လှန်တော့မယောင် ပြောဆို လာကြသည်။
၎င်းတို့ကျွမ်းကျင်သော တက္ကဗေဒနည်းဖြင့် နေပြည်တော်ထိ တိုက်ခိုက်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မရှိဘူး ဟု တစ်မျိုး၊ နွေဦးတော်လှန်ရေးကြောင့် နိုင်ငံပြိုကွဲရေးလမ်းကြောင်းကို ဦးတည်နေသယောင်၊ နိုင်ငံ အစိတ်စိတ်အမွှာမွှာ ကွဲပြားသွားနိုင်သည် ဟု တစ်ဖုံ၊ ပြည်သူများ၏ဆန္ဒနှင့် ခံစားနေရမှုများကို လစ်လျှူရှု့ လှောင်ပြောင်သော သုံးသပ်ချက်များ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် မြန်မာ့ပဋိပက္ခ လားရာက နိုင်ငံပြိုကွဲနိုင်ခြင်းလော၊ စစ်တပ်ဖိနှိပ်မှုမှ လွတ်မြောက်ခြင်းလော ဆိုသည့်အချက်ကို မေးခွန်း ထုတ် သုံးသပ်တင်ပြခဲ့သည်။
တရုတ် ဖန်တီးခဲ့သော ဟိုက်ဂင်သဘောတူညီချက် ၅လခွဲမျှသာ အသက်ဝင်ခဲ့ပြီး၊ ဇွန်လ ၂၅ ရက်နေ့တွင် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်း ပြန်လည်စတင်ခြင်းနှင့်အတူ ပြိုကွဲသွားခဲ့သည်။ အစောတလျှင် သုံးသပ်ခဲ့ ကြသော မြန်မာ့အရေးကျွမ်းကျင်သူများလည်း ပြန်လည်နှုတ်ဆိတ်သွားခဲ့သည်။
ဟိုက်ဂင်သဘောတူညီချက် က စစ်တပ်အတွက် “စစ်ရှုံးစာချုပ်” ဖြစ်နေပြီး၊ ထိုစာချုပ်ကို မလိုက်နာနိုင်သော မင်းအောင်လှိုင်သည် TNLA နှင့် MNDAA သိမ်းပိုက်ထားသော မြို့များကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ဟိုက်ဂင်သဘောတူညီချက်ကို အတင်းအကျပ်လိုက်နာနေရသလို ဖြစ်နေပြီး၊ မည်သို့မျှ ပြန်လည်တုံ့မှု မပြုခဲ့သော TNLA သည် နောက်ဆုံးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF) နှင့် ပူးပေါင်းပြီး၊ “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းအတွင်း သိမ်းပိုက်ခြင်း မပြုဘဲ ချန်ထားခဲ့သော ရှမ်းမြောက်က လက်ကျန်မြို့များဖြစ်သည့် နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့များကို တပြိုက်နက်ထဲ ထိုးစစ်ဆင်ခဲ့သည်။ စစ်ဆင်ရေး တစ်လတိတိအကြာ ဇူလိုင် ၂၅ ရက်နေ့ တွင် ကမ္ဘာကျော် မြန်မာ့ပတ္တမြား ထွက်ရှိရာ ပတ္တမြားမြေ မိုးကုတ်မြို့ကို TNLA သိမ်းပိုက် နိုင်ခဲ့သည်။
TNLA နှင့် ပူးပေါင်းတိုက်ပွဲဝင်နေသော NUG လက်အောက်ခံ MDY-PDF သည် “ရှမ်း-မန်း စစ်ဆင်ရေး” အမည် ဖြင့် ပထမဆုံးအကြိမ် မြန်မာနိုင်ငံ၏ ဒုတိယမြို့တော် မန္တလေးနှင့် မိုင် ၂၀ခန့်သာဝေးသည့် ဧရာဝတီမြစ်ကို စိုးမိုးထိန်းချုပ်နိုင်မည့် မတ္တရာ၊ ထိုမှတစ်ဆင့် ဧရာဝတီမြစ်အတိုင်း မြောက်ဖက်ရှိ စဥ့်ကူး၊ တကောင်းနှင့် သပိတ်ကျင်းမြို့တို့ကို ဆက်တိုက် ထိုးစစ်ဆင်ခဲ့ရာ မတ္တရာမှလွဲ၍ ကျန်မြို့အားလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး၊ မတ္တရာမြို့၏ နယ်မြေအများစုကိုပါ သိမ်းထားနိုင်သည်ထိ စစ်ရေးအောင်မြင်မှု များ ရရှိလာပြီး၊ မန္တလေးမြို့ စစ်မီးဝိုင်းလာသည့် အခြေအနေ ရောက်လာခဲ့သည်။
“၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်း ရက်သတ္တပတ် တစ်ပတ်ခန့်အကြာ ဇူလိုင်လ ၂ ရက်နေ့ ညပိုင်းမှစတင်ပြီး MNDAA သည် စစ်ဆင်ရေးထဲ ဝင်ရောက်လာပြီး လားရှိုးမြို့အနီးရှိ စခန်း ၄ ခုကို တစ်ပြိုင်နက် ဝင်တိုက် ခဲ့သည်။ တစ်လတိတိအကြား ဩဂုတ်လ ၃ ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နှင့် ရှမ်းမြောက်ဒေသ ၏ မြို့တော်လားရှိုးကို MNDAA က အောင်မြင်စွာ သိမ်းပိုက်ထိန်းချုပ်လိုက်သည်။ လားရှိုးမြို့နှင့် ရမခ စစ်ဌာနချုပ်ကျဆုံးခြင်းသည် စစ်တပ်သမိုင်းတွင် နောက်ထပ် စံချိန်တင် ရှုံးနိမ့်မှုကြီး ဖြစ်လာခဲ့သည်။
“၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်း စစ်ရိပ်စစ်ငွေ့များ နိုင်ငံ၏ ဒုတိယမြို့တော် မန္တလေးကို အုပ်မိုးလာချိန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မျက်ဖြူစိုက်သည့်အဆင့် ရောက်လာပြီး၊ မန္တလေးမြို့ကို ဆက်လက် ထိုးစစ် မဆင်ရေးနှင့် ထိုးစစ်များရပ်တန့်ပေးရန် တရုတ်အစိုးရအကူအညီကို အပြေးအလွှာ တောင်းခံခဲ့ သည်။ ထိုအခြေအနေကို စောင့်ဆိုင်းနေသော တရုတ်အစိုးရသည် ရမခ ကျဆုံးပြီး ၁၁ ရက်မြောက်နေ့ ဩဂုတ်လ ၁၄ ရက်နေ့ တွင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို နေပြည်တော်သို့ စေလွှတ်ခဲ့ပြီး၊ မင်းအောင်လှိုင်နှင့် အပေးအယူ ပြုလုပ်စေ ခဲ့သည်။
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်း – တရုတ်ဖိအားကြောင့် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်း ရပ်တန့်ခြင်း
ဝမ်ယိခရီးစဥ်နောက်ပိုင်း ဩဂုတ်လ ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှရေးရာ အထူး ကိုယ်စားလှယ် တိန့်ရှီကျွင်းသည် မြန်မာ-တရုတ်နယ်စပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် အင်အား အတောင့်တင်းဆုံးနှင့် ဩဇာအကြီးဆုံး “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် (UWSP/UWSA) ခေါင်းဆောင်များကို တရုတ်နိုင်ငံ ဖူအာ (Pu’er) မြို့သို့ ခေါ်ယူတွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံမှု လျှို့ဝှက်အစည်းအဝေးမှတ်တမ်း ကို Myanmar Now က အောက်တိုဘာလဆန်းတွင် ဦးစွာ လက်ခံရရှိ လေ့လာခွင့်ရခဲ့ပြီး၊ တရုတ်အစိုးရသည် မင်းအောင်လှိုင်စစ်အုပ်စု ပြုတ်ကျမည်ကို မလိုလားကြောင်း ထိုမှတ်တမ်းအရ ပေါ်လွင်ထင်ရှားလာပါသည်။
လျှို့ဝှက်အစည်းအဝေးမှတ်တမ်းအရ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းတွင် MNDAA က လားရှိုးမြို့ကို သိမ်း ပိုက်ခဲ့ခြင်းအပေါ် “ဝ” ခေါင်းဆောင်များကို တိန့်ရှီကျွင်း ပြောကြားချက်များထဲမှ (၁) လားရှိုးမြို့ကို သိမ်းပိုက်ခဲ့ ခြင်းအား အသိအမှတ်မပြု၊ (၂) MNDAA သည် အမေရိကန်နှင့် အနောက်အုပ်စု ထောက်ပံ့ ထားသော NUG/PDF တို့နှင့် ပူးပေါင်းပြီး စစ်ကောင်စီပြုတ်ကျရေး ဦးဆောင်နေပြီး၊ (၃) MNDAA သည် မန္တလေးမြို့ကို သိမ်းပိုက်ရန် ကြံစည်နေသည် ဟု စွပ်စွဲပြောဆိုချက်များကို လေ့လာတွေ့ရှိခဲ့သည်။
MNDAA ၏လုပ်ရပ်သည် တရုတ်အစိုးရကို ဆန့်ကျင်လျက်ရှိပြီး၊ လောက်ကိုင်၏အချမ်းသာဆုံး ကိုးကန့် မိသားစု ၄စု ခြေမှုန်းခံရသလို “ဖုန်” မိသားစုလည်း ခြေမှုန်းခံရမည်၊ တရုတ်အစိုးရအပေါ် MNDAA ကျိုးနွံ ဝပ်တွားလာစေရန် ကိုးကန့်ဒေသကို “ဖြတ် ၅ ဖြတ်” ဖြင့် အလုံးစုံ ဖြတ်တောက်ပိတ်ဆို့ အရေးယူနေပြီ ဟု တိန့်ရှီကျွင်းက ကြိမ်းဝါးလျက် “ဝ” ခေါင်းဆောင်များကိုပါ တရုတ်အစိုးရနှင့် မပူးပေါင်းလျှင် အလားတူ ပိတ်ဆို့အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်။
တိန့်ရှီကျွင်း၏ စွပ်စွဲချက် ၃ချက်စလုံးကို တုန့်ပြန်သည့် ကြေညာချက် တစ်စောင်ကို ကိုးကန့်မီဒီယာမှ တစ်ဆင့် MNDAA က စက်တင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး၊ ချက်ချင်း ပြန်လည်ဖြုတ်ချသွားခဲ့ သည်။ သို့သော် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထိုကြေညာချက် ကိုပင် ထပ်မံထုတ်ပြန်ခဲ့ပြီး၊ NUG နှင့် စစ်ရေး နိုင်ငံရေး ပူးပေါင်းမည်မဟုတ်ဘဲ၊ မန္တလေးနှင့် တောင်ကြီးများကို ထိုးစစ်ဆင်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။
သို့သော် တရုတ်လိုလားသော လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန်လည်လွှဲပြောင်းပေးရေးအချက် ချန်လှပ်ထားခဲ့ခြင်းဖြင့် တရုတ်ဖိအားကို အာခံခဲ့သည်။ ထို့အပြင် စစ်တပ်က တိုက်ခိုက်လာလျှင် ကိုယ့်ကိုယ် ကို ခုခံကာကွယ်ပိုင်ခွင့် ကိုင်စွဲထားမည်ဟု ကြေညာချက်တွင် ဖော်ပြထားရာ တရုတ်ခေါင်းဆောင်များ ကျေနပ်နိုင်မည် မဟုတ်ပါ။
နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနှင့် တွေ့ဆုံရန် ယူနန်ပြည်နယ်သို့ သွား ရောက်ခဲ့သော ကိုးကန့်ခေါင်းဆောင်ဖုန်တာရွှင်ကို တရုတ်အစိုးရက အကျယ်ချုပ် ဖမ်းထားလိုက်ပြီ ဆိုသည့် သတင်းများ ထွက်ပေါ်လာသည်။ ထိုသတင်းကို တရုတ်အစိုးရက ဖုန်တာရွှင် ယူနန်ပြည်နယ်တွင် ဆေးကုပြီး အနားယူနေကြောင်း တုန့်ပြန်ခဲ့သော်လည်း၊ ဖုန်တာရွှင် ကိုးကန့်ဒေသသို့ ပြန်ခွင့်မရဘဲ ယူနန်တွင် ရှိနေသည် မှာ သေချာစေခဲ့သည်။
၎င်းတို့၏ ခေါင်းဆောင်ကို ဖမ်းထားပြီး ဖိအားပေးနေသော တရုတ်၏ ပြန်ပေးဆွဲ စေ့စပ်ရေးနည်းလမ်း (Hijack Negotiation) ကြောင့် MNDAA သည် ဒုတိယမြောက် ကြေညာချက် ကို ဒီဇင်ဘာလ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
MNDAA သည် ပထမကြေညာချက်တွင် ချန်လှပ်ခဲ့သော လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စများကို တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းမည် ဆိုသည့်အချက်နှင့် နိုင်ငံမှခွဲထွက်ပြီး နိုင်ငံသစ် ထူထောင်ခြင်းမပြု ဆိုသည့် အချက်များ ပါဝင်လာသည်။ ထိုကြေညာချက်ကို သုံးသပ်ရလျှင် ညီနောင်မဟာမိတ် ၃ဖွဲ့သည် နိုင်ငံမှခွဲထွက်ရန် တိုက်ခိုက်နေကြခြင်းဖြစ်သည် ဟု မင်းအောင်လှိုင် က တရုတ်ခေါင်းဆောင်များကို သွေးထိုးထားကြောင်း ပေါ်လွင်ထင်ရှားလာပါသည်။
ထို့အပြင် MNDAA သည် ကြေညာချက်တွင် ဒီဇင်ဘာလ ၃ ရက်နေ့မှစပြီး ၎င်း၏တပ်များ ရောက်သည့် နေရာတွင် အပစ်ရပ်စဲပြီး၊ စစ်ကောင်စီမှ မြန်မာနိုင်ငံနေရာအနှံ့တွင် ဖော်ဆောင်နေသော ဝေဟင်နှင့်မြေပြင် ထိုးစစ် ဆင်တိုက်ခိုက်နေမှုများကို ရပ်ဆိုင်ပေးရမည် ဟု တောင်းဆိုထားသည်။ မိမိကိုယ်ကိုယ်ခုခံကာကွယ် ခွင့်အား ယခင်နည်းတူ ဆက်လက်ကိုင်စွဲသွားမည် ဟု ဖော်ပြထားသည်။
ထိုအချက်များကို သုံးသပ်ရလျှင် MNDAA သည် တရုတ်ဖိအားကို လုံးဝအလျှော့ပေးလိုက်ခြင်းမျိုး မဟုတ်ဘဲ၊ တရုတ်အစိုးရအနေဖြင့် စစ်ကောင်စီ လိုက်နာရန် ဖိအားပေးလုပ်ဆောင်ရမည့် အချက်ကိုပါ ထည့်သွင်းထားခြင်း၊ ၎င်းတို့၏ ကိုးကန့်နယ်မြေကို မရည်ညွန်းဘဲ “မြန်မာနိုင်ငံနေရာအနှံ့” ဟု ဖော်ပြထား ခြင်းက တစ်နိုင်ငံလုံး အရေးကိစ္စများကို ထည့်သွင်းတောင်းဆိုသည့် ၎င်းတို့၏ နိုင်ငံရေးရပ်တည်ချက်ကို ဖော်ပြခဲ့သည်။
MNDAA နည်းတူ TNLA သည် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် “စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေး အဖြေရှာ ရန် အမြဲတမ်းအသင့်ရှိကြောင်း” ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ တရုတ်ဖိအားကြောင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း TNLA ခေါင်းဆောင်ပိုင်းက မီဒီယာများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆို ခဲ့ပါသည်။
MNDAA နှင့် TNLA တို့၏ တရုတ်ဖိအားကို ကိုင်တွယ်ပုံမှာ လွန်စွာပါးနပ်မှုရှိပြီး၊ ယခင်က ထိုအဖွဲ့များကို တရုတ် ဩဇာခံအဖွဲ့များအဖြစ် စစ်ရေးကျွမ်းကျင်းသူ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်လက်ခံထားခဲ့ကြသော အခြေအနေ နှင့် ကွာခြားပြီး၊ ၎င်းတို့ လူမျိုးများအရေးထက် တရုတ်ကို ဦးစားပေးလိုက်လျောသော အဖွဲ့များမဟုတ် ဆိုသည့် ပကတိရုပ်သွင်များ ပေါ်ထွက်လာပါသည်။
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်း – တရုတ်ဖိအားကြားမှ AA နှင့် KIA တို့၏ စစ်ရေးအောင်ပွဲများ
ညီနောင်မဟာမိတ် ၃ဖွဲ့ထဲမှ MNDAA နှင့် TNLA တို့သည် တရုတ်ဖိအားကြောင့် စစ်ကောင်စီနှင့် တွေ့ဆုံ ဆွေးနွေးရန် ကြေညာချက်အသီးသီး ထုတ်ပြန်နေချိန်၊ AA သည် ရခိုင်စစ်မျက်နှာတွင်လည်းကောင်း၊ KIA သည် ကချင်စစ်မျက်နှာတွင်လည်းကောင်း၊ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကြီးကျယ်သော စစ်ရေးအောင်ပွဲ အသီးသီး ရရှိနေကြသည်။
ရခိုင်စစ်မျက်နှာ – စက်တင်ဘာလဆန်းပိုင်းမှစ၍ တစ်လှိုင်းပြီး တစ်လှိုင်း ထိုးစစ်ဆင်လာသော AA ၏ ရခိုင် စစ်မျက်နှာ ထိုးစစ်များက အံ့မခန်း ပြင်းထန်လှသည်။ AA သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထဲတွင် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ဘက်စုံအင်အားသုံး တိုက်ခိုက်မှုများကို ရင်ဆိုင်အံတု အောင်နိုင်ခဲ့ သော အဖွဲ့ ဖြစ်လာပါသည်။
စက်တင်ဘာလ ၅ ရက်နေ့တွင် စစ်အာဏာရှင်ဟောင်း နေဝင်းလက်ထက်မှ မင်းအောင်လှိုင်အထိ ခေတ် အဆက်ဆက် စစ်ဗိုလ်ချုပ်ကြီး လက်ဝါးကြီးအုပ်ခဲ့ကြသော ကမ္ဘာကျော်ငပလီကမ်းခြေ သံတွဲမြို့၏ နောက်ဆုံး လက်ကျန်စခန်းဖြစ်သော မောင်ရွှေလေးရေတပ်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် သံတွဲမြို့ကို အလုံးစုံသိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။ AA ၏ ထိုးစစ် ရခိုင်မြောက်ပိုင်းမှ တောင်းပိုင်းသို့ ဦးလှည့်လာခြင်း ဖြစ်သည်။
ထို့အတူ အောက်တိုဘာလထဲက ဆက်တိုက်ထိုးစစ်ဆင်ခဲ့သော မောင်တောမြို့၏တစ်ခုတည်းသော လက်ကျန် အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ – ၅) ကို ဒီဇင်ဘာလ ၈ ရက်နေ့တွင် သိမ်းပိုက် နိုင်ခဲ့သည်။ အင်အား ၇၀၀ ခန့်ဖြင့် အခိုင်အမ်ခံတပ်ပြင်ဆင်ခုခံခဲ့သော နခခ-၅ တိုက်ပွဲတွင် စစ်ကောင်စီ ဖက်က ၄၅၀ ခန့် သေဆုံးပြီး၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၁၅) ၏ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် ရာနှင်ချီသော စစ်သုံ့ပန်းများ အရှင်ဖမ်းဆီးရမိခဲ့သည်။ နခခ-၅ ကို “ကြွက်မင်းစစ်ဆင်ရေး” ဖြင့် လှိုဏ်ခေါင်းတူ ထိုးဖောက်ဝင်ရောက်ခဲ့ခြင်းသည် AA ၏ နောက်ထပ် စံချိန်တင် စစ်ရေးအောင်မြင်မှု ဖြစ်ခဲ့သည်။
တစ်ပြိုင်နက်ထဲတွင် နိုဝင်ဘာလ ၄ ရက်နေ့ကတည်းက ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ပြီး၊ တောင်ကုတ် တစ်မြို့လုံးကို နိုဝင်ဘာ ၂၄ ရက်နေ့တွင် ထိန်းချုပ်ထားခဲ့သော AA သည် နောက်ဆုံးကျန် အဓိကစခန်းကြီး ဖြစ်သည့် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၅) နှင့် ခြေမြန်တပ်ရင်း ၂ရင်းတို့ကို ဒီဇင်ဘာလ ၁၄ ရက်နေတွင် အပြီးသတ်ခြေမှုန်းသိမ်းပိုက်ကာ၊ တောင်ကုတ်မြို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
သံတွဲ၊ မောင်တောနှင့် တောင်ကုတ်မြို့များကို ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်လာသော AA သည် အမ်းမြို့ ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကိုလည်း တစ်ပြိုင်နက်ထဲ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်လျက်ရှိရာ ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းတည့်ချိန်တွင် တိုင်းစစ်ဌာနချုပ် နောက်တစ်ခုကို စစ်ကောင်စီ လက်လွှတ်ရ ပြီး၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို အရှင်ဖမ်းဆီး ရမိခဲ့သည်။
နပခ ကို သိမ်းပိုက်ခြင်းသည် ရခိုင်ပြည်နယ်တစ်ခုလုံး၏ တိုင်းစစ်ဌာနချုပ်ကြီးကို သိမ်းပိုက်အောင်နိုင်ခြင်း ဖြစ်ပြီး၊ ဩဂုတ်လ ၃ ရက်နေ့ လားရှိုး ရမခ ကျဆုံးပြီးနောက်၊ စစ်ကောင်စီ၏ ဒုတိယမြောက် တိုင်းစစ်ဌာန ချုပ် ကျဆုံးခြင်း ဖြစ်သည်။
AA ၏ ဆင့်ကဲထိုးစစ်လှိုင်းများသည် ဤဆောင်းပါးရေးသားနေချိန်တွင် ဂွမြို့ကို ထိုးစစ်အရှိန်မြှင့် တိုက်ခိုက် နေပြီး၊ ၂၀၂၄ ခုနှစ် နှစ်မကုန်မီ သိမ်းပိုက်ရန် ကြိုးပမ်းနေပုံရသည်။ ဂွမြို့ကို သိမ်းပိုက်ရရှိပါက၊ ရခိုင်ပြည်နယ် တစ်ခုလုံးတွင် မြို့တော် စစ်တွေ၊ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတည်ရှိရာ ကျောက်ဖြူ နှင့် မာန်အောင်ကျွန်းတို့သာ ကျန်ရှိတော့သည်။
ကချင်စစ်မျက်နှာ – ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ကချင်စစ်မျက်နှာ၌ KIA ဦးဆောင်သည့် ပူးပေါင်းတပ် များက “၀၃၀၇ စစ်ဆင်ရေး” စတင်ခဲ့ပြီး၊ KIA ၏ စစ်ရေးလှုပ်ရှားမှုသတင်းများ သိုဝှက်စွာထိန်းသိမ်းတတ် သော ကြောင့်၊ ကချင်ပြည်နယ်ထဲမှ စစ်ကောင်စီ၏ အဓိက စစ်စခန်းကြီးများနှင့် မြို့များသိမ်းပိုက်မှု သတင်းက ရှမ်း-မန်း စစ်ဆင်ရေးနှင့် ရခိုင်စစ်မျက်နှာတွင် စစ်ရေးအောင်မြင်မှုများကဲ့သို့ သတိပြုမိသူ နည်းပါးခဲ့သည်။ သို့သော် ယနေ့အချိန်ထိ KIA သည် “၀၃၀၇ စစ်ဆင်ရေး” ဖြင့် စစ်စခန်းကြီးငယ် ၂၀၀ ကျော် သိမ်းပိုက်ထားပြီးဖြစ်သည်။
သို့ရာတွင် ယခင်စစ်အစိုးရလက်ထက်ကတည်းက ကချင်အထူးဒေသ (၁) အဖြစ် သတ်မှတ်ခဲ့သော ပြည်နယ် မြို့တော် မြစ်ကြီးနား၏ အရှေ့မြောက်ဖက် မြေရှားသတ္တု (Rare Earth) ထွက်ရှိရာ အဓိကနယ်မြေအဖြစ် လူသိ များသော ချီဗွေမြို့နယ်ကို အောက်တိုဘာ ၁ ရက်၊ ဆော့လော်မြို့ကို အောက်တိုဘာ ၂ ရက်၊ မြန်မာ-တရုတ် နယ်စပ် ပန်ဝါမြို့ကို အောက်တိုဘာ ၁၅ ရက် နှင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုင်တည် ကို နိုဝင်ဘာ ၂၀ ရက်နေ့တို့တွင် ဆက်တိုက်သိမ်းပိုက်ပြီးချိန်တွင် KIA ၏ စစ်ရေးအောင်မြင်မှုက မြေရှားသတ္တု နည်းတူ ကမ္ဘာ့သတင်းများ၏ မျက်နှာဖုံး ဖြစ်လာခဲ့သည်။
၁၉၉၃ ခုနှစ်တွင် KIA မှ ခွဲထွက်၍ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးပြီး၊ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDAK) ကို တည်ထောင်ခဲ့သူ ဇခုန်တိန်ယိန်းသည် ကချင်အထူးဒေသ (၁) ကို နှစ်ပေါင်း ၃၀ ကြာ စိုးမိုးထိန်းချုပ်ထားခဲ့ သည်။ ၂၀၀၉ ခုနှစ်တွင် NDAK မှ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အသွင်ပြောင်းလဲခဲ့ပြီး နှစ်စဥ် ဒေါ်လာဘီလီယံနှင့်ချီသော မြေရှားသတ္တုမိုင်းလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားသော ဇခုန်တိန်ယိန်းသည် တရုတ်အစိုးရနှင့် ကုမ္ပဏီများ၏ ပေါက်ဖော်မိတ်ဆွေကြီး ဖြစ်ခဲ့သည်။ ၎င်း၏ ပြည်သူစစ်ဌာနချုပ် ပန်ဝါမြို့တွင် နေထိုင်သလို၊ တစ်ဖက်နိုင်ငံ ထိန်ချုံးတွင်လည်း နေထိုင်သည်ဟု သိရသည်။
ကချင်အထူးဒေသ (၁) ကို KIA သိမ်းပိုက်ချိန်တွင် ဇခုန်တိန်ယိန်းသည် ၎င်း၏ ပန်ဝါမြို့နေအိမ်တွင် မရှိဘဲ၊ ထိန်ချုံးမြို့တွင် ဆေးကုသမှုခံယူနေသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ KIA သည် ဇခုန်တိန်ယိန်း၏ ပြည်သူ့စစ်တပ်ဖွဲ့ကို အပြီးသတ်ခြေမှုန်းရှင်းလင်းနိုင်ခဲ့ပြီး၊ မြေရှားသတ္တုလုပ်ငန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ ခြင်းကြောင့် ထိုလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားသော တရုတ်ကုမ္ပဏီများ၊ တရုတ်အစိုးရနှင့် မြေရှားသတ္တု ကမ္ဘာ့ဈေးကွက်ကိုပါ လှုပ်ခတ်သွားစေခဲ့သည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် အခြားပြည်နယ်များသည် တရုတ်နှင့်နယ်စပ်ထိစပ်နေသော ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပေါကြွယ်ဝသော သတ္တုသယံဇာတများကို ဆယ်စုနှစ်နှင့်ချီပြီး နည်းလမ်းမျိုးစုံ ဖြင့် ထုတ်ယူတင်သွင်း လျက်ရှိသည်။
ယခုအခါ မြန်မာ-တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အာဏာသိမ်းစစ်တပ် ကို ဆန့်ကျင်လျက် နယ်စပ်တစ်လျှောက်နယ်မြေများကို သိမ်းပိုက်ထိန်းချုပ်လာနိုင်ခြင်းသည် တရုတ်အစိုးရ ယခင်က လုံးဝမကြုံဖူးသော အခြေအနေသို့ ရောက်ရှိလာပြီး၊ တရုတ်၏ မြန်မာပြည်တွင်းက ဘီလီယံနှင့်ချီ သော ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု အကျိုးစီးပွားများ အကြီးအကျယ် ထိခိုက်နစ်နာ ခြိမ်းခြောက်ခံနေရပြီ ဖြစ် သည်။
ထိုအခြေအနေတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဖက်မှ ရပ်တည်လိုက်သော တရုတ်၏ မြန်မာမူဝါဒ မျှခြေ ပျက်ယွင်းခြင်းနှင့် ဆုံးရှုံးနိုင်ခြေများ ကို Myanmar Now က ကိန်းဂဏန်း အထောက်အထားများ အခြေပြု လေ့လာသုံးသပ်ခဲ့ရာ၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ကချင်ပြည်နယ်မှ မြေရှားသတ္တု တင်သွင်းမှု ဒေါ်လာ ၃.၆ ဘီလီယံအပါအဝင် သတ္တုသယံဇာတ ၁၃ မျိုး တင်သွင်းမှု ဒေါ်လာ ၁၄.၂ ဘီလီယံကျော်နှင့် သဘာဝဓာတ်ငွေ့တင်သွင်းမှု၊ ဒေါ်လာ ၅.၃ ဘီလီယံကျော်၊ စုစုပေါင်းတန်ဖိုး ဒေါ်လာ ၂၀ ဘီလီယံနီးပါး ရှိခဲ့သည်။
ထိုမျှကြီးမားသော အကျိုးစီးပွာများကို ကာကွယ်ရန် ၂၀၂၄ ခုနှစ်အတွင်း တရုတ်အစိုးရသည် မြန်မာအရေးကို အကြီးအကျယ် ဝင်ရောက်စွက်ဖက်လာနေခြင်းအား တွေ့မြင်လာရခြင်း ဖြစ်သည်။ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံက ၎င်း၏ကိုယ်ကျိုးစီးပွားရှေ့ရှုသော မူဝါဒဖြင့် စစ်အာဏာရှင် မင်းအောင်လှိုင်ကို ကူညီနေခြင်း၊ အားနည်းသော လူနည်းစု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် ဖိနှိပ်ခြင်းဖြင့် မြန်မာအရေး ဝင်ရောက် စွက်ဖက်လာခြင်းကို ခုခံတွန်းလှန်နိုင်သော တစ်ခုတည်သောနည်းလမ်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား တစ်ဖွဲ့ချင်းထက် “စုပေါင်းအင်အား” ဖြင့် တုံ့သည့်နည်းလမ်းမှတစ်ပါး အခြားမရှိပြီ။
ဥပမာ တရုတ်အစိုးရက တစ်ဖက်သတ် နယ်စပ်ဂိတ်များပိတ်ဆို့ပြီး “ဖြတ် ၅ ဖြတ်” ကျင့်သုံးလာချိန်တွင် တရုတ် ကုမ္ပဏီများ၏ အကျိုးစီးပွား အကြီးအကျယ်နစ်နာနေသော မြေရှားသတ္တုမိုင်းလုပ်ငန်းရှိရာ ကချင်ပြည်နယ်ရှိ နယ်စပ်ဂိတ်များကို KIA ဖက်က တန်ပြန်ပိတ်ဆို့ထားခဲ့ပြီး၊ တရုတ်၏ ပိတ်ဆို့မှု ရုပ်သိမ်းပေးမှ ဖွင့်ပေးမည်ဟု တုံ့ခဲ့သည်။
မြေရှားသတ္တုအကြီးအကျယ်လိုအပ်သော တရုတ်ကုမ္ပဏီများသည် နယ်စပ်ဂိတ်ပိတ်ဆို့မှု ကြာရှည်လာသည် နှင့်အမျှ ဆုံးရှုံးမှုပမာဏသည် မခန့်မှန်းနိုင်အောင် ကြီးမားလာလိမ့်မည် ဖြစ်၍ ၎င်းတို့၏ တရုတ်အစိုးရအပေါ် ပြန်လည်ဖိအားဖြစ်ပေါ်လာစေမည် ဖြစ်သည်။
ယခုအခါ KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို တရုတ်အစိုးရက ယူနန် ပြည်နယ်သို့ ဖိတ်ခေါ်ပြီး၊ စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရန် ဖိအားပေးဆွေးနွေးနေချိန်၊ တရုတ်− မြန်မာနယ်စပ် ကချင်ဒေသရှိ နယ်စပ်ဂိတ်များ တရုတ်ပြန်ဖွင့်ပေး ခဲ့ခြင်းက KIA ၏ ရပ်တည်ချက်နှင့် တုံ့ပြန်မှု မှန်ကန်ခိုင်မာခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် KIA သည် ကချင်ပြည်နယ်တောင်ပိုင်းရှိ ဒုတိယမြို့တော် ဗန်းမော်မြို့ကို သိမ်းယူရန် အပြင်းအထန် ထိုးစစ်ဆင်နေသည်။
ထို့ကြောင့် တရုတ်ဖိအားကြားမှ AA နှင့် KIA တို့သည် ကချင်နှင့် ရခိုင်စစ်မျက်နှာများတွင် အမျိုးသားတန်းတူ ရေးနှင့် ကိုယ့်ပြည်နယ် ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ပိုင်ခွင့်အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင် ရေးအတွက် မင်းအောင်လှိုင်စစ်တပ်အပေါ် ထိုးစစ်ဆင်နေခြင်းကို ရပ်နားခြင်းမရှိဘဲ ဆက်လက် ဆင်နွှဲနေခြင်း ကို ၂၀၂၄ ခုနှစ်၏ ထူးခြားသော စစ်ရေးသွင်ပြင်လက္ခဏာအဖြစ် မြင်တွေ့ခဲ့ရသည်။
၂၀၂၅ ခုနှစ်အတွင်း အရေးကြီးသည့်အချက်မှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရန် ကြိုးပမ်းနေကြသော NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုသာမက၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုများအထိ ခြေလှမ်းတိုးဆောင်ရွက်နိုင်မှ တရုတ်နိုင်ငံ၏ ကြားဝင်ချယ်လှယ်မှု အန္တရာယ်ကို ကာကွယ်နိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ရည်မှန်းချက် တရုတ်ကြောင့် ပျက်စီးကိန်း ဆိုက်နိုင်ပါသည်။ ထို့ကြောင့် မြန်မာ-တရုတ် ဆက်ဆံရေး ပြင်ဆင်ချိန်တန်ပြီ ဆောင်းပါး ဖြင့် Myanmar Now က သုံးသပ်တင်ပြခဲ့ပြီး ဖြစ်ပါသည်။
နိဂုံး – ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့အဆင့် ၃၅ စစ်တပ်ကြီး ပြိုလဲနေခြင်းကို ဆက်လက်တွေ့မြင်ရနိုင်
၂၀၂၅ ခုနှစ်သည် စစ်တပ်၏ နိဂုံးလား သို့မဟုတ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နိဂုံးလား စောင့်ကြည့် ရပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ၂၀၂၅ ခုနှစ်သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် ငြိမ်းချမ်းမှုများ ယူဆောင်လာမည့်နှစ် တစ်နှစ် ဖြစ်လာစေရန် ပြည်သူအားလုံး လိုလားတောင့်တနေမည်မှာ သေချာပါသည်။
မြန်မာစစ်တပ်သည် ကမ္ဘာ့သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်ကို လွန်ခဲ့သော ရာစုနှစ်တစ်ခု၏ သုံးပုံနှစ်ပုံ နီးပါး ကာလအတွင်း ဒါဇင်နှင့်ချီသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို မနားတမ်း စစ်ဆင်ခဲ့ပြီး၊ ထိုအဖွဲ့များ နယ်စပ်ဒေသအစွန်အဖျား ကျဥ်းမြှောင်းသောနယ်မြေများတွင်သာ ခြေကုပ်ယူ ရှင်သန်ရပ်တည် နိုင်တော့သည် အထိ စစ်ရေးအသာစီးဖြင့် တိုင်းပြည်ကို ထိန်းချုပ်ထားခဲ့သည်။ ယခုအခါ ထိုအခြေအနေသည် အတိတ်တွင် ကျန်ရစ်ခဲ့လေပြီ။
ကမ္ဘာကြီးက မြန်မာစစ်တပ်ကို စစ်ရည်စစ်သွေးပြည့်နေသော စစ်တပ်တစ်ခုအဖြစ် ထင်မြင်ယူဆထားခဲ့သည်။ ၂၀၂၄ ခုနှစ် အတွက် Global Firepower အဖွဲ့က နိုင်ငံပေါင်း ၁၄၅ နိုင်ငံရှိ စစ်တပ်များ၏ အဆင့်အတန်းကို သတ်မှတ်ရာတွင် မြန်မာစစ်တပ်ကို အဆင့် ၃၅ သတ်မှတ်ခဲ့သည်။
မြန်မာစစ်တပ်သည် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထဲတွင် အဆင့် ၆ တွင်ရှိပြီး၊ အင်ဒိုနီးရှားက အဆင့် ၁၃၊ ဗီယက်နမ်က အဆင့် ၂၂၊ ထိုင်းက အဆင့် ၂၅၊ စင်္ကာပူက အဆင့် ၃၀၊ ဖိလစ်ပိုင်က အဆင့် ၃၄ အသီးသီး ရှိကြသည်။
သို့သော် ၂၀၂၄ ခုနှစ် တလျှောက်လုံး မြန်မာစစ်တပ် ပြိုလဲလာခြင်းကို နိုင်ငံတကာအသိုက်အဝန်းက အံ့ဩ တကြီး မြင်တွေ့ခဲ့ရပြီးနောက် Global Firepower အဖွဲ့၏ ၂၀၂၅ ခုနှစ်အတွက် မြန်မာစစ်တပ်အပေါ် အကဲဖြတ်ချက် မည်သို့မည်ပုံ ပေါ်ထွက်လာမည်မှာ စိတ်ဝင်စားစရာကောင်းလှပါသည်။
နောင်တွင် ၎င်းတို့အကဲဖြတ်စရာ ပြည်သူကို နှိပ်စက်သတ်ဖြတ်သည့် အာဏာရှင်စစ်တပ် အစား၊ ပြည်သူကို အကာအကွယ်ပေးသည့် “ဖက်ဒရယ်စစ်တပ်” ပေါ်ပေါက်လာမည်ဟု မျှော်လင့်ရင်း ဤနှစ်ချုပ်သုံးသပ်ချက် ကို တင်ပြလိုက်ရပါသည်။