သတင်း

စစ်တပ်က ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများနှင့် ကျောင်းများတွင် ဝင်ရောက်တပ်စွဲ 

အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် မြို့ကြီးအသီးသီးရှိ  ဘာသာရေး အ ဆောက်အအုံများ၊ ဆေးရုံများနှင့် တက္ကသိုလ်ကျောင်းများတွင် အတင်းအဓမ္မ ဝင်ရောက်ကာ တပ်စွဲ လျက်ရှိသည်။ 

မွန်၊ ကချင်၊ ရခိုင်နှင့် ကယားပြည်နယ်များ အပါအဝင် မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်း၊ တနင်္သာရီ နှင့် ပဲခူးတိုင်းအတွင်းရှိ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများနှင့် တက္ကသိုလ်များတွင် စစ်ကောင်စီ ၏ လက်နက်ကိုင်များက တပ်စွဲရန် ကြိုးပမ်းခဲ့ရာတွင် ဒေသခံပြည်သူများနှင့် ထိပ်တိုက်တွေ့ဆုံမှုများ လည်း ရှိခဲ့သည်။ 

မန္တလေးနည်းပညာတက္ကသိုလ်သို့ ယနေ့ (မတ် ၇) နံနက် ၆ နာရီခန့်တွင် စစ်ကားလေးစီးရောက်ရှိလာပြီး တပ်စွဲရန် ကြိုးပမ်းခဲ့ရာ ကျောင်းနှင့်အနီးဝန်းကျင်ရှိ ပြည်သူများက ကန့်ကွက်ခဲ့ကြသဖြင့် စစ်တပ်က မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွင်းရာတွင် ဒဏ်ရာရသူ အချို့ရှိခဲ့သည်။

ကျောင်းလုံခြုံရေးတာဝန်ရှိသူ အသက် ၃၅ နှစ်အရွယ် ကိုကျော်သူမှာ မျက်လုံးအောက် မျက်ခမ်းစပ်တွင် ပြင်းထန်ဒဏ်ရာရခဲ့သဖြင့် ခွဲစိတ်ခဲ့ရပြီး အခြားတစ်ဦးမှာလည်း ပေါင်တွင် ရာဘာကျည်ထိမှန်ဒဏ်ရာ ရခဲ့သည်။

“ဆရာနှစ်ဦးလည်း ရိုက်ခံရသေးတယ်။ အခု သူတို့က ကျောင်းထဲတပ်စွဲထားပြီ။ ကျွန်တော်တို့ ထွက်လာ တော့ကို ပစ်နေသေးတယ်။ နောက်ထပ်အခြေအနေ မသိရသေးဘူး” ဟု ကိုကျော်သူက ယနေ့ နေ့လယ်ပိုင်း ပြောသည်။

မန္တလေးမြို့ရှိ ရတနာပုံတက္ကသိုလ်၊ မန္တလေးဆေးရုံကြီး၊ မဟာမြတ်မုနိဘုရား၊ မန္တလေဘူတာကြီး၊ ဗထူး ကွင်း၊ လျှပ်စစ်ရုံးများ၊ စည်ပင်နှင့် တိုင်းအစိုးရရုံးများတွင် စစ်ကောင်စီတပ်ဖွဲ့များက နေရာယူထားသည် ကို Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။  

စစ်ကိုင်းတိုင်းဒေသကြီး မြို့တော် မုံရွာတွင်လည်း ယနေ့ နေ့လယ် ၁ နာရီခွဲအချိန်ခန့်က မုံရွာတက္ကသိုလ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့ကို တပ်မ ၃၃နှင့် တိုင်းရဲတပ်ဖွဲ့က တပ်စွဲရန် ဝိုင်းခဲ့ရာတွင် ဒေသခံပြည်သူများ နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ 

“သူတို့ကတော့ အာဏာဖီဆန်မှု (CDM)ကို ဖိနှိပ်ဖို့ မဟုတ်ပါဘူးလို့ပြောတာပဲ။ လုံခြုံရေးအရ ယူတာပါ လို့ပြောတယ်။ ကျွန်တော်အထင်ကတော့ မြို့ပြတွေမှာ အုပ်ချုပ်ရေးယန္တရား မရှိတော့တဲ့အခါကျတော့ ထိန်းချုပ်နိုင်ဖို့နဲ့ စစ်ရေးအရ ပြင်ဆင်တာလို့ မြင်တယ်” ဟု မုံရွာမြို့နယ်ဆရာသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်၊ ရေးမြို့တွင်လည်း မြို့နယ်ဆေးရုံကို ယနေ့နံနက်ပိုင်းတွင် စစ်တပ်ချထားရာတွင် ဒေသခံ များက ကန့်ကွက်သဖြင့် သေနတ်ဖြင့် ပစ်ခတ်သည့်အပြင် လူနေရပ်ကွက်အတွင်း မျက်ရည်ယိုဗုံးများ ပစ်ခတ်ကာ စစ်ကောင်စီ၏ လက်နက်ကိုင်များက လူစုခွဲခဲ့သည်။ 

“သူတို့က မဆုတ်ပါဘူး။ မြို့နယ်ပြည်သူ့ ဆေးရုံမှာ တပ်စွဲထားတာ။ သူတို့ ၁၂ ယောက်လောက် အိပ်မယ် လို့ပြောတယ် ကျွန်တော်တို့ဆီကို ဆက်သွယ်လာတယ်။ သူတို့ထိပ်တိုက် မတွေ့ချင်ဘူး။ ပြည်သူတွေက ပိတ်ဆို့မှုတွေလုပ်ရင် ပစ်ခတ်မှုတွေလုပ်ရပါမယ်လို့ ပြောတယ်။ အထက်အမိန့်ရ မဆုတ်ပါဘူးလို့ ပြော တယ်”ဟု ရေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဥက္ကဋ္ဌ ဦးကျော်မိုးအေးက ပြောသည်။

မွန်ပြည်နယ် ရေးမြို့နယ် ပြည်သူ့ဆေးရုံတွင် စစ်တပ်နှင့် ရဲများ ဝင်ရောက်တပ်စွဲစဉ် ဒေသခံပြည် သူများနှင့် ထိပ်တိုက်တွေ့ဆုံနေစဉ်။  

ရေးမြို့နယ်ဆေးရုံတွင် စခန်းချထားသည်မှာ နယ်မြေခံတပ်များဖြစ်ပြီး ထိုသို့ တပ်ချထားမှုကို ကန့်ကွက် သူများကို ပစ်ခတ်ဖြိုခွင်းခဲ့ရာတွင် လူနှစ်ဦး ရာဘာကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ 

ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့ဆေးရုံသို့ စစ်တပ်ဝင်ရောက်လာသော ကြောင့် ဆေးရုံအုပ်ကြီးက တားဆီး ခဲ့ရကြောင်း Mizzima သတင်းတွင် ဖော်ပြသည်။ 

“ဘာအကြောင်းကိစ္စရှိလို့ လာတယ်ဆိုတာတော့ မသိဘူး။ ဆရာဝန်ကြီးက ထွက်ပြောတော့ သူတို့ အထက်ကိုတင်ပြနေတာတော့ တွေ့တယ်။ မနက် ၈ နာရီကျော်လောက်ထိနေပြီး ပြန်သွားကြတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။ 

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် ယမန်နေ့ကတည်းက မြို့ပြအဆောက်အအုံများတွင် နေရာ ဝင်ရောက်တပ်စွဲရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်း ပုသိမ်မြို့တကောင်းဘုရားတွင် စစ်တပ်လာထားသဖြင့် ဒေသခံများက သံပုံးတီးမောင်းထုတ်ခဲ့ကြောင်း DVB သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။ 

ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ တကောင်းဘုရားတွင် ယမန်နေ့က စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့များက ဝင်ရောက်နေရာယူတပ်စွဲထားသည်ကို တွေ့ရစဉ်။ 

ကယားပြည်နယ် လွိုင်ကော်ကွန်ပျူတာတက္ကသိုလ်တွင် တပ်စွဲရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ဒေသခံပြည်သူများ ပူးပေါင်းကန့်ကွက်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း ကယား(ကရင်နီ)ပြည်နယ် ကျောင်းသား သမဂ္ဂအင်အား စုကော်မတီ၊ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂတို့က ယနေ့ သတင်းထုတ်ပြန်ထားသည်။

အဆိုပါသမဂ္ဂများက စာသင်ကျောင်းသည် စစ်တပ်စွဲရန် နေရာမဟုတ်၊ တက္ကသိုလ်သည် စစ်အာဏာရှင် စနစ်ကို စတင်တိုက်ဖျက်မည့်နေရာဖြစ်ကြောင်း ကြေညာထားပြီး နောင်တွင်လည်း လက်သင့်ခံရန် မရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျန်ရှိခဲ့သော လက်နက်ခဲယမ်းများကိုလည်း လွိုင်ကော်ရဲစခန်းတွင် အပ်နှံပြီးဖြစ်ကြောင်း ကြေညာထားသည်။ 

ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓာဝီဆေးရုံစသည့် အရေးကြီးသည့် နေရာများတွင်လည်း စစ်တပ်နှင့်ရဲတပ်ဖွဲ့က တပ်စွဲထားပြီးဖြစ်ကာ မေဓာဝီဆေးရုံ၌ စစ်ကား ခုနှစ်စီး၊ ရဲကားတစ်စီးတပ်စွဲထားရာ တပ်မ ၇၇ ပါဝင်သည်ကို ယမန်နေ့တွင် Myanmar Now က မျက်မြင်တွေ့ရှိ ခဲ့သည်။ 

ထို့အတူ ယနေ့ညနေပိုင်းတွင် ရန်ကုန်ဆေးရုံကြီး၊ ဝေဘာဂီဆေးရုံ၊ အနောက်ပိုင်းဆေးရုံ၊ ဂန္ဓီဆေးရုံနှင့် ဒဂုံတက္ကသိုလ်တို့ကို တပ်စွဲရန် စစ်တပ်နှင့် ရဲများရောက်လာသည်ဟု သက်ဆိုင်ရာဆေးရုံများရှိ ကျန်းမာ ရေးဝန်ထမ်းများက Myanmar Now ကို အတည်ပြုပြောကြားသည်။ 

ရန်ကုန်ဆေးရုံကြီးတွင် ရဲတပ်ဖွဲ့က တပ်စွဲရန် ကြိုးပမ်းခဲ့သည်ကို ပြည်သူလူထုက ကန့်ကွက်သဖြင့် ညနေ ၇ နာရီကျော်နောက်ဆုံးထား ဆုတ်ခွာရန် ဆေးရုံကြီး တာဝန်ကျပါမောက္ခတစ်ဦးက ပြောထားသော်လည်း ဆက်လက်တပ်စွဲနေသဖြင့် ညှိနှိုင်းနေရဆဲဖြစ်သည်ဟု ရန်ကုန်ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ယနေ့ ညပိုင်းတွင် Myanmar Now ကို ပြောသည်။ 

ဗိုလ်တထောင်မြို့နယ်ရှိ ဂန္ဓီဆေးရုံကြီးရှေ့တွင် ယနေ့ည ၇ နာရီကျော်အထိ တပ်စွဲထားသည့် စစ်တပ်ကို ပြည်သူများက ကန့်ကွက်နေဆဲဖြစ်သဖြင့် စစ်ကောင်စီ၏ လက်နက်ကိုင်များက လူစုခွဲခိုင်းနေသည်ဟု ထိုနေရာတွင် ရောက်ရှိနေသူအချို့က ပြောသည်။ 

ပြည်နည်းပညာတက္ကသိုလ်တွင် စစ်တပ်က ယနေ့ ဝင်ရောက်တပ်စွဲခဲ့သည်ကို တွေ့ရစဉ်။

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ပြည်သူ့ဆေးရုံ၌ ယနေ့နံနက်တွင် စခန်းလာချသည့် ရဲတပ်ဖွဲ့ကို “ပြည်သူ့ဆေးရုံ၊ ပြည်သူသာလုံခြုံရေးယူမည်” ဟုဆိုကာ ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ ကြပြီး ပဲနွယ်ကုန်းတောရကြီးကျောင်းတိုက် ဆရာတော်လာရောက်ညှိနှိုင်းပေးပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့များ ပြန်လည်ထွက်ခွာခဲ့ကြသည်။ 

သို့သော်  ဒေသခံများ အပြင်းအထန် ကန့်ကွက်နေသည့်ကြားမှ ပခုက္ကူ၊ ပူတာအို၊ ပုသိမ်၊ မိတ္ထီလာမြို့များ ရှိ တက္ကသိုလ်ကျောင်း၊ ဆေးရုံနှင့် ဘုရားစေတီပုထိုးများ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များ အမိအရ နေရာယူတပ်စွဲခဲ့သည်။ 

တိုင်းနှင့်ပြည်နယ် ၉ ခုရှိ တက္ကသိုလ်ပေါင်း ၃၂ ခုတွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ များက ဝင်ရောက်တပ်စွဲထားကြောင်း ကျောင်းသားသမဂ္ဂများ စုပေါင်းတည်ထောင်ထားသည့် DHA NA လူမှုကွန်ရက်စာမျက်နှာက စုစည်းဖော်ပြထားသည်။ 

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက အရပ်ဘက်အဆောက်အအုံများတွင် ထိုသို့အတင်းအကျပ် တပ်စွဲနေခြင်းမှာ NLD ပါတီဝင်များနှင့် အာဏာသိမ်းမှု ဆန့်ကျင်သူ များကို အရှိန်မြှင့်ဖမ်းဆီးရန်ဖြစ်သည်ဟု ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။ 

မတ် ၆ ရက်မှစ၍ ညစဉ်ညတိုင်း လူဖမ်းပွဲများဆင်နွှဲနိုင်ရန် စစ်ကောင်စီက စီစဉ်ထားကြောင်း၊ ထို့ပြင် တပ်ရင်းတပ်ဖွဲ့များသည် မူလအင်အားထက် အရေအတွက်လျော့နည်းနေသည်ဟုလည်း ၎င်းက ပြောသည်။

“လက်ရုံးတပ်၊ ဆေးတပ်တွေကအစ သုံးနေရပြီ။ ရဲတပ်ရင်းက ကလေးတွေလည်း ပြေးကုန်ကြပြီ။ ရေတပ် လည်းပါတယ်။ သူတို့တပ်ရင်းတွေကို မြို့နယ်တွေခွဲပေးပြီး တပ်စွဲခိုင်းနေပြီ။ အင်ဂျင်နီယာတပ်ကအစ ပါတယ်” ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်များအရ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်မှ ယမန်နေ့ (မတ် ၆) အထိ လူပေါင်း ၁,၇၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထား ရကာ တရားစွဲဆိုခံထားရသူများ ရှိသည့်နည်းတူ ပြန်လည်လွတ်မြောက်လာသူ ၃၁၈ ဦးရှိသည်။

Show More

Related Articles

Back to top button