ဆောင်းပါး

မင်းအောင်လှိုင် တစ်သက်တာ ရှောင်ပြေးနေရမည့် အိုင်စီစီ ဖမ်းဝရမ်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ) ၏ တရားစွဲအရာရှိ Karim A.A. Khan KC က ခုံရုံးသို့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဦးတိုက်လျှောက်ထားမှုသည် မြန်မာ့အရေး နိုင်ငံတကာ အသိုက်အဝန်း၏ ကြိုးပမ်းအဖြေရှာမှုများအထဲ နောက်ဆုံး ပေါ်ထွက်လာသော နည်းလမ်းတစ်ခု ဖြစ်လာပါသည်။

၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကာလအတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ သော ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများကို သတ်ဖြတ် ရှင်းလင်း၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ (Crimes against Humanity) ကျူးလွန်ခဲ့မှုများအတွက် မြန်မာစစ်တပ်၏ အကြီးအကဲ မင်းအောင်လှိုင်သည် အဓိက တာဝန်ရှိသူအဖြစ် ယုံကြည်ရကြောင်း သက်သေအထောက်အထားများ ရရှိထားပြီး ဖြစ်သည့်အတွက် ၎င်းအား ဖမ်းဝရမ်းထုတ်ပေးရန် အိုင်စီစီ ခုံရုံးသို့ လျှောက်ထားသည့် အဆင့်ထိ ရောက်ရှိလာပြီ ဖြစ်သည်။

တရားစွဲအရာရှိက ထိုအမှုအတွက် စုံစမ်းစစ်ဆေးနေသည်မှာ ၂၀၁၈ ခုနှစ် ကတည်းက ဖြစ်ပြီး၊ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းရောက်မှ နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းမှု စတင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ 

ထိုကာလအတွင်း မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပွားလာပြီး၊ မြန်မာ့ပြဿနာကိုဖြေရှင်းရန် နိုင်ငံတကာ အသိုက် အဝန်းအတွင်း လမ်းစရှာမတွေ့ ဖြစ်နေသော အချိန်အခါလည်း ဖြစ်နေသည်။ 

အိုင်စီစီ ဖမ်းဝရမ်းက မြန်မာပြဿနာအတွက် မျှော်လင့်မထားသော အဖြေ ဖြစ်လာနိုင်သလော၊ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် နိဂုံး၏အစ ဖြစ်လာနိုင်သလော၊ သို့မဟုတ် ပို၍ရှုပ်ထွေးသော နိုင်ငံ တကာ သံတမန်ရေး အကျပ်အတည်း ဆိုက်ရောက်သွားနိုင်သလော စသည့် စိတ်ဝင်စားဖွယ် မေးခွန်းသစ်များ ထွက်ပေါ်လာပါသည်။

အိုင်စီစီ တရားစီရင်ခွင့် ရှိမရှိ လျှောက်ထားချက်

အိုင်စီစီက မင်းအောင်လှိုင်ကို တရားစီရင်ခွင့် ရှိမရှိ ဆိုသည့်အချက်မှာ ဥပဒေဆိုင်ရာ အငြင်းပွားဖွယ်ကိစ္စအဖြစ် ရှိနေပြီး၊ မြန်မာနိုင်ငံသည် ရောမစာချုပ် (Rome Statute) ကို လက်မှတ် မထိုးထားသဖြင့် အိုင်စီစီက တရား စီရင်ခွင့်မရှိ ဆိုသည့်အချက်က အဓိက ဖြစ်သည်။ 

အကယ်၍ ဖမ်းဝရမ်း ထွက်လာခဲ့လျှင် အိုင်စီစီ တရားရုံး ဖြစ်ပေါ်လာသော ရောမစာချုပ် (Rome Statute) ပုဒ်မ ၅ တွင် အိုင်စီစီက တရားစီရင်ပိုင်ခွင့် ရှိသော “အဆိုးရွားဆုံး နိုင်ငံတကာပြစ်မှုကြီး” (The most serious crimes) ၄ ခုထဲမှ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကို မြန်မာစစ်တပ် ကျူးလွန်ခဲ့ကြောင်း သမိုင်းမှတ်တမ်းဝင်သွား ပါလိမ့်မည်။ 

ရောမစာချုပ်၏ ပုဒ်မ ၅ တွင် ဖော်ပြထားသော အိုင်စီစီက တရားစီရင်ခွင့်ရှိသည့် ပြစ်မှုကြီး ၄ ခုမှာ (၁) လူမျိုးသုဥ်း သတ်ဖြတ်မှု (The crime of genocide)၊ (၂) လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ (Crimes against Humanity)၊ (၃) စစ်ရာဇဝတ်မှုများ (War crimes) နှင့် (၄) ရန်လိုသော (ကျူးကျော်စစ်) ရာဇဝတ်မှုများ (the crime of aggression) တို့ ဖြစ်သည်။    

အိုင်စီစီ ခုံရုံးက မင်းအောင်လှိုင်ကို တရားစီရင်ခွင့် ရှိမရှိ ဆိုသည်မှာ ခုံရုံး၏ အဓိက ဥပဒေမဏ္ဍိုင်ဖြစ်သော ရောမစာချုပ်ကို နားလည်ရန် အရေးကြီးသလို၊ စာချုပ်က အပ်နှင်းထားသော တရားစွဲအရာရှိရုံး (Office of the Prosecutor – OTP) ၏ အခန်းကဏ္ဍနှင့် လုပ်ပိုင်ခွင့်တို့ကို နားလည်ရန် အရေးကြီးပါသည်။

ရောမစာချုပ် ပုဒ်မ ၄၂ အရ အိုင်စီစီ တရားစွဲအရာရှိကို အဖွဲ့ဝင်နိုင်ငံများ၏ ညီလာခံ (The Assembly of the State Parties) က လျှို့ဝှက်မဲစနစ်ဖြင့် မဲပေးရွေးချယ်ပြီး၊ အကြွင်းမဲ့ မဲအများစု (Absolute majority) ဖြင့် ခန့်အပ်ခြင်း ဖြစ်သည်။ OTP သည် လွတ်လပ်သော သီးခြားယန္တရားတစ်ခု ဖြစ်ပြီး၊ တရားစွဲ အရာရှိသည် OTP ကို စီမံခန့်ခွဲမှု အခွင့်အာဏာ အပြည့်အဝဖြင့် ဦးဆောင်သူ ဖြစ်သည်။ 

ထို့အပြင် တရားစွဲအရာရှိသည် ၎င်းထံ လွှဲအပ်လာသောအမှု သို့မဟုတ် ပေးပို့တိုင်ကြားလာသော ခိုင်မာသည့် အချက်အလက် အထောက်အထားများကို ပုဒ်မ ၅ တွင် ဖော်ပြထားသော အိုင်စီစီခုံရုံး၏ တရားစီရင်ပိုင်ခွင့် အမှုကြီး ၄ မှုနှင့် အကြုံးဝင်ခြင်းရှိမရှိ ကနဦး စိစစ်ခြင်း (Preliminary Examination)၊ ထိုမှတစ်ဆင့် ရောမ စာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာအမှုအား စုံစမ်းစစ်ဆေးခွင့် (Investigation) အခွင့်အာဏာကို အိုင်စီစီ၏ Pre-Trial Chamber သို့ အဆင့်ဆင့်လျှောက်ထားခွင့်ပြုချက်တောင်းခံပြီး စုံစမ်းစစ်ဆေးခွင့် ရှိသည်။

ထို့ကြောင့် ရောမစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသော မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် က ဖြစ်ပွားခဲ့သော ရိုဟင်ဂျာအရေးကြောင့် အိုင်စီစီ အဖွဲ့ဝင်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာ ၆သိန်း ၇သောင်းကျော် ထွက်ပြေးခိုလှုံခဲ့ရသော ဖြစ်စဥ်တွင် အိုင်စီစီ ခုံရုံး၏ တရားစီရင်ခွင့် အခွင့်အာဏာ ရှိမရှိ ဆုံးဖြတ်ပေးရန် ၂၀၁၈ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ယခင် တရားစွဲ အရာရှိ Fatou Bensouda က အိုင်စီစီ ခုံရုံး၏ Pre-Trial Division ဥက္ကဋ္ဌထံသို့ လျှောက်ထားခဲ့သည်။

(စာကြွင်း – Fatou Bensouda သည် ဂမ်ဘီယာနိုင်ငံ၏ ရှေ့နေချုပ်နှင့် တရားရေးဝန်ကြီးဟောင်းဖြစ်ပြီး၊ အိုင်စီစီ တရားစွဲအရာရှိအဖြစ် ၂၀၁၁ ခုနှစ်၌ အဖွဲ့ဝင်နိုင်ငံအားလုံး၏ တညီတညွတ်တည်း ထောက်ခံမဲ (Consensus) ရရှိပြီး၊ ထိုရာထူး ၉ နှစ် သက်တမ်းကို ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်၍ ၂၀၂၁ ခုနှစ် ဇွန်လအထိ ထမ်းဆောင်ခဲ့သည်။ ယခုအခါ ၎င်း၏နေရာကို လက်ရှိ တရားစွဲအရာရှိ အင်္ဂလန်နိုင်ငံသား Karim Khan က ဆက်လက် ဆက်ခံခြင်း ဖြစ်သည်။)

Fatou Bensouda ၏ လျှောက်ထားချက်တွင် အဓိက အသုံးပြုသွားသော ရောမစာချုပ် ပုဒ်မများမှာလည်း စိတ်ဝင်စားစရာကောင်းပြီး၊ စာဖတ်သူများ သိရှိထားသင့်သည် ဟု ယူဆသောကြောင်း ကြိုးစားဖော်ပြပါမည်။

ရောမစာချုပ်၏ ပုဒ်မ ၁၉ သည် အိုင်စီစီ ခုံရုံး၏ စီရင်ပိုင်ခွင့် သို့မဟုတ် ပြစ်မှုဆိုင်ရာ အထောက်အထားများကို ဥပဒေအရ လက်ခံနိုင်ခွင့်ရှိမရှိ ခုံရုံးကို မေးမြန်းလျှောက်ထားခွင့် ဖြစ်ပြီး၊ ပုဒ်မ ၁၉(၃) ကို ကျင့်သုံးပြီး တရားစွဲ အရာရှိ Fatou Bensouda က ရိုဟင်ဂျာအရေး ခုံရုံး၏ စီရင်ချက်ကို လျှောက်ထားခဲ့ခြင်း ဖြစ်သည်။ 

ရောမစာချုပ် ပုဒ်မ ၁၉(၃) ကို အသုံးပြုပြီး ထိုကဲ့သို့ လျှောက်ထားခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဖော်ပြထားသည်။ ထိုသို့လျှောက်ထားရာတွင် ပုဒ်မ ၄၂ တွင် ပြဋ္ဌာန်းထားသော တရားစွဲအရာရှိရုံး၏ လုပ်ပိုင်ခွင့် များကို လွတ်လပ်စွာ ဆုံးဖြတ်ကျင့်သုံးခွင့်ရှိသည့်အလျောက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရသည်။  

ရိုဟင်ဂျာအရေးတွင် အိုင်စီစီ ခုံရုံး၏ တရားစီရင်ပိုင်ခွင့် ရှိမရှိ လျှောက်ထားမှုသည် ပုဒ်မ ၁၃(က) နှင့် ၁၄ အရ ရောမစာချုပ် အဖွဲ့ဝင်နိုင်ငံ (ဘင်္ဂလာဒေ့ရှ်နိုင်ငံ) တစ်နိုင်ငံက တရားစွဲအရာရှိထံ ထိုပြစ်မှုကို စုံစမ်းပေးရန် လွှဲအပ်ခြင်း (Referral of a situation by a State Party) အပါအဝင်၊ ကနဦး စစ်ဆေးခြင်း (Preliminary Examination) သည် နောက်ပိုင်း လုပ်ဆောင်ရမည့်လုပ်ငန်းများကို အထောက်အကူပြုမည် ဟု Fatou Bensouda က ၎င်း၏ လျှောက်ထားချက်တွင် ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရသည်။

တရားစွဲအရာရှိ Fatou Bensouda သည် ရောမစာချုပ် ပုဒ်မ ၁၂ “တရားစီရင်ပိုင်ခွင့် ကျင့်သုံးနိုင်သော ကနဦး အခြေအနေများ” ၏ အပိုဒ်ခွဲ (၂)(က) အရ လျှောက်ထားခြင်းဖြစ်ပြီး၊ ထိုပုဒ်မ၏ ပြဋ္ဌာန်းချက်စာသားကို အောက်တွင် မူရင်း အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားပါသည်။

Article 12 – Preconditions to the exercise of jurisdiction2. In the case of article 13, paragraph (a) or (c), the Court may exercise its jurisdiction if one or more of the following States are Parties to this Statute or have accepted the jurisdiction of the Court in accordance with paragraph 3:
The State on the territory of which the conduct in question occurred or, if the crime was committed on board a vessel or aircraft, the State of registration of that vessel or aircraft;” 
Article 13 – Exercise of jurisdiction The Court may exercise its jurisdiction with respect to a crime referred to in article 5 in accordance with the provisions of this Statute if:A situation in which one or more of such crimes appears to have been committed is referred to the Prosecutor by a State Party in accordance with article 14;A situation in which one or more of such crimes appears to have been committed is referred to the Prosecutor by the Security Council acting under Chapter VII of the Charter of the United Nations; or(c) The Prosecutor has initiated an investigation in respect of such a crime in accordance with article 15.

ရင်းမြစ်။    ။ Rome Statute of the International Criminal Court

ဤနေရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရိုဟင်ဂျာအရေး စုံစမ်းစစ်ဆေးပေးရန် အိုင်စီစီ တရားစွဲအရာရှိထံ ပုဒ်မ ၁၃(က) အရ လွှဲအပ်နိုင်သည်။ သို့သော် ဘင်္ဂလားဒေ့ရှ်အစိုးရသည် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် ထိပ်တိုက် ပြဿနာဖြစ်မည်ကို ရှောင်ရှားလိုဟန်ရှိပြီး ထိုသို့ လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ၊ အိုင်စီစီ တရားစွဲအရာရှိ Fatou Bensouda က ပုဒ်မ ၁၃(ဂ) အရ လုပ်ဆောင်ခဲ့ခြင်း ဟု လေ့လာတွေ့ရှိရသည်။  

ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်သော ပြစ်မှုများသည် အိုင်စီစီ အဖွဲ့ဝင်မဟုတ်သော မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော်လည်း၊ ရိုဟင်ဂျာ ၆သိန်း ၇သောင်းကျော်သည် အိုင်စီစီအဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ပင်လယ်ပြင်ကို လှေများဖြင့် ဖြတ်သန်း၍လည်းကောင်း၊ ကုန်းမြေဆက်စပ်နေသော နယ်စပ်များတွင် ခြေလျင်ထွက်ပြေး၍လည်းကောင်း ဝင်ရောက်လာခြင်းဖြစ်သည်။ 

ထိုဖြစ်ရပ်သည် ရောမစာချုပ် ပုဒ်မ ၇ “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ” ၏ ပုဒ်မခွဲ ၁-ဃ “နိုင်ငံအတွင်းမှနှင်ထုတ်မှု သို့မဟုတ် လူအုပ်စုလိုက် အတင်းအကျပ် ရွှေ့ပြောင်းမှု” (Deportation or forcible transfer of population) ကို ကျူးလွန်ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးနိုင်ရန် Fatou Bensouda က ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ 

အိုင်စီစီ တရားစီရင်ခွင့် ရှိမရှိ ဆုံးဖြတ်ချက်

၂၀၁၈ ခုနှစ် ဧပြီလ ၉ ရက်နေ့ တရားစွဲအရာရှိ Fatou Bensouda ၏ လျှောက်ထားချက်ကို အိုင်စီစီ Pre-Trial Division ဥက္ကဋ္ဌ တရားသူကြီး Antoine Kesia-Mbe Mindua က တရားသူကြီး ၃ဦး ထိုင်သော Pre-Trial Chamber I က စီရင်ဆုံးဖြတ်ရန် ဧပြီလ ၁၁ ရက်နေ့တွင် တာဝန်ပေးခဲ့သည်။ 

မေလ ၇ ရက်နေ့တွင် Pre-Trial Chamber I သည် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ လေ့လာချက်များကို အထောက်အထားများနှင့်တကွ တင်သွင်းရန် တောင်းခံခဲ့ရာ ဇွန်လ ၁၁ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် လျှို့ဝှက် အဆင့် (confidentiality) သတ်မှတ်၍ ခုံရုံးသို့ တင်သွင်းခဲ့သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရ တင်သွင်းခဲ့ သော အထောက်အထားများကို အိုင်စီစီက အများပြည်သူထံ ထုတ်ပြန်ခြင်းမရှိပါ။

အလားတူ ၂၀၁၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် Pre-Trial Chamber I သည် မြန်မာအစိုးရ၏ လေ့လာချက်များကို အထောက်အထားများနှင့်တကွ တင်သွင်းရန် တောင်းခံခဲ့ရာ၊ အိုင်စီစီ မှတ်တမ်းဌာန (Registry) သည် ဘယ်လ်ဂျီယံနိုင်ငံရှိ မြန်မာသံရုံးကို ဆက်သွယ်ပေးပို့ခဲ့သော်လည်း၊ သံရုံးက လက်ခံရန် ငြင်းဆိုခဲ့ပြီး ခုံရုံးသို့ ပြန်လည်ပေးပို့ပါသည်ဟု မှတ်တမ်းဌာနက ဇူလိုင်လ ၅ ရက်နေ့တွင် Pre-Trial Chamber I သို့ လျှောက်ထားခဲ့သည်။

သို့ရာတွင် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၉ ရက် နေ့စွဲဖြင့် ထိုစဥ်က မြန်မာအစိုးရ၏ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဌာနသည် သတင်းထုတ်ပြန်ချက် တစ်စောင်ကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ခဲ့ပြီး၊ မြန်မာနိုင်ငံသည် ရောမ စာချုပ် အဖွဲ့ဝင်နိုင်ငံ မဟုတ်သည့်အတွက် အိုင်စီစီ တရားစွဲအရာရှိ၏ တရားရေး လုပ်ငန်းစဥ်အပေါ် ပူးပေါင်း ဆောင်ရွက်ရန် တာဝန်မရှိကြောင်း Vienna Convention on the Law of Treaties ၏ ပုဒ်မ ၃၄ ကို ရည်ညွန်း၍ ငြင်းပယ်ခဲ့သည်။   

မြန်မာအစိုးရ ထောက်ပြခဲ့သော Vienna Convention on the Law of Treaties (1969) ၏ ပုဒ်မ ၃၄ တွင် “တတိယနိုင်ငံက ၎င်း၏သဘောတူညီမှုမပါဘဲ စာချုပ်တစ်ခုသည် တာဝန်ဝတ္တရားများ သို့မဟုတ် အခွင့်အရေးများ မဖန်တီးနိုင်ပါ” (A treaty does not create either obligations or rights for a third State without its consent.) ဟု ပြဋ္ဌာန်းထားသည်။

ထို့အပြင် အဆိုပါ သတင်းထုတ်ပြန်ချက် (မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၈-၉) တွင် အိုင်စီစီ တရားစွဲ အရာရှိ Fatou Bensouda ၏ ဆောင်ရွက်ချက်များအပေါ် အသေးစိတ် ဝေဖန်ထောက်ပြထားသည်။ မြန်မာ အစိုးရ၏ သတင်းထုတ်ပြန်ချက်ကို အိုင်စီစီ ခုံရုံးက သက်သေအထောက်အထားအဖြစ် ထည့်သွင်းခဲ့သည်။

သို့သော် မြန်မာအစိုးရက မည်သို့ပင် ငြင်းဆိုစေကာမူ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် တရားစွဲ အရာရှိ Fatou Bensouda ၏ လျှောက်ထားချက်အပေါ် Pre-Trial Chamber I  က တရားစီရင်ခွင့်ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်ကြောင့် အိုင်စီစီ တရားစွဲအရာရှိသည် ရိုဟင်ဂျာအရေး သက်သေခံအထောက်အထားများကို ကနဦးစစ်ဆေးခြင်း (Preliminary Examination) လုပ်ငန်းများ စတင်ရန် လမ်းပွင့်သွားခဲ့သည်။ 

နောက် ၁၀လခန့်အကြာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် တရားစွဲ အရာရှိသည် နောက်တစ်ဆင့်အနေဖြင့် စုံစမ်းစစ်ဆေးခြင်း (Investigation) အခွင့်အာဏာပေးရန် အိုင်စီစီ တရားသူကြီး ၃ ဦး ထိုင်သော Pre-Trial Chamber III ထံ  ရောမစာချုပ် ပုဒ်မ ၁၅ (၃) အရ တောင်းခံခဲ့သည်။ ၎င်း၏ တောင်းခံမှုကို Pre-Trial Chamber III က နိုဝင်ဘာ လ ၁၄ ရက်နေ့တွင် စီရင်ချက် ချမှတ်ပြီး ခွင့်ပြုခဲ့သည်။  

နောင် ၅ နှစ် နှင့် ၁၃ ရက်ကြာ စုံစမ်းစစ်ဆေးပြီးနောက် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အိုင်စီစီ တရားစွဲအရာရှိ Fatou Bensouda ၏ရာထူးကို ၂၀၂၁ ခုနှစ်ကတည်းက ဆက်ခံခဲ့သော Karim Khan သည် ရိုဟင်ဂျာလူမျိုးများကို အစုအပြုံလိုက် နိုင်ငံအတွင်းမှနှင်ထုတ်မှုတွင် တာဝန်အရှိဆုံးဖြစ်သော ထိုစဥ်က မြန်မာ စစ်တပ် အကြီးအကဲဖြစ်သူ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် အိုင်စီစီ ခုံရုံးသို့ ခိုင်လုံသော သက်သေ အထောက်အထားများနှင့်တကွ ပထမဆုံးအကြိမ် ဦးတိုက်လျှောက်ထားသည့် အဆင့်ထိ ကြိုးပမ်းနိုင်ခဲ့သည်။

အိုင်စီစီက မင်းအောင်လှိုင်ကို ဖမ်းဆီးနိုင်မလား

အိုင်စီစီ တရားစွဲအရာရှိ၏ လျှောက်ထားချက်အပေါ် ခုံရုံး တရားသူကြီးများ၏ ဖမ်းဝရမ်းထုတ် မထုတ် ဆုံးဖြတ်ချက်က လအတန်ကြာ ကြာမြင့်နိုင်ပါသည်။ အကယ်၍ ဖမ်းဝရမ်း ထုတ်ခဲ့ပါက မင်းအောင်လှိုင်သည် အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများထဲက နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်ခံရသော ပထမဆုံး စစ်ခေါင်း ဆောင် ဖြစ်လာပါလိမ့်မည်။ 

အိုင်စီစီက ဖမ်းဝရမ်း ထုတ်ဆင့်ခဲ့လျှင် မင်းအောင်လှိုင်ကို အမှန်တကယ် ဖမ်းဆီးနိုင်မည်လား ဆိုသည်မှာ မသေချာပါ။ အကြောင်းမှာ အိုင်စီစီ က ဖမ်းဝရမ်းထုတ်ခံထားရသူ အများအပြား လွတ်မြောက်နေဆဲ ဖြစ်သည်။ သို့သော် သူ အသက်ရှင်သမျှ ကာလပတ်လုံး ဝရမ်းပြေးဘဝနှင့် နေထိုင်သွားရမည်မှာ သေချာပါသည်။

အိုင်စီစီသည် တရားခုံရုံးတစ်ခုသာ ဖြစ်၍ တရားခံကို ကိုယ်တိုင် ဖမ်းဆီးခြင်း မပြုသလို၊ ဖမ်းဆီးမည့် ကိုယ်ပိုင် ရဲတပ်ဖွဲ့ မရှိပါ။ ထို့အတူ တရားခံကို ခုံရုံးရှေ့မှောက် အရောက်မပို့ဆောင်နိုင်ဘဲ မျက်ကွယ်တွင် တရားစီရင်ခြင်းကိုလည်း မလုပ်ဆောင်ပါ။ 

သို့သော် ရောမစာချုပ်ကို လက်မှတ်ထိုးထားသော အဖွဲ့ဝင် ၁၂၄ နိုင်ငံရှိပြီး၊ အဖွဲ့ဝင်နိုင်ငံများသည် အိုင်စီစီ ဖမ်းဝရမ်း ထုတ်ခံထားရသူများကို ၎င်းတို့၏ တရားစီရင်ပိုင်ခွင့် နယ်နမိတ်ထဲ တွေ့ရှိပါက ဖမ်းဆီးပြီး၊ နယ်သာလန်နိုင်ငံ သဟိတ်ခ် (The Hague) ရှိ အိုင်စီစီ ခုံရုံးသို့ ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိပါသည်။ ထို့အပြင် အိုင်စီစီသည် အဖွဲ့ဝင်မဟုတ်သော နိုင်ငံများ၏ အစိုးရများကို ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်နိုင် ပါသည်။ 

ရောမစာချုပ်ကို လက်မှတ်ထိုးထားသော အိုင်စီစီအဖွဲ့ဝင်နိုင်ငံများကို လေ့လာခဲ့ရာ မြန်မာ့အိမ်နီးချင်း ၅ နိုင်ငံ ထဲမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အာဆီယံ ၁၀ နိုင်ငံထဲမှ ကမ္ဗောဒီးယားနိုင်ငံ တို့သာ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည်၊ အာဆီယံ၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင် ဖြစ်လာမည့် အရှေ့တီမောနိုင်ငံလည်း အိုင်စီစီ အဖွဲ့ဝင် ဖြစ်ကြောင်း တွေ့ရှိရသည်။ 

မင်းအောင်လှိုင်ကို အိုင်စီစီ က ဖမ်းဝရမ်းထုတ်ခဲ့ပါက အာဆီယံအသင်းကြီး၏ သဘောထားရပ်တည်ချက် မည်ကဲ့သို့ ရှိနိုင်မည်လဲ စိတ်ဝင်စားစရာ ဖြစ်ပါသည်။

စစ်ကောင်စီကို ပွင့်လင်းစွာ ထောက်ခံအားပေးနေသော မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ တို့သည် အိုင်စီစီအဖွဲ့ဝင်များ မဟုတ်ကြပါ။ ၂၀၂၃ ခုနှစ်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကိုယ်တိုင် အိုင်စီစီ ဖမ်းဝရမ်း ထုတ်ခံထားရသူဖြစ်ရာ၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားကို ပို၍အားကိုးလာသော မင်းအောင်လှိုင်အတွက် ပူတင်နှင့် ဘဝတူဖြစ်လာပြီး၊ ပူတင်၏ ထောက်ခံကူညီမှုရရှိရေး ပို၍ကြိုးပမ်းလာဖွယ် ရှိပါသည်။

မည်သို့ပင်ဆိုစေ မင်းအောင်လှိုင်သည် အိုင်စီစီ အဖွဲ့ဝင် ၁၂၄ နိုင်ငံများသို့ ခရီးမထွက်မိစေရန် ရှောင်ရှားရတော့ မည့်အပြင် အခြားနိုင်ငံများသို့ ခရီးသွားမည်ဆိုပါကလည်း ၎င်း၏လုံခြုံရေးကို အိမ်ရှင်နိုင်ငံက အာမခံခြင်း ရှိမရှိ သေချာမှသာ သွားရောက်နိုင်မည့်အဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ 

အိုင်စီစီ ဖမ်းဝရမ်းသည် မင်းအောင်လှိုင် သက်ရှိထင်ရှား ရှိနေသရွေ့ အသက်ဝင်နေမည်ဖြစ်ပြီး၊ မင်းအောင်လှိုင် သေဆုံးပြီးနောက်မှ အိုင်စီစီက ပယ်ဖျက်မည် ဖြစ်သည်။ အိုင်စီစီသည် အာဖရိကတိုက် စစ်ခေါင်းဆောင်များကိုလည်း အလားတူ ဖမ်းဝရမ်းထုတ်မှု အများအပြားရှိခဲ့ပြီး၊  စစ်ခေါင်းဆောင်တချို့ကို ဖမ်းဆီးရုံးတင်နိုင်ခဲ့သည်၊ သို့သော်လည်း တချို့သည် အဖမ်းမခံရမီ ကွယ်လွန်သွားကြသဖြင့် ၎င်းတို့၏ ဖမ်းဝရမ်းကို အိုင်စီစီက ပယ်ဖျက်ခဲ့ သော သာဓကများ ရှိပါသည်။ 

ထို့ကြောင့် “မလုပ်ရဲတာ ဘာမှမရှိ” သော မင်းအောင်လှိုင်သည် မည်သို့မည်ပုံ ဆန့်ကျင်အံတုမည်နည်း ဆိုသည်ကို မကြာခင် တွေ့ရှိရမည် ဖြစ်သည်။ သို့သော် မင်းအောင်လှိုင် ဘဝတစ်သက်တာလုံး ရင်ဆိုင်သွားရတော့မည့် အိုင်စီစီ ဖမ်းဝရမ်းသည် ၎င်းအား နေ့စဥ်ခြောက်လှန့်နေပေတော့မည်။

Show More

Related Articles

Back to top button