ရွှေအရောင်းအဝယ်လုပ်ငန်းလိုင်စင်ပြန်လည်လျှောက်ထားရာတွင် ရွှေဆိုင်တွင် ရောင်းချမည့် ရွှေတန်ဖိုး၏ ၂၅ ရာခိုင်နှုန်းနှင့်ညီမျှသော ငွေကြေးပမာဏကို ဘဏ်တွင် အာမခံကြေးအဖြစ် ထည့်သွင်းထားရမည်ဟု စစ်ကောင်စီက ညွှန်ကြားထားကြောင်း ရန်ကုန်မြို့ အခြေစိုက် ရွှေဆိုင်လုပ်ငန်း ရှင်တချို့ထံက သိရသည်။
အောက်တိုဘာ ၂၅ ရက်နေ့တွင် စစ်ကောင်စီက ဓာတ်သတ္တုရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ရွှေဆိုင်လုပ်ငန်းများကို သုံးလအတွင်း အဖိုးတန်ဓာတ်သတ္တုလုပ်ငန်းလိုင်စင်သစ် လျှောက်ထားကြရန် ညွှန်ကြားခဲ့သည်။
ထိုညွှန်ကြားချက်တွင် ရွှေတန်ဖိုး ၂၅ ရာခိုင်နှုန်း ဘဏ်တွင် အပ်နှံထားရမည်ဆိုသော စည်းကမ်းချက် ထည့်သွင်းထားခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ လသာမြို့နယ်ရှိ ရွှေဆိုင်လုပ်ငန်းရှင်အမျိုးသားတစ်ဦးက Myanmar Now သို့ ပြောသည်။
“လိုင်စင်လျှောက်ခိုင်းထားတဲ့ အချိန်ကလည်း နည်းနည်းလိုနေသေးတော့ အားလုံးကတော့ စောင့်ကြည့် နေကြတယ်” ဟု ထိုလုပ်ငန်းရှင်က ဆိုသည်။
မည့်သည့်ဘဏ်များတွင် အာမခံကြေးပေးသွင်းရမည်ကို မသိရသေးကြောင်း သူက ဆိုသည်။
စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရွှေရောင်း ဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီးနောက် လုပ်ငန်းလိုင်စင် လျှောက်ထားရမည်၊ သတ်မှတ်ထားသော စည်းကမ်းချက်များကို မလိုက်နာပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ နှင့် အညီ အရေးယူခံရမည်ဟု အောက်တိုဘာ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
၆ လမှ ၃ နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရမည့်အပြင် ကျပ် ၅ သိန်းထက် မပိုသော ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည့် ပုဒ်မ ဖြစ်သည်။
စစ်ကောင်စီသည် ရွှေစျေးနှုန်း ကန့်သတ်ထိန်းချုပ်ထားသည့်တိုင် မေလကုန်ပိုင်းတွင် ရွှေတစ်ကျပ်သား ၅၇ သိန်းကျော် စံချိန်တင်မြင့်တက်သွားရာ ရွှေလုပ်ငန်းလုပ်ကိုင်သူ ၂၁ ဦးကို ဖမ်းဆီးလိုက်သည်၊ ရန်ကုန်နှင့် မန္တလေးမှ ထိပ်သီးရွှေဆိုင်ဆိုင်ပိုင်ရှင်များအပါအဝင် ရွှေလုပ်ငန်းရှင် ၁၀ ဦးကို ဆက်လက်ဖမ်းဆီးမည်ဟု ဇွန်လ ၂ တွင် ထုတ်ပြန်ခဲ့သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အမေရိကန်ဒေါ်လာဈေးကွက်ကို ထိန်းချုပ်လိုက်သလို ဒေါ်လာဈေးနှုန်းနှင့်တွက်ချက်ဈေးဖွင့်သည့် ရွှေဈေးကွက်ကို လွတ်လပ်စွာရောင်းချခွင့်မပြုသော်လည်း ဈေးကွက် ထိန်းကျောင်းနိုင်စွမ်းမရှိပေ။
ဤအခြေအနေတွင် ပြည်တွင်းရွှေစျေးကွက် နှင့် ရွှေစျေးနှုန်းကို ပိုမိုထိန်းချုပ် နိုင်ရန် လုပ်ငန်းလိုင်စင်ပြန်လျှောက်ရန်၊ ဘဏ်အာမခံကြေးပေးသွင်းရန် စည်းကမ်းသစ်ထုတ်လာခြင်းဖြစ်သည်။
ဘဏ်အာမခံကြေးပေးသွင်းရမည်ဟူသော သတ်မှတ်ချက်ကြောင့် ရွှေဆိုင်အသေးစားလုပ်ငန်းများ အခက်အခဲဖြစ်စေနိုင်သည်ဟု ရန်ကုန်မြို့မှ ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လိုင်စင်လျှောက်ရန် ရပ်ကွက်ထောက်ခံစာ၊ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ စသည့် စာရွက်စာတန်းတို့ကို ပြင်ဆင်ထားသည်၊ ရွှေဆိုင်ကြီးများ လိုင်စင်လျှောက်ထားမှုကို စောင့်ကြည့်နေရသည်ဟု သူက ဆိုသည်။
ဘဏ်အာမခံကြေးသွင်းရမည့်ကိစ္စကို အသေးစိတ်သိရှိနိုင်ရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းထံသို့ Myanmar Now က ဖုန်းဖြင့် ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။
လက်ရှိရွှေစျေးကွက်တွင် စျေးနှုန်းထိန်းချုပ်ကန့်သတ်ခြင်းနှင့် အဖမ်းအဆီးများကြောင့် အရောင်း အဝယ်ပါးနေပြီး အကယ်ဒမီအခေါက် ရွှေတကျပ်သားလျှင် ကျပ် ၆၁ ဝန်းကျင်ရှိသည်၊ ရန်ကုန်တိုင်းရွှေ အသင်းသတ်မှတ်ချက် စျေးနှုန်းမှာ ရွှေတစ်ကျပ်သားလျှင် ကျပ် ၅၃ သိန်းကျော်တွင် ရှိသည်။
စစ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းပြီး အထွေထွေကုန်စျေးနှုန်း တစ်ဟုန်ထိုးမြင့်တက်လာချိန် ရွှေဝယ်ယူစုဆောင်းသူများလာသည်။
တစ်ကျပ်သား ကျပ် ၁၃ သိန်း ကျော်သာရှိသည့် ရွှေဈေးမှာ အာဏာသိမ်းပြီး လေးနှစ်နီးပါးတွင် သိန်း ၆၀ ကျော်အထိ တက်သွားသည်။