သတင်း

ရွှေလုပ်ငန်းရှင် ၂၀ ကျော်ကို စစ်ကောင်စီဖမ်း၊ ထိပ်သီးလုပ်ငန်းရှင်များကို ဆက်ဖမ်းမည်ဟု ခြိမ်းခြောက်

ရွှေလုပ်ငန်းရှင်များကို ဖမ်းမည်ဟု စစ်ကောင်စီက ကြေညာပြီးနောက် ရန်ကုန်မြို့ရှိ နာမည်ကြီးရွှေဆိုင်တချို့တွင် ဆိုင်တံခါးများပိတ်ထားသည်။

ရွှေဈေးနှုန်း မတည်ငြိမ်အောင် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ရွှေလုပ်ငန်းလုပ်ကိုင်သူ ၂၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ရန်ကုန်နှင့် မန္တလေးမှ ထိပ်သီးရွှေဆိုင်ဆိုင်ပိုင်ရှင်များအပါအဝင် ရွှေလုပ်ငန်းရှင် ၁၀ ဦးကို ဆက်လက်ဖမ်းဆီးမည်ဟု စစ်ကောင်စီက ယမန်နေ့ (ဇွန် ၂) တွင် စစ်တပ်ထိန်းချုပ် သတင်းမီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်သည်။

မေလကုန်ပိုင်းတွင် ရွှေတစ်ကျပ်သား ၅၇ သိန်းကျော်အထိ စံချိန်တင်မြင့်တက်သွားပြီးနောက် ပွဲစားများနှင့် ရွှေအရောင်းအဝယ်လုပ်သူ ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးနေသည်၊ နောက်ကွယ်မှ ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင်လုပ်သူ ရွှေလုပ်ငန်းရှင် ၁၀ ဦးကို ဆက်လက်အရေးယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။

ဖမ်းဆီးအရေးယူမည့်စာရင်းတွင် မန္တလေးမြို့မှ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ရန်ကုန်မြို့မှ ဇွဲထက်ရွှေဆိုင်ပိုင်ရှင် ဦးဆန်းဝင်း၊ ဝိန့်စိန်ရွှေဆိုင်ပိုင်ရှင် ဦးအောင်ကောင်းမြတ်၊ ခရမ်းသုံးခွ ရွှေဆိုင်မှ ဦးသက်နောင်ဝင်း၊ အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်းမှ ဦးမျိုးသူဝင်းတို့ ပါဝင်သည်။

ထို့ပြင် စိန်ကျော်မိုးရွှေဆိုင်မှာ ဦးကျော်ငြိမ်း၊ ရွှေဇင်ဝင် ရွှေသန့်စင်လုပ်ငန်းမှ ဦးအေးကြူ၊ ပွဲစားဟုဆိုသည့် ဦးကျော်ဝင်း (ခ) ပန်းသီး၊ ဦးညီညီဦး (ခ) ချက်ကြီးနှင့် ဒေါ်တင်တင်နိုင် (စန္ဒာတင်) တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ထိုသူတို့ တိမ်းရှောင်နေသဖြင့် ဖမ်းဆီးအရေးယူရန် စီစဉ်နေသည်၊ လက်ရှိဖမ်းထားသည့် ရွှေလုပ်ငန်းလုပ်ကိုင်သူ ၂၁ ဦးကို ထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုကြေညာချက် ထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့ရှိ နာမည်ကြီးရွှေဆိုင်တချို့ ပိတ်ထားသည်ကို တွေ့ရသည်၊ အချို့ရွှေဆိုင်များသည် တံခါးတစ်ဝက်သာ ဖွင့်ပြီး ရောင်းချနေသည်ကို ယနေ့ (ဇွန် ၃) နံနက်ပိုင်းက မြင်တွေ့ရသည်။ ရွှေဆိုင်အများစုတွင်လည်း ‘အခေါက်ရွှေ၊ အပိုင်း၊ ဖြတ်စ မရောင်းပါ’ ဟူ၍ ဆိုင်ရှေ့တွင် စာကပ်ထားကြသည်။

စစ်ကောင်စီနှင့် နီးစပ်သည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဒေါ်သက်သက်ခိုင်ပိုင်ဆိုင်သည့် ရန်ကုန်မြို့ရှိ ရွှေနန်းတော် ရွှေဆိုင်တချို့မှာ ဆက်လက်ဖွင့်လှစ်ထားသည်ကို တွေ့ရသည်။

ပိတ်ထားသည့် ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်ကို ဇွန်လ ၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ − ကိုကံကောင်း)

ရွှေအပါဝင် အမေရိကန်ဒေါ်လာနှင့် အထွေထွေကုန်ဈေးနှုန်းကို အာဏာဖြင့် ထိန်းချုပ်ရန် ကြိုးစားသည့် စစ်ကောင်စီသည် ရွှေဈေးမြင့်တက်မှုကို မလိုလားသဖြင့် ရွှေလုပ်ငန်းရှင်များကို ဖမ်းဆီးခြင်းဖြစ်ကြောင်း ရန်ကုန်မှ ရွှေလုပ်ငန်းရှင်များက ပြောသည်။

ရွှေရောင်းဝယ်ရန် ကြောက်လန့်နေကြပြီး ဈေးနှုန်းအကျဘက်သို့ ရောက်သွားကြောင်း ရန်ကုန်မှ အမည်မဖော်လိုသည့် ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

မေ ၃၀ ရက်က ပြင်ပရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ၅၇ သိန်းကျော်အထိ မြင့်တက်ခဲ့ပြီး ဈေးပြန်လည်ကျဆင်းလာရာ ယနေ့တွင် ၅၂ သိန်းဝန်းကျင်ဖြင့် ဈေးဖွင့်မှုများရှိသည်ဟု ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

စစ်ကောင်စီ ထိန်းချုပ်မှုအောက်ရှိ ရန်ကုန်တိုင်းရွှေအသင်းရွှေဈေးမှာမူ မေ ၃၀ တွင် တစ်ကျပ်သားကို ကျပ်သိန်း ၄၀ အောက်သာရှိပြီး ယနေ့တွင် ၄၁ သိန်းကျော် ဈေးပြန်တက်လာသည်။ ထိုရွှေဈေးမှာ စစ်ကောင်စီ၏ ဗဟိုဘဏ်ဒေါ်လာဈေးဖြင့် တွက်ချက်ဈေးသတ်မှတ်ခြင်းဖြစ်ရာ တွက်ခြေမကိုက်သဖြင့် ရောင်းဝယ်မှုမရှိကြောင်း ရွှေဆိုင်ပိုင်ရှင်များက ဆိုသည်။

အခေါက်ရွှေကို ပြင်ပပေါက်ဈေးဖြင့် ရောင်းလျှင် ဈေးကစားသည်ဟုဆိုကာ ဖမ်းဆီးနိုင်၍ စစ်ကောင်စီက ဈေးမသတ်မှတ်သည့် ၁၅ ပဲရည်ရွှေကိုသာ ရွှေဆိုင်အများအပြားက ရောင်းဝယ်ကြောင်း သိရသည်။

မန္တလေးတွင် အချို့ဆိုင်များပိတ်ထားပြီး ဝယ်သူရှင်းနေကြောင်း၊ အရောင်းရပ်ဆိုင်းထားကြောင်း မန္တလေးမြို့၊ ဈေးချိုအနီးနေသည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။

“အခက်အခဲက အတော်ဆိုးတာပေါ့။ လုပ်ငန်းရှင်တွေလည်း အတော်ဒုက္ခရောက်တယ်။ ရွှေဈေးတက်လို့ ရွှေဆိုင်တွေ အရေးယူတယ် ဖမ်းတယ်ဆိုတာကလည်း တော်တော်ကိုမဖြစ်သင့်ပြီး ဆိုးတဲ့အခြေအနေပါပဲ” ဟု ၎င်းက ပြောသည်။

ရွှေဈေးနှုန်းစံချိန်တင်မြင့်တက်လာသည့် မေလကုန်တွင် ရွှေဆိုင်တချို့အရောင်းရပ်ထားပြီး ယနေ့တွင် အရောင်းနှင့် အဝယ်နှစ်မျိုးစလုံးရပ်ထားသည်ဟု မန္တလေးမှ တစ်ပိုင်တစ်နိုင်ရွှေဝယ်ယူစုဆောင်းသည့် အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့လို အများကြီးမဝယ်နိုင်တဲ့အတွက် လုပ်အားခလေးတွေ၊ ဈေးရောင်းအမြတ်လေးတွေနဲ့ တစ်ရွေးချင်းဝယ်စုသူတွေ အခုအရောင်းအဝယ်ရပ်လိုက်တော့ ဘာဆက်လုပ်ရမှန်းမသိတော့ဘူး။ ရွှေအပေါ်မှာ အများကြီးရင်းနှီးထားသူတွေ၊ ငွေမကိုင်ထားချင်လို့ ရွှေဝယ်ထားပြီး ပြန်အထုတ်ခက်နေသူတွေ အတော်အဆင်မပြေဖြစ်ကြတယ်” ဟု သူက ပြောသည်။

ဧပြီလဆန်းကလည်း ခွင့်ပြုချက်လက်မှတ်မရှိဘဲ ရွှေရောင်းဝယ်မှုအပါအဝင် ညွှန်ကြားချက်များလိုက်နာရန် ပျက်ကွက်သည်ဟု ဆိုကာ ရန်ကုန်မြို့မှ မောင်ကိန်း၊ နယူးတိုင်စင်၊ ခရမ်းသုံးခွရွှေဆိုင်များနှင့် မန္တလေးမှ ရွှေစင်ဝင်း၊ ရွှေမင်းသား၊ မန်းစံပယ်နှင့် မြန်မာရွှေ ရွှေလုပ်ငန်းများကို သတိပေးခြင်း၊ ယာယီလုပ်ငန်းရပ်ဆိုင်းခြင်းနှင့် လိုအပ်သည့်အရေးယူမှုများပြုလုပ်ခဲ့သည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အမေရိကန်ဒေါ်လာဈေးကွက်ကို ထိန်းချုပ်လိုက်သလို ဒေါ်လာဈေးနှုန်းနှင့်တွက်ချက်ဈေးဖွင့်သည့် ရွှေဈေးကွက်ကို လွတ်လပ်စွာရောင်းချခွင့်မပြုသော်လည်း ဈေးကွက်ကို ထိန်းကျောင်းနိုင်စွမ်းမရှိပေ။

ပြည်တွင်း၌ ရွှေဈေးနှုန်းတက်လာပါက ကောလာဟလနှင့် ဈေးကစားသူများကြောင့်သာဖြစ်ကြောင်း ဆင်ခြေပေးလေ့ရှိသလို ရွှေလုပ်ငန်းရှင်များကို ဖမ်းဆီးလေ့ရှိကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုသည်။

သို့သော် အခြားတစ်ဖက်တွင် မြန်မာကျပ်ငွေတန်ဖိုးဇောက်ထိုးကျဆင်းကာ အထွေထွေကုန်ဈေးနှုန်း တစ်ဟုန်ထိုးမြင့်တက်လာချိန် ရွှေဝယ်ယူစုဆောင်းသူများလာသည်။ ဈေးနှုန်းများလည်း ထိုးတက်လာပြီး အာဏာမသိမ်းမီ တစ်ကျပ်သား ကျပ် ၁၃ ကျော်သာရှိသည့် ရွှေဈေးမှာ အာဏာသိမ်းပြီး သုံးနှစ်ကျော်တွင် ကျပ်သိန်း ၅၀ ကျော်အထိ ခုန်တက်သွားသည်။

Show More

Related Articles

Back to top button