သတင်း

ဘန်ကောက်အနီး မဟာချိုင်ရောက် မြန်မာများ ဘတ်သိန်းချီငွေလိမ်ခံရ 

မြန်မာအလုပ်သမား ၁၅၀ ခန့်ကို အလုပ်သွင်းပေးမည်ဟုဆိုကာ ဝန်ဆောင်ခ အများအပြား ကောက်ယူပြီး ပျောက်ဆုံးနေသည့် အမျိုးသမီး ၂ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဝရမ်းထုတ်ထားသည်။

ထိုင်းနိုင်ငံ​တောင်ပိုင်း စမုဆာခွန်ခရိုင်၊ မဟာချိုင်မြို့ရောက် မြန်မာပြည်သား ၁၅၀ ခန့်ကို ထိုင်းအမျိုးသမီးနှစ်ဦးက အလုပ်အပ်ပေးမည်ဟု အယုံသွင်းပြီး  ဝန်ဆောင်ခ ဘတ်သိန်းချီ ကြိုတင်ရယူသွားကာ တိမ်းရှောင်နေသည်ဟု သိရသည်။

ထိုမြို့ရှိ ပစ္စည်းပို့ဆောင်ရေးလုပ်ငန်း Index Interfurn Company Limited တွင် အလုပ်လျှောက်ထားရန် ဝန်ဆောင်ခနှင့် စာရွက်စာတမ်းကြေးများ တောင်းယူ လိမ်လည်သွားခြင်းဖြစ်သည်ဟု ထိုင်းရောက် မြန်မာအလုပ်သမားရေးကူညီပေးနေသည့် AAC မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်ကြီးက ပြောသည်။ 

စာရွက်စာတမ်းပြည့်စုံသူများ ၃,၅၀၀ ဘတ်၊  မပြည့်စုံသူများ ဘတ် ၇,၀၀၀ စီ ပေးခဲ့ရသည်ဟု သိရသည်။ 

နိုဝင်ဘာ ၂၀ ရက်နေ့တွင် မြန်မာပြည်သားများ လုပ်ငန်းခွင်သို့ ရောက်သွားရာ ကုမ္ပဏီတာဝန်ရှိသူတို့က ထိုင်းအမျိုးသမီးနှစ်ဦးသည် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း၊  အစုအပြုံလိုက် ရောက်လာသူများကို အလုပ်ရုံထဲသို့ ဝင်ခွင့်မပြုကြောင်း ဦးခိုင်ကြီးက ပြောသည်။

“အလုပ်လက်ခံတာက သူတို့စက်ရုံနဲ့မဆိုင်ဘူးပေါ့နော်။ အဲ့တော့ မင်းတို့အားလုံး ဒီကနေ ထွက်ပေးရမယ်ပေါ့။ မထွက်ပေးဘူးဆိုရင် နောက် နာရီဝက်အတွင်း အာဏာပိုင်တွေနဲ့လာပြီး အတင်းမောင်းထုတ်မယ်ပေါ့။ အဲ့ဒီချိန်မှာအလုပ်သမားတွေအားလုံး တိုင်ပင်ပြီး ငြိမ်ငြိမ်လေးထိုင်ဆိုပြီးတော့ ၁၀ နာရီလောက်အထိ ထိုင်လိုက်တယ်” ဟု ၎င်းကပြောသည်။ 

အလုပ်သမားများက နယ်မြေခံ ထိုင်းရဲတပ်ဖွဲ့၊ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးများသို့ တိုင်ကြားရာ ထိုင်းဌာနဆိုင်ရာ အဖွဲ့စုံရောက်ရှိလာပြီး စစ်ဆေးကြသည်၊  နောက်တစ်နေ့တွင် အမှုလက်ခံခဲ့သည်ဟုလည်း ဦးခိုင်ကြီးက ပြောသည်။

အမှုတည်ဆောက်မည့် နယ်မြေခံရဲဌာနက  မည်သည့်အချိန်တွင်  တရားရုံးသို့  တင်မည်ကို  မသိရသေးကြောင်း၊ တရားရုံးတွင် အဆင့်ဆင့်စစ်ဆေးကြရာ လိမ်လည်ခံရသည့် ငွေကြေးပြန်ရရန် ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေအရ နှစ်နှင့်ချီကြာမြင့်နိုင်ကြောင်း ၎င်းက ပြောသည်။

အလုပ်ရလိုခြင်းကြောင့် မိသားစုဝင်သုံးဦးစာအတွက် ငွေကြေးပေးခဲ့မိသည်ဟု အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ 

“သူတို့ပိုက်ဆံပြန်မပေးရင် မရဘူးလေ။ ကိုယ့်မောင်နှမတွေက ဘေးမှာနေတယ်လေ။ သူတို့ကို ပိုက်ဆံပေးရမှာ (အကြွေးဆပ်ရမှာ)၊  အခုတော့ ဆပ်စရာမရှိဘူး။ ကျွန်မတို့မှာ ကလေးလည်းရှိတယ်လေ” ဟု  ထိုအမျိုးသမီးက ပြောပြသည်။ 

ဘန်ကောက်မြို့နှင့်  ကီလိုမီတာ ၄၀ ခန့် ကွာဝေးသော မဟာချိုင်မြို့တွင် ဖြစ်ပွားခဲ့သည့် ထိုအမှုနှင့် ပတ်သက်ပြီး အဆိုပါ ထိုင်းအမျိုးသမီးနှစ်ဦးကို ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းအခြေစိုက် Khaosod English သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ 

အမျိုးသမီးနှစ်ဦးသည် မြန်မာများထံမှ ဝန်ဆောင်ခနှင့် စာရွက်စာတမ်းကြေးကို ကုမ္ပဏီလုံခြုံရေးဂိတ်အနီးတွင် ကောက်ခံခဲ့သည်ဟု  Khaosod  က ရေးသည်။ အလုပ်ရရေး ဝန်ဆောင်ခ ပေးထားသူများ အလုပ်လုပ်ရန် ကုမ္ပဏီသို့လာရောက်သည့်အခါ ညပိုင်းအတွက်ခေါ်ယူခြင်းဖြစ်၍ အလုပ်မခန့်နိုင်ဟု ထိုအမျိုးသမီးများက ငြင်းဆိုသည်၊ အလုပ်သမားများက ငွေပြန်တောင်းချိန်တွင် တိမ်းရှောင်သွားသည်ဟုလည်း Khaosod သတင်းတွင် ဖော်ပြသည်။

မြန်မာတွင် စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးပြိုကျနေချိန် အလုပ်ကိုင်အခွင့်လမ်းရှားပါး၍ အိမ်းနီးချင်းထိုင်းနိုင်ငံသို့ တရားဝင်လမ်း၊ မှောင်ခိုလမ်းမှ အလုံးရင်းဖြင့် ဝင်ရောက်နေသော်လည်း ထိုင်းနိုင်ငံထဲတွင် အလုပ်မရသည့် အလုပ်သမားများစွာရှိနေပြီး ငွေကြေးလိမ်လည်မှုခံရမှုလည်း မကြာခဏဖြစ်ပွားနေသည်။ 

စမုဆာခွန်ခရိုင်တွင် အလုပ်လက်မဲ့ဖြစ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား သိန်းနှင့်ချီရှိနိုင်ပြီး  နီးစပ်ရာ မိတ်ဆွေများထံတွင် ခိုကပ်နေကြသည်၊  အလုပ်ရရှိရန်အတွက် ရှိစုမဲ့စုငွေကြေး အကုန်အကျခံ ရှာဖွေနေရသည်၊ တစ်ပြိုင်တည်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ပစ်မှတ်ထားသည့် လိမ်လည်မှုများရှိနေ၍ သတိထားသင့်သည်ဟု ဦးခိုင်ကြီးက မှတ်ချက်ပေးသည်။ 

“ကျွန်တော်တို့ အလုပ်သမားက ဆာလောင်နေတာ အလုပ်လေ။ အလုပ်လုပ်မှ ရပ်တည်နိုင်မှာဆိုတော့ အလုပ်သမားတွေက လနဲ့ချီပြီး အလုပ်လက်မဲ့ဖြစ်တော့ ခေါ်တယ်ဆိုတာနဲ့ အလုပ်လျှောက်ခွင့်ရရေး ပိုက်ဆံကြိုပေးပစ်လိုက်တာ” ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီလက်အောက်ခံ သံရုံးနှင့် အလုပ်သမားသံအရာရှိများကလည်း ပြည်ပရောက် အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်ပေးခြင်းမရှိကြောင်း၊ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်၍ ငွေရှာရန်ထွက်လာခဲ့ကြသော်လည်း အလုပ်လုပ်ခွင့်ရရန် ငွေပြန်ပေးနေရကြောင်း အလုပ်သမားအရေးလှုပ်ရှားသူများက ဆိုသည်။ ထိုင်းနိုင်ငံတွင် အထောက်ထားမဲ့နှင့် အထောက်ထားရှိသည့် မြန်မာအလုပ်သမားသန်းနှင့်ချီ အလုပ်လုပ်ကိုင်နေသည်။

Show More

Related Articles

Back to top button