ဆောင်းပါး

နှစ်နိုင်ငံ သဘောတူညီမှုဖြင့် လာသော်လည်း အလုပ်မရကြသည့် ထိုင်းရောက် မြန်မာများ

လျှပ်စစ်မီးပြတ်တောက်မှု၊ ဒေါ်လာဈေးနှုန်းမတည်ငြိမ်မှုနှင့် ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲကြောင့် သွင်းကုန်ကြမ်းများ ဈေးနှုန်းမြင့်တက်လာသလို စက်ရုံအများအပြား ရပ်ဆိုင်းမှုရှိကာ တစ်ပြိုင်တည်းတွင် ပြည်တွင်းအလုပ်အကိုင်ဆုံးရှုံးမှုများလည်း ကြီးမားလာသည်။

နိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ငွေကျပ် သိန်းဆယ်ချီ အကုန်ခံကာ နှစ်နိုင်ငံသဘောတူညီမှု (MoU) စနစ်ဖြင့် အေဂျင်စီများမှတစ်ဆင့် တရားဝင်စာချုပ်ချုပ်ဆို၍ လာရောက်သော်လည်း အလုပ်မရသူများရှိနေသည်။

MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်းကို စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန၏ ကြီးကြပ်ခွင့်ပြုမှုဖြင့် မြန်မာအေဂျင်စီများက ထိုင်းဘက်က အေဂျင်စီများနှင့် ချိတ်ဆက်ကာ ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်ဝင်ရန် စီစဉ်ပေးခြင်းဖြစ်သည်။

အလုပ်ဝင်ရမည့် စက်ရုံ၊ လုပ်ခလစာ၊ အလုပ်လုပ်ချိန်နှင့် အချိန်ပိုကြေး စသည့်အချက်အလက်များကို အေဂျင်စီနှင့် သဘောတူစာချုပ် ချုပ်ဆိုပြီးမှ လာရောက်ခဲ့သော်လည်း ထိုင်းစက်ရုံက အလုပ်မပေးသဖြင့် အလုပ်လက်မဲ့ဖြစ်နေကြခြင်းဖြစ်သည်။

ကိုဗစ်ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံသို့ တရားဝင်အလုပ်သမားစေလွှတ်ခြင်းကို ရပ်နားထားရာမှ အာဏာသိမ်း စစ်ကောင်စီလက်ထက် ၂၀၂၂ မေလမှစတင်ကာ မြန်မာ-ထိုင်း နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်စေလွှတ်ခဲ့သော်လည်း ကုစားနည်းမှာ အရာမရောက်ဘဲ ဖြစ်နေသေးသည်။

မခိုင်မာသည့် သဘောတူစာချုပ်

အလုပ်ဝင်ရမည့် စက်ရုံ၊ လုပ်ခလစာ၊ အလုပ်လုပ်ချိန်နှင့် အချိန်ပိုကြေး စသည့်အချက်အလက်များကို အေဂျင်စီနှင့် သဘောတူစာချုပ် ချုပ်ဆိုပြီးမှ လာရောက်ခဲ့သော်လည်း ထိုင်းစက်ရုံက အလုပ်မပေးသဖြင့် အလုပ်လက်မဲ့ဖြစ်နေကြောင်း MoU ဖြင့် လာရောက်သည့် ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်မှ မဇင်မာဦးက Myanmar Now ကို ပြောသည်။

“သေချာဆက်သွယ်ပြီးတော့ အဆက်သွယ်ကောင်းကောင်းနဲ့ မပို့ခဲ့လို့ပေါ့။ သူတို့ (အေဂျင်စီ) ပေါ့လျော့မှုကြောင့် ကိုယ်တွေမှာ ဒုက္ခရောက်တယ်။ အမှန်တကယ် သူတို့လက်ထဲ ပိုက်ဆံရရင်ပြီးရောဆိုပြီး လွှတ်လိုက်တာလည်း ရှိတာပဲ။ သူတို့ တာဝန်မယူဘူးလေ” ဟု ၎င်းက ဆိုသည်။  

ချုံပူရီမြို့နယ် CP Group ကြက်သားစက်ရုံတွင် အလုပ်ဝင်ရမည်ဟုဆိုကာ မြန်မာဘက်မှ People Diligence အေဂျင်စီဖြင့် စာချုပ်ချုပ်ဆို၍ ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် မြန်မာအလုပ်သမား ၂၄ ဦး လာရောက်ခဲ့သော်လည်း အားလုံး အလုပ်မရခဲ့ကြောင်း ၎င်းက ဆိုသည်။

စာချုပ်ပါစက်ရုံက အလုပ်မပေးသဖြင့် အေဂျင်စီဘက်က လုပ်ခနည်းသည့် ပုံနှိပ်လုပ်ငန်းတစ်ခုတွင် ထပ်သွင်းပေးသော်လည်း လုပ်ခလစာနည်းပါးခြင်း၊ အချိန်ပိုလုပ်အားခ မရခြင်းတို့ကြောင့် အလုပ်မှ ထွက်ခဲ့ကြောင်း၊ အခြားအလုပ်သမားများမှာ ရေသန့်ဘူးစက်ရုံ၊ ရေခဲစက်ရုံတို့တွင် အလုပ်လုပ်နေရပြီး အဆင်မပြေဖြစ်နေကြောင်း ၎င်းက ဆိုသည်။ 

ငွေတိုးရှာဖွေပြီး အေဂျင်စီကို ဝန်ဆောင်ခ ကျပ်ငွေ ၂၇ သိန်း ပေးသွင်းကာ လာရောက်ခဲ့သော်လည်း ထိုင်းဘက်က အလုပ်မပေးသဖြင့် အလုပ်သမားများနစ်နာကြောင်း CP Group ကြက်သားစက်ရုံတွင် အလုပ်လုပ်ရန် လာခဲ့ပြီး လက်ရှိ အလုပ်လက်မဲ့ဖြစ်နေသည့် ဇလွန်မြို့နယ်မှ မသန်းသန်းထွေးက ပြောသည်။ 

“စာချုပ်ချုပ်ပြီး လာခဲ့တာ။ အောက်လမ်းက လာခဲ့တာ မဟုတ်ဘူး။ ကိုယ်က တကယ်လို့ ပျက်ကွက်ခဲ့ရင် သူတို့တွေက (အလုပ်သမားအေဂျင်စီ) လျော်ကြေးတောင်းမှာပဲလေ။ ရွာမှာ အဲ့လိုမျိုး ဖြစ်တဲ့သူရှိတယ်။ ကျန်းမာရေးမကောင်းလို့ ပြန်လာတာကို နစ်နာကြေးပြန်ပေးရတာ။ လျော်ကြေးပေးရတာ” ဟု ၎င်းက ဆိုသည်။

ထိုင်းအစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားရုံးတွင် အလုပ်သမားမှတ်ပုံတင်လုပ်နေသည့် မြန်မာတစ်ဦး (ဓာတ်ပုံ EPA)

ခိုကိုးရာမဲ့ မြန်မာရွှေ့ပြောင်းများ

CP Group ကြက်သားစက်ရုံတွင် အလုပ်မရသည့် အလုပ်သမား သုံးဦးရှိပြီး ၎င်းတို့ကို ထိုင်းရောက် မြန်မာအလုပ်သမားအရေး လှုပ်ရှားသည့် AAC မဟာမိတ်အဖွဲ့က ကူညီပေးထားသည်။

အာဏာသိမ်းပြီးနောက် MoU စနစ်ဖြင့် မြန်မာအလုပ်သမား သောင်းနှင့်ချီ စေလွှတ်ခဲ့ပြီးဖြစ်သော်လည်း ထိုစနစ်၏ အခွင့်အရေးများ အပြည့်အဝမရသလို အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများရှိကြောင်း AAC မဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းက ပြောသည်။

“အလုပ်နေရာ မတူတာ၊ အလုပ်မရှိဘဲ ခေါ်သွင်းခံရပြီးတော့ အလုပ်လက်မဲ့ဖြစ်နေတာတွေ၊ နောက်ပြီး အလုပ်တော့ ရတယ်၊ အလုပ်ပုံမှန်မဆင်းရတွေ၊ အလုပ်တော့ ဆင်းရတယ်။ အလုပ်ပုံမှန်မဆင်းတာတွေ၊ လုပ်အားခ မရတာတွေ။ အလုပ်ကို ပို့မယ်ဆိုပြီး မပို့ဘဲ လမ်းဘေးမှာ စွန့်ပစ်ခံထားရတာတွေ စသည်ဖြင့် ပုံစံမျိုးစုံပဲ” ဟု ၎င်းက ဆိုသည်။ 

လွန်ခဲ့သည့်ခြောက်လအတွင်း ထိုအလုပ်သမားပြဿနာများနှင့် ပတ်သက်၍ အကူညီတောင်းခံခဲ့သည့် အလုပ်သမားဦးရေ ထောင်နှင့်ချီရှိပြီး အလုပ်လက်မဲ့ဖြစ်နေသူ အများအပြားပါဝင်ကြောင်း ကိုရဲမင်းက ဆိုသည်။

“အလုပ်ရုံက လူခေါ်တာက ၁၀၀ အဲဒီမှာ ပုံမှားတွေရိုက်ပြီးတော့ လူ ၅၀၀ လောက် ခေါ်သွင်းလာတယ်။ အဲဒါမျိုးစနစ်တွေနဲ့ အလုပ်တကယ်လိုအပ်ချက်မရှိဘဲ လိမ်ညာခေါ်တာခံရတဲ့၊ MoU စနစ်ကို အသုံးချပြီး လိမ်ညာခေါ်ခံရတဲ့ အလုပ်သမားတွေဖြစ်ပါတယ်။ အဓိကကတော့ အလုပ်မရတာ” ဟု သူက ဆိုသည်။

အလုပ်သမားအရေးလှုပ်ရှားသည့်အဖွဲ့များက ဥပဒေကြောင်းအရ အဖြေရှင်းနိုင်ရန်နှင့် အခြားအကူညီများ ပေးနေသော်လည်း အဖွဲ့အစည်းများကို ဆက်သွယ်ရန် လက်လှမ်းမမီသည့် အလုပ်သမားများစွာ ရှိကြောင်းလည်း ၎င်းက ဆိုသည်။ 

စစ်ကောင်စီက ၎င်းတို့ခွင့်ပြုထားသည့် အေဂျင်စီများကို ထိန်းကြောင်းကြီးကြပ်မှု အားနည်းခြင်းကြောင့် ချိုးဖောက်ခံရမှု ပိုများလာသလို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိများကလည်း ထိထိရောက်ရောက်မကူညီပေးဘဲ ခိုကိုးရာမဲ့ဖြစ်နေသည်ဟု အလုပ်သမားအရေးကူညီသူများက ဆိုသည်။

လျစ်လျူရှုထားသည့် မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိများ

MoU ဖြင့် လာသည့် အလုပ်သမား ၈၀ ကျော်သည် ၄ လကျော်ကြာ အလုပ်အကိုင်မရှိသဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၂ က စစ်ကောင်စီလက်အောက်ခံ ဘန်ကောက်ရှိ မြန်မာသံရုံးကို ဆန္ဒပြခဲ့ပြီး အေဂျင်စီများက တာဝန်ခံမှုရှိရန်၊ နစ်နာကြေးပေးရန် တောင်းဆိုခဲ့ကြသည်။

လက်ရှိ လာရောက်သည့်​ MoU အလုပ်သမားများ ၉၀ ရာခိုင်နှုန်းသည် စာချုပ်ပါအချက်များနှင့်အညီ အလုပ်အကိုင်မရကြောင်း၊ အလုပ်လက်မဲ့ဖြစ်နေသည့် MoU မြန်မာအလုပ်သမား ၃,၀၀၀ ထက်မနည်း ရှိနိုင်ကြောင်း ထိုင်းရောက် အလုပ်သမားအရေးဆောင်ရွက်သူ အမျိုးသားတစ်ဦးက ခန့်မှန်းသည်။

“အလုပ်သမားတွေက ဘာနဲ့တူလဲဆိုတော့ လူတစ်ယောက်ကို ပြည်တွင်းထဲကနေ ၁၈ သိန်းကနေ ၂၅ သိန်းအထိ ပေးပြီးတော့ ကိုယ့်ကိုယ်ကိုယ်ရောင်းစားခံနေရတာနဲ့ တူတယ်ဗျ” ဟု ၎င်းက ဆိုသည်။

အလုပ်လက်မဲ့ဖြစ်နေသူတို့သည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အခန်းငှားရမ်းနေထိုင်နေရပြီး နောက်ထပ် ခေါ်ယူမည့် အလုပ်ကို ပွဲစားများချိတ်ဆက်ကာကာ စောင့်ဆိုင်းနေကြရကြောင်း ၎င်းက ဆိုသည်။ 

အလုပ်အကိုင်ရရန် သေချာစွာစစ်ဆေးပြီးမှ စေလွှတ်ခြင်းဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အလုပ်မရသူအရေအတွက်မှာ တစ်ယောက်တစ်လေသာဖြစ်ကြောင်း ပြည်ပသို့ အလုပ်သမားပို့နေသည့် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုမှ အမည်မဖော်လိုသူ အုပ်ချုပ်မှုဒါရိုက်တာတစ်ဦးက ဆိုသည်။ 

“အကုန်လုံးက သူ့အလုပ်ရှိမှ လွှတ်တာကိုး။ ဟိုဘက်မှာလည်း စစ်ဆေးပြီးမှ လွှတ်တာပါ။ ဒါပေမဲ့ တချို့တလေက ဟိုဘက်က သူဌေးကြောင့်ပဲဖြစ်ဖြစ် ထိုင်းနိုင်ငံက အေးဂျင့်ကြောင့်ပဲဖြစ်ဖြစ် တစ်ခုတစ်လေရှိတယ်။ ဒါပေမဲ့ သတင်းမှာ တစ်ပတ်တစ်ခါဖြစ်ဖြစ် ထုတ်လိုက်တဲ့အခါကျတော့ အများကြီးလိုဖြစ်သွားတဲ့သဘောပါ” ဟု ၎င်းက ဆိုသည်။ 

ထိုပြဿနာဖြစ်လာလျှင် မြန်မာအေဂျင်စီဘက်မှ ဒါရိုက်တာ သို့မဟုတ် အုပ်ချုပ်မှုဒါရိုက်တာကိုယ်တိုင် သွားရောက်ဖြေရှင်းရပြီး အဆင်မပြေလျှင် မြန်မာသံရုံးအကူအညီရယူကာ ထိုင်းအာဏာပိုင်များထံ ဥပဒေကြောင်းအရ တိုင်းကြားရကြောင်း ၎င်းက ဆိုသည်။ 

MoU အလုပ်သမားများ အလုပ်အကိုင်မရသည့် အခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူနှင့် ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိ ၃ ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းနေသော်လည်း တုံ့ပြန်မှုမရသေးပါ။

ထိုင်းနိုင်ငံ ငါးဖမ်းလှေတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦးကို တွေ့ရစဉ်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအရေးကို မြန်မာအရာရှိတို့ လျစ်လျူရှုထားသည် (ဓာတ်ပုံ EPA)

အာဏာသိမ်းမှုဂယက် ပြည်ပထွက်

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် စီပွားရေးကျဆင်းလာသလို အလုပ်အကိုင်ရှားပါးမှုနှင့် စားဝတ်နေရေးခက်ခဲမှုကြောင့် မြန်မာလူငယ်အများအပြားသည် ထွက်ပေါက်တစ်ခုအဖြစ် နိုင်ငံခြားထွက်အလုပ်လုပ်ရန် ကြိုးပမ်းလာကြသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ တစ်နှစ်တည်းတွင် အလုပ်သမား ၁ ဒသမ ၆ သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ထုတ်ပြန်သည်။ ၂၀၂၂ ဩဂုတ်အထိ နှစ်လယ်ပိုင်းအထိ အလုပ်အကိုင်ဆုံးရှုံးမှုကို ဆက်လက်ခံစားနေရဆဲဖြစ်သည်။

ထို့ကြောင့် ထွက်ပေါက်အနေဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရသည့်နည်းဖြင့် ဝင်ရောက်လာကြသည်။ တရားဝင် MoU လမ်းကြောင်းမပွင့်မီက အိမ်းနီးချင်း ထိုင်းနိုင်ငံသို့ အောက်လမ်းမှ ငွေကြေးများစွာ အကုန်ကျခံကာ ဝင်ရောက်ကြသလို ယနေ့ထက်တိုင် ဝင်ရောက်မှုများရှိနေသည်။ တောတောင်များကို ဖြတ်ကျော်ကာ ထိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နယ်စပ်လမ်းကြောင်းများမှ ကုန်စိမ်းကား၊ အိမ်သုံးပစ္စည်းကားများတွင် ပုန်းခို၍ လူဦးရေပြည့်ကျပ်စွာ လိုက်ပါလာကြသည်။

ထိုင်းဘက်သို့ ရောက်ရှိချိန် အထောက်အထားမရမီ ခိုးကြောင်ခိုးဝှက်နေထိုင်ရပြီး အနည်းဆုံးလုပ်ခနှင့် အလုပ်သမားအခွင့်အရေး အပြည့်အဝမရသည့် လုပ်ငန်းခွင်များတွင် ဆင်းတောင့်ဆင်းရဲ ဝင်ရောက်ကာ မိသားစုများကို ငွေပြန်ပို့နိုင်ရန်ကြိုးစားကြကြောင်း အလုပ်သမားများက ဆိုသည်။

တရားဝင်လမ်းကြောင်းပြန်ပွင့်၍ မြန်မာအလုပ်သမားများဝင်လာသော်လည်း ချောမွေ့မှု မရှိသေးပေ။ အလုပ်မရသူများရှိနေသလို စက်ရုံများတွင် အဆင်မပြေ၍ အလုပ်ပြောင်းလိုသူများလည်း ရှိနေသည်။ ထို့သို့ပြောင်းရွှေ့လိုလျှင်လည်း လွယ်လွယ်ကူကူမရဘဲ အလုပ်ပြောင်းစာအတွက် အလုပ်သမားများက ငွေပေးနေရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်ကတ် (ပန်းရောင်ကတ်) ကိုင်ဆောင်ထားသည့် မြန်မာများ (ဓာတ်ပုံ EPA)

အလုပ်အကိုင်မရှိဘဲ သွင်းလာသည့် အေဂျင်စီများကို အရေးယူရန် လိုအပ်ကြောင်း ထိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ဆိုသည်။ 

“တချို့အလုပ်သမားတွေဆိုရင် လယ်ယာပိုင်ဆိုင်မှုတွေကို ပေါင်နှံရောင်းချပြီးတော့ လာကြတာ ဖြစ်တယ်။ တချို့ဆိုရင် အတိုးကြီးကြီးနဲ့ လာပြီးတော့ အလုပ်လုပ်စားနေတဲ့ အလုပ်သမားတွေရှိတယ်။ ဒါကြောင့်မို့လို့ အလုပ်အကိုင်မရှိဘဲ ထိုင်းနိုင်ငံထဲကို သွင်းလာတဲ့ MoU အေဂျင်စီတွေမှာတော့ တာဝန်ရှိတယ်” ဟု ၎င်းက ဆိုသည်။ 

ပြည်ပနိုင်ငံများသို့ တရားဝင်လမ်းကြောင်းမှ တစ်လလျှင် အလုပ်သမား ၃,၀၀၀ မှ ၅,၀၀၀ ကြား သွားနေ​ပြီး ထိုင်းနှင့် မလေးရှားသို့ အများဆုံးသွားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။

၂၀၂၁ အောက်တိုဘာ ၂၁ အထိ စာရင်းများအရ ထိုင်းတွင် တရားဝင်အထောက်အထားလက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားပေါင်း ၁ ဒသမ ၄ သန်းကျော်ရှိကြောင်း အလုပ်သမားအရေးဆောင်ရွက်သူတို့ထံမှ သိရသည်။

ပြည်ပရောက် အလုပ်သမားများ၏ လွှဲပို့ငွေသည် အိမ်ထောင်စုများနှင့် လူမှုအသိုင်းအဝိုင်းအတွက် အရေးပါသည်။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ ပြီးခဲ့သည့် ၂၀၂၂ တွင် အလုပ်သမားများ၏ ပြန်လွှဲငွေ ၂ ဒသမ ၂၅ ဘီလျံရှိပြီး ဂျီဒီပီ၏ ၂ ဒသမ ၉ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။

လက်ရှိတွင်လည်း မိသားစုစားဝတ်နေရေးကြောင့် ပြည်ပထွက်အလုပ်လုပ်လိုသူ များပြားနေဆဲဖြစ်ပြီး ပက်စ်ပို့တစ်ခုရရန် အရေးကြီးနေကြောင်း ဧရာဝတီတိုင်း မော်ကျွန်းမြို့မှ အမည်မဖော်လိုသည့် လူငယ်တစ်ဦးက ဆိုသည်။

“မိဘတွေနဲ့ ခွဲပြီးတော့ သူများနိုင်ငံမှာ သွားအလုပ်လုပ်ရတယ်ဆိုတာ မလွယ်ကူလှတဲ့အလုပ်တွေပဲ။ သူတို့နိုင်ငံသားတွေ မလုပ်ချင်တဲ့အလုပ်တွေကို ကိုယ်တွေနိုင်ငံသားတွေက လုပ်ကြရတာ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အဆင်ပြေနေမယ်၊ အလုပ်ကိုင်အခွင့်လမ်းကောင်းနေမယ်ဆို ဘယ်သူမှ မသွားချင်ဘူး” ဟု သူက ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button