သတင်း

လေတပ်တိုက်ခိုက်မှုကြောင့် ဆုတ်ခွာခဲ့သော ပုလဲမြို့မှ သုံ့ပန်းများရရှိဟု BNRA ဆို

၄ ရက်ကြာ ပုလဲမြို့ တိုက်ပွဲတွင် စစ်ကောင်စီတပ် စစ်ကူများ ပုလဲသို့ လေကြောင်းမှ ရောက်လာသည်၊ သုံ့ပန်း ၂၅ ဦး ရရှိခဲ့သည်ဟု ဗိုလ်နဂါး ဦးဆောင်သော BNRA အဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲ လေးရက်တာ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း လေကြောင်းပစ်ခတ်မှု၊ အင်အားဖြည့်တင်းမှုတို့ကြောင့် ဆုတ်ခွာခဲ့ရသော်လည်း စစ်ကောင်စီဘက်မှ သုံ့ပန်း ၂၅ ဦး ဖမ်းဆီးရမိခဲ့ သည်ဟု  ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က နိုဝင်ဘာ ၁၈ တွင် ထုတ်ပြန်သည်။ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် မိုင် ၃၀ ကျော်အကွာ ပုလဲမြို့ကို  အညာ ညီနောင်မဟာမိတ်များဖြစ်သည့် ဝက်လက်အခြေစိုက် Generation Army (GZ) နှင့် ရေစကြိုအခြေစိုက် Southern Yesagyo (SYSO) အဖွဲ့တို့နှင့်အတူ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းကစပြီး ထိုးစစ်ဆင်ခဲ့သည်ဟု BNRA က ဆိုသည်။

တိုက်ပွဲစတင်ပြီး နှစ်ရက်ခန့်အကြာတွင် ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ် စခန်းချခဲ့သည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးနှင့် မြို့မရဲစခန်းတို့ကို ထိန်းချုပ်ပြီး မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။ 

ပြန်ဆုတ်ခွာခဲ့ရသော်လည်း မြို့သိမ်းတိုက်ပွဲအတွင်း သေနတ် ၂၁ လက်နှင့် လက်နက်ခဲယမ်းများ ရရှိခဲ့သည်၊  ဖမ်းဆီးရမိသူများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားသည်ဟု BNRA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

BNRA ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ စစ်တပ်ကလည်း ပုလဲမြို့တိုက်ပွဲများအကြောင်း သတင်းအမှောင်ချထားသည်။

ဗိုလ်နဂါး ဦးဆောင်သည့် BNRA သည်   မြန်မာ့တော်ဝင်နဂါးတပ်တော်ကို အမည်ပြောင်းလဲဖွဲ့စည်းထားခြင်း ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မဟုတ်ဘဲ သီးသန့် ရပ်တည် လှုပ်ရှားနေသည်။ 

စစ်ကောင်စီ ခြေကုပ်ယူထားသည့် စခန်းများတွင် သဲအိတ်နှင့် သစ်သားတုံးများ ကာရံထားသည့် ဘန်ကာ (ကတုတ်ကျင်း)များ အခိုင်အမာပြုလုပ်ထားပြီး ထိုဘန်ကာများထဲမှာ ခုခံတိုက်ခိုက်ခဲ့သဖြင့် လက်ပစ်ဗုံး ပစ်သွင်းပြီး တိုက်ခိုက်ခဲ့ရသည်ဟု မြို့သိမ်းစစ်ဆင်ရေးတွင်ပါဝင်ခဲ့သည့် BNRA စစ်ဆင်ရေးတာဝန်ခံက ပြောသည်။ 

“(လက်ပစ်ဗုံး) ပစ်ထည့်မှသာလျှင် သူတို့ဘက်က ဒဏ်ရာရပြီးတော့ မပစ်နိုင်တော့တာ။  ကျွန်တော်တို့ အဲ့ဒီမှာလည်း သုံ့ပန်းတွေမိတယ်။ သေနတ်ကျည်ထိတာမဟုတ်ဘဲ အနီးကပ် လက်ပစ်ဗုံးဒဏ်ကြောင့် ကျွန်တော်တို့ အပြင်းအထန်ဆေးကုပြီးတော့ အရေးပေါ်ဆေးကုသမှုပေးထားရတာရှိတယ်”ဟု အထက်ပါ စစ်ဆင်ရေး တာဝန်ခံက ဆိုသည်။ 

စစ်ကောင်စီတပ်ဘက်မှအထိနာချိန်တွင် လေကြောင်းပစ်ကူများဖြင့် စစ်တပ်ခြေကုပ်စခန်းများ၏ အနီး ဝန်းကျင်ကို ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ပြောသည်။ 

“ သူတို့ဘက်က အထိနာတဲ့အချိန်မှာ လေယာဉ်က အဆက်မပြတ်ပဲ။ တစ်စီးတောင်ကြဲလို့ မပြီးသေးဘူး။ နောက်တစ်စီးရောက်လာတယ်၊ ဗုံးတွေကြဲတယ်”

မြေပြင်စစ်ကူဖြတ်တောက်ခြင်းအတွက် ပြင်ဆင်နိုင်ခဲ့သော်လည်း တံတားဦး၊ ရှမ်းတဲ၊ မကွေးနှင့် နမခ မှ တက်လာသည့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှု အကြိမ် ၇၀ ခန့်ပြုလုပ်ခဲ့ပြီး လေကြောင်းမှ စစ်ကူ အင်အားဖြည့်တင်းခြင်းတို့ကြောင့် လေးရက်မြောက်နေ့ (နိုဝင်ဘာ ၁၄ ရက်) ညနေတွင် ပြန်လည်ဆုတ်ခွာခဲ့ ရသည်ဟု ၎င်းက ဆက်ပြောသည်။

ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း BNRA တပ်ဘက်မှ   ၉ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်၊ ထိခိုက်မှု အများစုမှာ လေကြောင်းတိုက်ခိုက်ကြောင့် ဖြစ်သည်ဟု သိရသည်။ 

နိုဝင်ဘာ ၁၃ ရက်နေ့တွင် လေကြောင်းမှ အင်အား ၁၀၀ ဝန်းကျင် ဖြည့်တင်းခဲ့ပြီးနောက် စစ်တပ်က မြို့ပေါ်နှင့် မြို့ကိုဝင်ထွက်သွားလာရာ လမ်းကြောင်းပေါ်မှ  အလယ်ဘုံ နှင့် အေးကုန်းရွာတို့ကို မီးရှို့ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုက ဆိုသည်။ 

စစ်တပ်က ပုလဲနယ်မှ ကျေးရွာများကို စစ်ကြောင်းထိုးခြင်းမရှိသေးကြောင်း၊ လေကြောင်းမှတဆင့် အင်အားဖြည့်တင်းမှုအချို့ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက  နိုဝင်ဘာ ၁၇ တွင် ပြောသည်။ 

ပုလဲမြို့ပေါ်ရပ်ကွက်များနှင့် အနီး ဝန်းကျင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ၂၃,၀၀၀ ကျော်မှာ နေရပ်မပြန်ရဲသေးဘဲ ဘေးလွတ်ရာ  ရှောင်တိမ်းနေရဆဲဖြစ်သည်ဟု စစ်ရှောင်အရေးကူညီပေးနေသည့် စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ ပုလဲမြို့နယ်တာဝန်ခံ ကိုစိုပြေမင်းထင်က ပြောသည်။ 

 ချင်းညီနောင် စစ်ဆင်ရေး ဖော်ဆောင်နေသော ချင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က ပုလဲမြို့တိုက်ပွဲတွင် ပါဝင်ကူညီခဲ့သည်ဟု BNRA ထုတ်ပြန်ချက်က ဆိုသည်။ 

ချင်းညီနောင်အဖွဲ့

ချင်းညီနောင်အဖွဲ့မှာ ချင်းဒေသတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားတပ်မတော် (CNDF) ၊ ဇိုမီးဖက်ဒရယ် အစည်းအရုံး၊ မရာနယ်ကောင်စီ၊ ချင်းဒေသကာကွယ်ရေးအဖွဲ့ (ကန်ပက်လက်)နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (မတူပီ) တပ်မဟာ ၁ တို့ ပူးပေါင်း ဖွဲ့စည်းထားခြင်းဖြစ်သည်။ 

ချင်းညီနောင် စစ်ဆင်ရေး ((Chin Brotherhood Operation) အဖြစ် ဖလမ်း၊ မင်းတပ်မြို့မှ စစ်ကောင်စီ အခြေစိုက်စခန်းများကို နိုဝင်ဘာ ၉ ရက်နေ့မှ စတင်ပြီး တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ 

အမှတ် (၂၇၄) ခြေလျင်တပ်ရင်း အခြေစိုက်သည့် မင်းတပ်မြို့နှင့် အမှတ် (၂၆၈) ခြေလျင်တပ်ရင်း အခြေ စိုက်သည့် ဖလမ်းမြို့တွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး မြို့များကို လက်မလွှတ်ရရေး စစ်တပ် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဒေသခံများထံက သိရသည်။ 

ချင်းညီနောင်အဖွဲ့သည် အာရက္ခတပ်တော် (AA) နှင့်နီးစပ်ပြီး ပုလဲမြို့ သိမ်းစစ်ဆင်ရေးတွင် ပါဝင်သည့် GZA အဖွဲ့ မှာလည်း ရခိုင်ပြည်နယ် ထိုးစစ်တွင် AA နှင့်အတူ ပူးတွဲ တိုက်ခိုက်နေသည့် အဖွဲ့ဖြစ်သည်။ 

စစ်ရေး၊ လေ့ကျင့်ရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် GZA နှင့် BNRA တို့ အညာဒေသ မဟာမိတ်ညီနောင်အဖြစ် စက်တင်ဘာ ၁ ရက်နေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်။ 

ပုလဲမြို့သိမ်းစစ်ဆင်ရေးတွင် AA တပ်ဖွဲ့ဝင်များ ပါဝင်တိုက်ခိုက်ခဲ့သည်ဆိုသည့်သတင်းများ မဟုတ်မှန် ကြောင်း BNRA စစ်ဆင်ရေးတာဝန်ခံက တုံ့ပြန်သည်။ 

မြန်မာနိုင်ငံအလယ်ပိုင်းတွင် တော်လှန်ရေးကို ယခင်ထက်ပိုပြီး မြင်တွေ့လာရမည်ဖြစ်သည်ဟု အာရက္ခ တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီမီဒီယာနှင့် အင်တာဗျူးတွင် ပြောကြားထား သည်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် ပူးပေါင်းတိုက်ခိုက်ခဲ့သော GZ တပ်ဖွဲ့ဝင်တချို့ကို ယခုနှစ် မေလက တွေ့ရစဉ်။ (ဓာတ်ပုံ-Generation Z Army)

Show More

Related Articles

Back to top button