
စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် မန္တလေးတိုင်း မိုးကုတ်မြို့ တွင် လူစုလူဝေးများသည့် ကျောက်မျက်ပြပွဲများမလုပ်ရန်၊ ဆက်သွယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားရန် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)က တားမြစ်ထားသည်။
TNLA သိမ်းပိုက်ထားသည့် မိုးကုတ်မြို့ကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်ညတွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲပြီးနောက် တားမြစ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ပြည်သူ့အသက်နှင့် အိုးအိမ်များလုံခြုံရေးအတွက် မိုးကုတ်မြို့တွင်း အသုံးပြုနေသည့် CDMA ဖုန်းလိုင်း ဆက်သွယ်ရေးဝန်မှုလုပ်ငန်းများ၊ Star link အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းထားရမည်ဟု TNLA၏ မိုးကုတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်သည်။
ပတ္တမြားအပါဝင် မိုးကုတ်မြို့မှထွက်ရှိသည့် ကျောက်မျက်ရတနာကို ခင်းကျင်းပြသ ရောင်းလေ့ရှိသည့် ဆိုင်နှင့် နေရာများသည်လည်း လူစုလူဝေးဖြစ်ပေါ်စေသဖြင့် ပိတ်ထားရန်တားမြစ်ထားသည်။ ထိုတားမြစ်စာကို မိုးကုတ်မြို့အတွင်း ထင်ရှားသည့်နေရာများတွင် လိုက်ကပ်ကာ သတိပေးထားသည်ဟု မြို့ခံအမျိုးသား တစ်ဦးက ပြောသည်။
TNLAနှင့် မဟာမိတ်တော်လှန်ရေးတပ်များသည် ဇူလိုင် ၂၄ တွင် မိုးကုတ်မြို့ကို သိမ်းပိုက်ခဲ့ ခြင်းဖြစ်သည်။ ထို့နောက် မြို့အုပ်ချုပ်ရေးယန္တယားကို TNLAက အကောင်အထည် ဖော်ဆောင်ရွက်ခဲသလို တိုက်ပွဲကြောင့် တိမ်းရှောင်သွားသည့် မြို့ခံများမှာလည်း နေရပ်သို့ ပြန်လည်နေထိုင်လာကြသည်။
တော်လှန်ရေးတပ်၏ လက်အောက်တွင် ၄လတာ ကာလအတွင်း ဆေးရုံဆေးခန်းများနှင့် ကျောင်းများလည်း TNLAက ဖွင့်လှစ်ထားသည်။ ကျောက်မျက်ပြပွဲများ ပြန်လည်ဖွင့်လှစ်ခြင်းအပါအဝင် မြို့အခြေနေမှာ ပုံမှန်အတိုင်းလည်ပတ်နေစဉ် စစ်ကောင်စီ၏ ဗုံးကြဲမှုခံရခြင်းဖြစ်သည်ဟု အထက်ပ ဒေသခံက ဆိုသည်။
“လေးလလောက် ဗုံးလည်း ကြဲတာမရှိတော့ မြို့က တော်တော်ကိုစည်တာ။ ကံကောင်းတာက နေ့ဘက် မကြဲလို့။ ကျွန်တော်တို့ဆီမှာ ကျောက်ပြပွဲတွေဘာတွေရှိတယ်။ လူတွေက စုပြုံတိုးနေတာ။ ပုရွက်ဆိတ်အုပ်လိုကြီးပဲ အခုတော့ အဲဒီပွဲတွေလည်း ပိတ်လိုက်ပြီ”ဟု ၎င်းက ပြောသည်။
မြို့ခံအများစုမှာ တိမ်းရှောင်သူမရှိသေးသော်လည်း သတိဖြင့် နေထိုင်နေကြရသည်ဟု ၎င်းက ဆိုသည်။
နိုဝင်ဘာ ၁၁ ညပိုင်းက မိုးကုတ်မြို့ လယ်ဦးအုပ်စု၊ အထက်လယ်ဦးရပ်၊ ကသဲအုပ်စု၊ လူးထရပ်တို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၅ လုံးကြဲ၍ တိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုအတွင်း မိုးကုတ်မြို့ခံ ၉ ဦးသေဆုံးခဲ့ကြောင့် TNLAက နိုဝင်ဘာ ၁၂ တွင် ထုတ်ပြန်ထားသည်။ ထို့ပြင် ၂ လသားအရွယ် ကလေးငယ်တစ်ဦးအပါဝင် ၁၃ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၆၅ လုံးထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဆိုသည်။
မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ထပ်မံတိုက်ခိုက်လာနိုင်သည့် အန္တရာယ်ကြောင့် လူစုလူဝေးမဖြစ်အောင် ရှောင်ရန်နှင့် ဆက်သွယ်ရေးလိုင်းများပိတ်ထားရမည့်အမိန့်ကို မလိုက်နာပါက ထိရောက်စွာအရေးယူမည်ဟု TNLAက သတိပေးထားသည်။